ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဟံသာဝတီ ဦးဝင်းတင် ဖြစ်ရပ်များ၊ အမှတ်တရများ

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဦးဝင်းတင် သို့မဟုတ် ကတ္တီပါအုပ်ထားတဲ့ သံမဏိ


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဦးဝင်းတင် သို့မဟုတ် ကတ္တီပါအုပ်ထားတဲ့ သံမဏိ

(မိုးမခ) ဧပြီ ၆၊ ၂၀၁၆

“ခုရက်ပိုင်းတွေမှာ အထူးသတိအရမိဆုံးပုဂ္ဂိုလ်ကတော့ ဆရာဦးဝင်းတင်ကိုပဲ”ဆိုတဲ့ စိတ်ဟာ မိမိသာမက လူပေါင်းများစွာရဲ့ရင်ထဲမှာ ရှိနေမှာ မလွဲပါဘူး။ လွန်ခဲ့တဲ့ လပိုင်းလောက်ကမှ အမရပူရမှာနေစဉ်က
ဆရာကိုယ်တိုင် လက်မှတ်ထိုးပေးထားတဲ့ “ကွိ”စာအုပ်လေး ပိုးတွေထိုးပြီး ယိနေတာ တွေ့တော့လဲ
“ခုနေများ ဆရာရှိခဲ့ရင်..”လို့ အောက်မေ့မိသေးတယ်။ NLD အောင်ပွဲခြိမ့်နေတော့လဲ တစ်ခါ။ ဒီနေ့ပဲ လော့စ်အိန်ဂျလီမှာနေတဲ့ ကိုမျိုးနဲ့တွေ့တော့ “ဦးဝင်းတင် (၂)နှစ်ပြည့်ပတ်လည်လဲ နီးပြီနော်”
လို့ စပ်မိရာက ခု-ဒီမိုကရေစီခေတ်ဦးနဲ့ပါဆက်စပ်ပြီး အထူးကို သတိရလိုက်မိပြန်တယ်။

ဆရာနဲ့ စပြီးရင်းနှီးတာကတော့ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်ဘဝ မိမိက အမရပူရ တူမောင်းတိုက်မှာ တိုက်အုပ်စာချလုပ်နေစဉ်ကပါ။ စနေနေ့ ဟံသာဝတီ စာပေဝိုင်း၊ စနေညနေနဲ့ ညဦး တောင်လေးလုံး ကိုပညာကျောင်းမှာ၊ မိမိက သိချင်တာလေးမေး၊ဆရာက လေအေးလေးနဲ့ဖြေ၊
ကိုပညာက စကားထောက်ပေါ့။ ဆရာ့မျက်နှာနဲ့ စကားသံ,စကားလုံးသုံးတာတွေက တကယ့်ကို ကတ္တီပါသား၊ စိတ်ဓာတ်က တကယ့်သံမဏိ။

ဆရာနဲ့ နောက်ဆုံး အေးအေးဆေးဆေး စကားပြောခဲ့တာ ၂၀၁၃-ဧပြီ ၁၉-ရက်နေ့က  ဆရာ့ဖောင်ဒေးရှင်းအတွက် အလှူငွေသွားထည့်ရင်း(၂၅-သိန်းထင်ပါရဲ့)။

“နှစ်ဆန်း (၁) ရက်နေ့ကတော့ လူတွေက- မပြစ်မဲ့တဲ့ ငါးတွေကို စဥ့်အိုးထဲဖမ်းလှောင်ပြီး
စီးပွားရှာသူများကို အားပေးတဲ့အနေနဲ့ နောက်နောင် ငါးလေးတွေ ပိုပြီးအဖမ်းခံရရေး အားပေးကြတာ အတော်လေးစည်ကားတယ်ဆရာ၊ ကျုပ်တို့ကတော့- စစ်အာဏာရှင်တို့ တည်မြဲရေးအတွက် အပြစ်မဲ့ အဖမ်းခံနေရတဲ့ လူသားတို့လွတ်မြောက်ရေးပေါ့ ဆရာရယ်”ဆိုတော့ …

“ဒါက အရှင်ဘုရားတို့ တပည့်တော်တို့တာဝန်လေ.. ကိုယ်ကျိုး ကြည့်သူတွေက ငါးလွှတ်၊ နိုင်ငံအကျိုးကြည့်သူများက လူလွှတ်ပေါ့ ဘုရား..” တဲ့။

အရင်ရက်ပိုင်း ဆရာတင်မိုး (၆) နှစ်ပြည့်မှာ အေးအေးဆေးဆေး စကားမပြောဖြစ်ကြလို့ အဲဒီနေ့က အတော်ကြာလေးပြောဖြစ်တယ်။ ပွဲတစ်ခုအတွက် လာကြိုကြတဲ့ကလေးတွေ စောင့်နေကြလို့အားနာတာနဲ့ မိမိကပဲ  စကားဖြတ်ခဲ့ရတယ်။

ဘာလိုလိုနဲ့ လာမယ့်ဧပြီ(၂၁)ရက်ဆို (၂)နှစ်ပြည့်တော့မယ်နော်။

ဆရာ ရာ … သတိရလိုက်ထာဗျာ။

၃ ရက် ဧပြီ၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts