တွေ့ဆုံဆွေးနွေးခြင်းဆိုတဲ့ စကားရပ်အပေါ် ပြည်သူတွေအဖို့ ရင်တဖိုဖို မျှော်တလင့်လင့် အကောင်းမြင်အတွေးတွေနဲ့ ဖြည့်တွေး ဖော့တွေးထားသမျှ ရေဆုံမျှောခဲ့ရပြီလို့ ကောက်ချက်မချနိုင်သေး။ မျက်စေ့တမှတ် လျှပ်တပြိုက် ပြောင်းလဲနိုင် တဲ့သဘောအရ အချိန်ရှိသေး အချိန်မီနိုင်ပါသေးတယ်လေ။ နောက်ဆုံး သဘောင်္ ဥသြသံကြားရတဲ့အချိန်ထိ ဆိုပါစို့လား။ လိုက်မယ် မလိုက်ဘူးဆိုတာ အဖြေပေးရမှာက တယောက်ထဲပါလေ။
အရင့်အရင်လို အုတ်ရောရော ကျောက်ရောရောအနေအထား လူလူသူသူ မကွဲပြားနေတာ၊ ရောထွေးနေတာမဟုတ်တော့။ ၃ ကြိမ် ၃ ခါ တိုင်တိုင် တွေ့ဆုံပြီးတဲ့နောက် မြင်သာထင်သာတဲ့လုပ်ရပ်တွေ၊ ဖွင့်ဟပြောထွက်စကားတွေက အနာဂတ် မြန်မာနိုင်ငံအတွက် လူတဦး လူတစုက ချုပ်ထားတဲ့တပ်မတော်က သပ်သပ်၊ ဖယ်ဒရယ်ပြည်ထောင်စုသစ်ကြီးကို အတူတူ ပူးပေါင်းသွားကြမယ့် တိုင်းရင်းသားပြည်သူအပေါင်းတို့ကသပ်သပ် တသီးတသန့်ကြီး ကွဲပြားခြားနားသွားပါပြီ။
ဟုတ်နိုးနိုး ရင်တမောမောနဲ့ သမိုင်းဝင်ညကြီးကို တပင်တပန်းဖြတ်ကျော်ပြီးနောက် မနက်ရောင်ခြည်တောက်ချိန် ပထမဆုံး တွေ့လိုက်ရတာက အပြုံးကိုယ်စီမို့ ပြည်သူအားလုံးလည်း တပြုံးပြုံး၊ နုပျိုလတ်ဆတ်တဲ့ အပြုံး၊ သွက်လက်ချက် ချာတဲ့ အမူအရာတွေက ဒုတိယအကြိမ်တွေ့ဆုံပြီးတဲ့အထိအောင် ပြည်သူတရပ်လုံးရင်ခုန်သံကိုဆွဲယူ ဆုပ်ကိုင်ထားနိုင်တုန်း၊ အိပ်မက်တွေကို အသစ်အသစ်ဖြစ်စေနေတုန်း၊ အနှစ်နှစ်အလလ မျှော်လင့်တောင့်တနေတဲ့ဆန္ဒတွေက မရပ်မနား အရှေ့ကို တိုးလာနေသလို သတ်မှတ်ကုန်ဆုံးရက်နီးလာချိန် တွေ့ဆုံခဲ့တဲ့ တတိယမြောက်မှာတော့ အပြုံးတွေက ပြိုင်တူမဟုတ်တော့။ လိုချင်သူက အပြုံးနဲ့ တောင်းဆိုနေပေမယ့် အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ မလှဲနိုင်သူအဖို့ ဟန်ဆောင်အပြုံးတွေကို မတုန့် ပြန်လိုက်မိတော့ မောင်ဘိုနေမြဲ ကျာေးနမြဲ အဖြစ်အပျက်က စိတ်မချမ်းသာစရာ။
တကယ်တော့လဲ ဆိုခဲ့ ကြုံခဲ့တဲ့ဖြစ်စဉ်တွေကလည်း အထူးတလည် အဆန်းတကြည်မဟုတ်။ ရေကြည်လေးတပေါက်ကိုမှ အငမ်းမရ တောင်းတနေတဲ့ ဆာလောင်နေဆဲပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း အပြစ်ဆိုမရ။ သတိမမူ ဂူမမြင်ရအောင်လဲ နှစ်ပေါင်းများစွာ ကျောကော့အောင်ဒုက္ခပေါင်းစုံခါးစည်းခံလာခဲ့ရတဲ့ ပြည်သူတွေရဲ့ အမြင်က ဒုံးမဝေးတော့ပါ။ နောက်ကွယ် ကန်လန့်ကာနောက်က လူကြီးကိုလည်း ပြတ်ပြတ်သားသားထင်ထင်ရှားရှား တွေ့လိုက်ရပါပြီ။ ရှေ့ထွက် အသုံးတော်ခံ ကမား ရုပ်သေးရုပ်ကိုလည်း ရှင်းရှင်းလင်းလင်း သိရပါပြီ။
အခြေအနေက ကွက်ကွက်ကွင်ကွင်း ရှင်းလင်းတဲ့အနေအထားမှာ မေးခွန်းကလည်း တိုတိုနဲ့ ရှင်းရှင်းလင်းလင်း လေးပါ။ အချိန်ကလည်း မရှိတော့သလို အချိန်ကုန်မခံနိုင်တော့ မေးခွန်းကလည်း အတိုဆုံးလေး၊ သင်္ဘောကထွက်တော့မှာမို့ လိုက်မယ် မလိုက်ဘူး အဖြေဘဲ သိချင်ပါတယ်လေ။
ပြည်သူတရပ်လုံးကိုလည်း အကျိုးမပြု၊ ပြည်သူကလည်း လက်မခံတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အဓွန်ရှည် အသက် ဆက်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကလို မျက်စေ့စုံမှိတ် ကာကွယ်ဖက်တွယ်နေမယ့်အစား၊ အစဉ် အဆက် မပြတ် ဦးထိပ်ပန်လာခဲ့တဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ မလုံခြုံ မလုံလောက်တော့ တပ်မတော်မူ (၆) ချက်ကို ဆုပ်ကိုင်ပြီး မငြိမ်း ချမ်းနိုင်အောင် ထိုးစစ်ကြီးတွေ ဆင်နွှဲနေမယ့်အစား၊ ဧပြီ (၁) ရက်နေ့မှာထွက်တော့မယ့် တိုင်းရင်းသားပြည်သူတရပ်လုံးပါတဲ့ သင်္ဘောကြီးပေါ်လိုက်မလား နေရစ်ခဲ့မှာလား ဆုံးဖြတ်ဖို့က တပ်ချုပ်ကြီးရဲ့ သဘောဆန္ဒတခုထဲပါ။
အဆုံးအဖြတ်မေးခွန်းမေးတဲ့ ပြည်သူတရပ်လုံးရဲ့ဆန္ဒတွေကတော့ အကွေ့အကောက်၊ ပရိယာယ်မာယာမရှိ ပကတိရိုးရှင်း၊ တတိုင်းပြည်လုံးရှိ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးညီညီမျှမျှနဲ့ အေးအတူပူအမျှ အတူတူလက်တွဲနေထိုင် နိုင်မယ့် ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီးဆိုတဲ့ ပန်းတိုင်းအရောက် လှိုင်းထန်ထန် လေထန်ထန် ကြားထဲကနေ အရောက်ချီတက်ကြမယ်ဆိုတဲ့ အဓိဌာန်ပါပဲ။
“အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးလား … အမျိုးသားတစု အကျိုးစီးပွား ကာကွယ်ရေးလား …” ဆိုတာတော့ တပ် ချုပ်ကြီးရဲ့ အဖြေအပေါ် မူတည်ကောက်ချက်ချရမှတော့ အသေအချာ။
မောင်မောင်လတ် (ရွှေအင်းလေးစာပေ)