ကိုဖုန်းမော် အပါအဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ ကျဆုံးခဲ့တဲ့၊ တော်လှန်ရေး ပါဝင် ဆင်နွှဲခဲ့တဲ့ ကျောင်းသားနဲ့ လူထု၊ လူတန်းစားအသီးသီးထဲက အများစုဟာ မဆလ စစ်အာဏာရှင်ရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှုနဲ့ အဝန်းအဝိုင်း ကွန်ရက်ထဲမှာ ရောက်ရှိ ကျင်လည်ခဲ့ကြသူတွေချည်းပဲ ဖြစ်တယ်။ တော်လှန်ရေးအင်အားစုဟာ မဆလ အသိုက်အမြုံ တင်းပြည့်ပါတီဝင်၊ အရန်ပါတီဝင်၊ ပါတီမိတ်ဆွေ၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်စတဲ့ အမျိုးမျိုးသော အာဏာရှင် ဒေါက် တိုက်၊ ကျားကန် ပံ့ပိုးတဲ့ အစုအဖွဲ့ ယူနစ်ကလေးတွေက ပေါက်ဖွားလာခဲ့ကြတယ်။
ဗိုလ်ကြီးအုန်းကျော်မြင့်လို မဆလ စစ်ဗိုလ်ချုပ်ကြီးတွေကို တော်လှန်ဖို့ ကြံစည်ခဲ့ကြဖူးသူ ဗိုလ်ငယ်လေးတွေ အများဟာ လည်း အောင်စစ်သည်ဆုရ “Best Cadet” တွေ ဖြစ်ခဲ့တယ်။
ဒါပေမယ့် ရှစ်လေးလုံး ကာလ ဆန္ဒပြပွဲတွေမှာ ရေတပ်၊ လေတပ်နဲ့ ရဲတပ်ဖွဲ့ အစရှိတဲ့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ် လက်နက်ကိုင် အဖွဲ့အစည်းတွေတောင် ပြည်သူနဲ့ ပူးပေါင်း အာဏာရှင်နဲ့ မတရားမှုကို ဆန့်ကျင်ခဲ့ကြတယ်။
သန္ဓေမမှန်၊ တရားမဲ့တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင်ဖို့ရာ ဒီအာဏာရှင်စနစ် အဝန်းအဝိုင်းထဲကပဲ လာခဲ့တယ်။ အာ ဏာရှင်ရဲ့ တဖက်သတ် ဝါဒမှိုင်း၊ ရက်စက်တဲ့ ဖိနှိပ်မှု၊ အကြွင်းမဲ့အာဏာနဲ့ တည်ဆောက်ထားတဲ့ သံမဏိ အဆောက် အအုံ ကြီးဟာ တကယ်တော့ ထိခိုက်ကွဲရှလွယ် အခြေမခိုင်၊ ယိမ်းယိုင်၊ ပြိုကျပျက်စီးလွယ်တဲ့ ဖန်ပေါင်းချောင်ကြီးသာ ဖြစ်တယ်။
ဆိုချင်တာက သူ့လူ ဖြစ်အောင် အာဏာ၊ ဖိနှိပ်မှုတွေနဲ့ မှိုင်းတိုက်ခံရပေမယ့် ဘုရားသား၊ ကျောင်းသား၊ စစ်သား၊ လယ်သမား၊ အလုပ်သမား လူထုအများစုဟာ အာဏာရှင်လူမဖြစ်ဘဲ ကိုယ့်လူအဖြစ်၊ ပြည်သူ့ဘက်သား အဖြစ် စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ခဲ့တဲ့ သမိုင်း ရှိတယ်။
အခြားတဖက်မှာလည်း သတိပြုစရာအနေနဲ့ ကိုယ့်လူတွေက သူ့ဘက်သား အတွေးအခေါ် ဖြစ်သွားတတ်တာလည်း ရှိတယ်။ အာဏာရှင်စနစ် ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးမှုကြောင့် လူ့အဖွဲ့အစည်းမှာ အာဏာရှင်စနစ် ရဲ့ အတွေးအခေါ်၊ အယူအဆ၊ အမြင် တွေ စွဲဝင် စူးနစ် ကျန်ရစ် ဖြစ်တတ်ပုံ၊ အတွေးအခေါ် မှောက်မှား၊ ဖောက်လွဲဖောက်ပြန် ဖြစ်တာကိုလည်း ဆင်ခြင်နိုင်ရမယ်။
စိတ်ပညာရပ်သဘောအနေနဲ့ တခါတရံ ပြန်ပေးဆွဲခံရသူတွေဟာ သူတို့ကို အတင်းအဓမ္မ ပြန်ပေးဆွဲသူတွေရဲ့ အတွေး အခေါ်၊ ခံစားချက်နဲ့ လုပ်ရပ်တွေကို နားယောင် လက်ခံလာပြီး ပြန်ပေးဆွဲသူတွေ အပေါ် ပြန်လည် ထောက်ခံ၊ ကာကွယ်မှု ပေးတတ်တဲ့ အဖြစ်အပျက်မျိုးကို စတော့ဟုမ်း ရောဂါလက္ခဏာ လို့အမည်ပေးပြီး စိတ်ရောဂါအနေနဲ့ သတ်မှတ်လေ့ရှိတယ်။ ပြင်းထန် အင်အားကြီးပြီး ဝါဒဖြန့် ဦးနှောက်ဆေးမှုတွေ များပြားလှတဲ့ အာဏာရှင်စနစ်မှာလည်း တသဘောတည်းပဲ ဖိနှိပ်သူရဲ့ ဝါဒကို အဖိနှိပ်ခံရသူက မသိစိတ်က ဖြစ်ဖြစ် သက်ဝင် ယုံကြည် လက်ခံသွားတာဟာ ဖြစ်လေ့ ဖြစ်ထ ရှိတယ်။
ဒါကြောင့် လက်ရှိ ၂၀၁၆ ဒီမိုကရေစီအင်အားစုနဲ့ အရပ်သားအများစု ပါဝင်မယ့် အစိုးရသစ်၊ လွှတ်တော်ခေတ်စနစ် အပြောင်း အလဲမှာ သူ့လူတွေ ကိုယ်ဘက်သား အဖြစ် များများ ပြောင်းလဲစေဖို့ လုပ်ဆောင်ရမှာဖြစ်သလို ကိုယ့်လူတွေလည်း သူ့ ဘက်သား လုပ်ရပ်၊ သူ့ဘက်သား အတွေးအခေါ်၊ သူ့ဘက်သား အကျင့်တွေ မဝင်အောင် စွမ်းဆောင်ရမှာ ဖြစ်တယ်။
ဒီနေရာမှာ အရင်ဦးဆုံး အလုပ်သင့်ဆုံး အလုပ်တွေထဲမှာ ဖုန်းမော်နေ့ကို ဗမာနိုင်ငံလူ့အခွင့်အရေးနေ့ အဖြစ် တရားဝင် သတ်မှတ်ပြဋ္ဌာန်းဖို့ လွှတ်တော်မှာ အဆိုတင်သွင်းကြဖို့ပါ။ ကိုယ့်လူတွေ လုပ်ကြစေချင်ပါတယ်။ သူ့ဘက်သားတွေကို စည်း ရုံးပြစေချင်ပါတယ်။
လူ့အခွင့်အရေးပြည့်မီ၊ နိုင်ငံသားအခွင့်အရေးပြည့်ဝ၊ လူတန်းစေ့ တန်းမီ စီးပွား၊ ပညာ၊ ကျန်းမာ ရှာနိုင်တဲ့ ဘာသာ၊ လူမျိုး၊ အသားအရောင်၊ နောက်ခံ ဇာတိ မခွဲ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စု ဖြစ်ဖို့ရာ အခြေခံက လူ့အခွင့်အရေး သဘော ထားကို အခြေခံကျကျ နားလည်သဘောပေါက် လက်ခံကျင့်သုံးတတ်မှ ဖြစ်ပါမယ်။
၂၀၁၆ ခုနှစ်မှာ အစိုးရသစ်နဲ့ လွှတ်တော်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်နိုင်ခွင့်ရသွားခြင်း ကနဦး အကြောင်းနဲ့ အခြေခံအင်အားစုတွေဟာ ကိုဖုန်းမော်တို့လို ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေမှာ အသက် စတေးခဲ့ရတဲ့ ပြည်သူလူထု လူအများရဲ့ အသက်၊ သွေး၊ ချွေးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ကျေးဇူးကို သိတတ်တုံ့ပြန် သောအားဖြင့် ဗမာနိုင်ငံလူ့အခွင့်အရေးနေ့ကို တရားဝင် လုပ်ဖို့ သူ့ဘက်သား မဖြစ်မယ့် ကိုယ်လူ့တွေကို တိုက်တွန်းပါတယ်။
နိဂုံးချုပ်ရရင် ကနေ့ ဖုန်းမော်နေ့၊ ဗမာနိုင်ငံလူ့အခွင့်အရေးနေ့ ဒီမိုကရေစီနိုင်ငံရေးအင်အားစုများနဲ့ ပြည်သူများအားလုံး သူ့ဘက်သား အတွေးအခေါ်တွေ အကုန်အစင် ကင်းစင်စေချင်သလို အနာဂတ်မှာ သူ့လူ အားလုံးလည်း အမှန်တကယ် ဒီမိုကရေစီကို သက်ဝင်ယုံကြည်၊ လူ့အခွင့်အရေးကို မြတ်နိုးတဲ့ ကိုယ့်ဘက်သားတွေ ဖြစ်စေချင်ကြောင်း ဒီမိုကရေစီတော်လှန်ရေးခရီးကြမ်းတလျှောက် ကျဆုံးခဲ့တဲ့ ရဲဘော်အပေါင်းကို တိုင်တည် တောင်းဆိုလိုက်ကြောင်းပါ။
ငြိမ်းချမ်းအေး
မတ်လ ၁၃၊ ၂၀၁၆
(ဖုန်းမော်နေ့၊ ဗမာနိုင်ငံလူ့အခွင့်အရေးနေ့)