ဂါမဏိ – မြောက်ဘက်က စစ်ပွဲသစ် (ဘာသာပြန်ဆောင်းပါး)
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
တိုင်းရင်းသားအဖွဲ့ချင်းတိုက်ပွဲနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဗမာစစ်တပ်တိုက်ပွဲတွေ ပေါ်ထွက်လာလို့ ဖြစ်လာ တဲ့ လက် ရှိအကျပ်အတည်းဟာ ဧပြီလ ၁ ရက်နေ့မှာ စတင်အာဏာယူမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအတွက် ပထမဆုံးရှင်းရမယ့်လုပ်ငန်းဖြစ်မှာ သေချာသလောက်ရှိတယ်။ ဒီကိစ္စဟာ အစိုးရသစ်နဲ့ စစ်တပ် ဆက်ဆံရေး ကိုလဲ ပြောစရာဖြစ်လာလိမ့်မယ်။
ရှမ်းပြည်မြောက်ပိုင်းတလျှောက် ပျံ့နှံ့လာနေတဲ့ ပဋိပက္ခကြောင့် နိုဝင်ဘာလကစပြီး လူအများသေခဲ့ကြ၊ အရပ်သား ၄၀၀၀ ကျော် အိုးအိမ်စွန့်ဒုက္ခသည်ဘဝ ရောက်ခဲ့ရတယ်။ ဒီပဋိပက္ခမှာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (ရှမ်းတိုင်းရင်းသားတွေနဲ့ ဖွဲ့ထားတဲ့ RCSS) နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ပလောင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိပ်တိုက် ရင်ဆိုင်နေကြတယ်။
ဒီတိုက်ပွဲတွေက စစ်တပ်ရဲ့အကျိုးစီးပွားတွေကို အကျိုးပြုဖြည့်ဆီးနေတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ တကယ်တော့ စစ်တပ် ဟာ ပြီးခဲ့တဲ့နှစ်က အမွှာပူးခြိမ်းခြောက်မှုကို ရင်ဆိုင်နေခဲ့ရတယ်။ အဲဒါတွေကတော့ နိုင်ငံ့မြောက်ပိုင်းမှာ ယိုယွင်းဆုတ် ယုတ်လာနေတဲ့ စစ်ရေးအခြေအနေနဲ့ နေပြည်တော်မှာ သောင်ပြိုကမ်းပြို လူထုမဲဆန္ဒနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရ တဲ့အစိုးရ တက်လာမယ့်အခြေအနေတွေ ဖြစ်ပါတယ်။
ဒီလို သံတမန်ရေးနဲ့ လူသားချင်းစာနာရေးအကျပ်အတည်းဟာ NCA ရဲ့ ဗိသုကာတွေဖြစ်တဲ့ အစိုးရဘက်က စေ့စပ်ဆွေးနွေး ရေးခေါင်းဆောင် ဦးအောင်မင်းနဲ့ ဆွေးနွေးပွဲတွေကို အထောက်အကူပေးတဲ့ သူ့ရုံးအဖွဲ့ မြန်မာငြိမ်းချမ်းရေးစင်တာတို့ကိုရော၊ အနောက်တိုင်းက ငွေကြေးထောက်ပံ့သူတွေနဲ့ ချီးကျူးဂုဏ်ပြုသူတွေအတွက် မျက်နှာပျက်စရာဖြစ်စေတာ အံ့သြစရာ မရှိပါဘူး။ တကယ်တော့ အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်မထိုးခင်ကတည်းက ဒီစာချုပ်ဟာ တိုင်းပြည် ရေရှည် တည်ငြိမ် ငြိမ်းချမ်းရေးထက် နိုင်ငံရေးအကျိုးအမြတ် အကြောင်းတရားတွေအတွက် အစိုးရသတ်မှတ်ထားတဲ့ ရက်ချိန်းတခု ကိုမှီအောင် အတင်းတွန်းယူ ခဲ့တဲ့ မနူးမနပ်ဟင်းလျာတပွဲ ဖြစ်နေတာ ထင်ရှားခဲ့တယ်။
အဲဒီအကြောင်းတရားတွေဟာ အဲဒီအချိန်တုံးကရော အခုအချိန်မှာပါ လျှို့ဝှက်ချက် မဖြစ်ခဲ့ပါဘူး။ အကြောင်းတရားတခု ကတော့ နိုဝင်ဘာရွေးကောက်ပွဲအကြိုကာလမှာ သမတသိန်းစိန်အစိုးရကို အရောင်တင်ပေးဖို့ဖြစ်တယ်။ နောက်အကြောင်း တရားတခုကတော့ ဥရောပအစိုးရတွေကြားမှာ MPC ရဲ့ပုံရိပ်ကို မြှင့်ပေးဖို့ဖြစ်တယ်၊ အဲဒီဥရောပအစိုးရတွေဟာ ၂၀၁၁ ခုနဲ့ ၂၀၁၅ ခုအကြား MPC အဖွဲ့ရဲ့ဘဏ္ဍာတိုက်ထဲကို ဒေါ်လာငွေ သန်းချီပြီး ထည့်ဝင်ပေးခဲ့ကြသူတွေ ဖြစ်တယ်။
ရှေ့ပိုင်းမှာ ရက်ချိန်းအတော်များများ ပျက်ခဲ့ပြီးနောက် အခု “နောက်ဆုံးတကာ့နောက်ဆုံး” အောက်တိုဘာ ရက်ချိန်းဟာ အနောက်နိုင်ငံတွေ၊ နိုင်ငံတကာကငြိမ်းချမ်းရေးပွဲစားတွေအနေနဲ့ ရွေးကောက်ပွဲအလွန် အစိုးရသစ်မတက်ခင် လတချို့ကြာ အကူးအပြောင်းကာလအစမှာ သဘောတူချက်တခုကို ဘယ်လိုမျိုးသဘော တူညီချက်ဘဲဖြစ်ဖြစ် “လက်ဆုပ်လက်ကိုင်” ရဖို့ စိတ်အားထက်သန်မှုကိုလဲ ထင်ဟပ်နေတယ်။ သူတို့ ဆင်ခြေပေးတာက NCA ကို “စာအုပ်ဖွင့်” ထားမှာဖြစ်ပြီး နောက် ပိုင်းမှာ တခြားအဖွဲ့တွေက လာဝင်လို့ရမယ် လို့ဆိုတယ်။
၂၀၁၅ ခု အောက်တိုဘာ ၁၅ ရက်က လျော့တိလျော့ယဲတန်းစီနေကြတာကို တချက်ကြည့်လိုက်ရင်ဘဲ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ နောက်ပိုင်းမှာ ပါချင်လာလိမ့်မယ် ဆိုတဲ့အကြောင်းတရားကို သံသယရှိစရာ ဖြစ် နေတယ်။ ပါတဲ့အဖွဲ့အများစုဟာ စစ်ရေးအရအရေးမပါတဲ့ နှစ်ယောက်တပိုင်းတွေ ဖြစ်တယ်။ လေးဖွဲ့က ထိုင်းနယ်စပ်မှာအခြေစိုက်ပြီး ဘန်ကောက်က အာဏာသိမ်းစစ်တပ်ရဲ့ အတင်းဖင်တွန်းတာကို ခံနေရတယ်။ အထူးခြားဆုံးအချက်ကတော့ ဘယ်အဖွဲ့မှ ဗမာစစ်တပ်နဲ့ တကယ်တန်းတိုက်နေတာမရှိဘူး။
ဗမာပြည်ရဲ့ အဓိကတိုင်းရင်းသားတပ်တွေကတော့ ဘေးမှာရှောင်နေကြတယ်။ အဲဒီထဲမှာ တချို့ကတော့ တဖက်သတ် အပစ်ရပ်ထားပြီး တချို့ကတော့ တကယ့်စစ်မြေပြင်မှာ တိုက်နေကြဆဲဖြစ်တယ်။ အပစ်အခတ် ရပ်စဲရေးကို နိုင်ငံတကာ အသိအမှတ်ပြု တရားဝင်အောင်လုပ်ပြီးရင်၊ နိုင်ငံရေး စီးပွားရေးအာဏာခွဲဝေမှုတွေ မလုပ်ခင် လက်နက်ဖြုတ်သိမ်းရေးလုပ်ငန်း အရင်လုပ်ရမယ်ဆိုတဲ့ စေ့စပ်ဆွေးနွေးမှုတခုလုံးနောက်ကွယ်က ကမောက်ကမအဆိုပြုချက်ကြောင့် ဒီအဖွဲ့တွေက သံသ ယရှိနေကြတာဖြစ်တယ်။ ဒီ အာဏာခွဲဝေ လွှဲပြောင်းရေးပြဿနာရပ်တွေဟာ ဗမာပြည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီ ဖြစ်တဲ့ တိုင်းရင်းသားပဋိပက္ခရဲ့ အရင်းအမြစ်ဘဲဖြစ်တယ်။
● မဟာဗျူဟာမြောက်ကစားကွက်
အစောပိုင်းကတည်းက NCA ဘက်ကဝါဒဖြန့်သူတွေဟာ ဒီစာချုပ်ကြောင့် လက်မှတ်ထိုးသူတွေနဲ့ မထိုးသူ တွေကြား ကွဲပြု မှုတွေ ဖြစ်စေမယ်၊ တင်းမာမှုတွေ ကြီးထွားစေမယ်ဆိုတာကို ကောင်းကောင်းသိထားကြ တယ်။ ဒါပေမဲ့ သူတို့မမျှော်လင့် ခဲ့တာက လက်မှတ်ထိုးပွဲပြီးနောက် ရက်ပိုင်းအတွင်းမှာ အသစ်စက်စက် “တရားသင်းဖြစ်သွားတဲ့” RCSS က မဟာဗျူဟာမြောက်ကစားကွက်ရွှေ့မယ်လို့ မထင်ခဲ့ကြဘူး။ လက်မှတ် ထိုးအဖွဲ့တွေထဲမှာ လောက်လောက်လားလားလက်နက်ကိုင်အင်အားရှိတဲ့ တခုတည်းသောဒီအဖွဲ့ဟာ ထိုင်း နယ်စပ်မှာရှိတဲ့ အခြေခံစခန်းတွေကနေ မြောက်ပိုင်းကို တပ်ရွှေ့တာ၊ TNLA လွှမ်းမိုးထားတဲ့၊ ပလောင်နဲ့ ရှမ်း ရပ်ရွာနှစ်မျိုးစလုံးရှိတဲ့ ရှမ်းပြည်မြောက်ပိုင်းနယ်မြေကိုတပ်ရွှေ့တာကို တွက်မထားခဲ့ကြဘူး။
ဇန်နဝါရီလနှောင်းပိုင်းမှာတော့ စုစုပေါင်း ခန့်မှန်းခြေအင်အား ၆၀၀၀ လောက်ရှိတဲ့ RCSS ထဲက အင်အား ၁၅၀၀ လောက်ဟာ မိုင်ရာနဲ့ချီရွှေ့ပြီး အပစ်ရပ်စာချုပ် လက်မှတ်မထိုးခင်က စစ်သည် ၂၀၀ တောင်မရှိတဲ့ မြောက်ပိုင်းဒေသကို အင်အားဖြည့် ခဲ့ကြတယ်။ တရုတ်နယ်စပ်နား နမ့်ခမ်းနယ်မှာ နိုဝင်ဘာလနှောင်းပိုင်း မှာ တိုက်ပွဲတွေစဖြစ်လာပြီး နောက်ထပ်ရှမ်းစစ်ကူတွေ ရောက်လာတော့ တိုက်ပွဲတွေဟာ အနောက်ဖက် နမ့်ဆန်၊ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေကို ပျံ့သွားခဲ့တယ်။
နိုဝင်ဘာ ၂၇ ရက်မှာ ပထမဆုံးတိုက်ပွဲ ဖြစ်ကတည်းက ဗမာစစ်တပ်ဟာ ပလောင်နယ်မြေထဲဝင်လာတဲ့ ရှမ်း တပ်တွေကို ပို့ဆောင်ထောက်ပံ့ရေးအကူအညီနဲ့ လက်နက်ကြီးပစ်ကူတွေ ပေးနေခဲ့တယ်လို့ TNLA က စွပ်စွဲခဲ့တယ်။ TNLA အဖို့ မိမိရဲ့ လက်နက်ကိုင်တော်လှန်ရေးသက်တမ်းမှာ အဆိုးဆုံးထိခိုက်မှုတွေကို ကြုံခဲ့ရပုံပေါ်တယ်။ RCSS ခေါင်းဆောင် ယွက်စစ်က တော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့တယ်။
ဒါပေမဲ့ ငြင်းမရနိုင်တာက ဗမာစစ်တပ်ကလဲ TNLA နဲ့ဆန့်ကျင်ဘက်က မဲတင်းနေတဲ့အချက်ဖြစ်တယ်။ လက်နက်အပြည့်အစုံနဲ့ RCSS စစ်သား ၁၅၀၀ လောက် ဗမာပြည်ရဲ့အကြီးဆုံးပြည်နယ်ကို ဒီဘက်ထိပ်က ဟိုဘက်ထိပ်ရွှေ့တာ စစ်တပ်က တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်မှု မရှိဘဲမဖြစ်နိုင်ပါဘူး။ ဗမာစစ်တပ်ဟာ အဲဒီလမ်းတလျှောက်မြို့နယ်တိုင်းမှာ တပ်စခန်း တွေ ချထားတာဖြစ်တယ်။ အမှန်တကယ်လဲ ဇန်နဝါရီလလယ်ပိုင်းက လွတ်လပ်တဲ့သတင်းရင်းမြစ်တွေအရ RCSS တပ်ဖွဲ့တွေဟာ လမ်းမကြီးတွေ အတိုင်း သွားရုံတင်မကဘဲ ဗမာစစ်တပ်ရဲ့ ကားကြီးတွေနဲ့ ရွှေ့ပြောင်းခဲ့တယ်လို့ သိရတယ်။
● တိုက်ခိုက်ရေးအခွင့်အလမ်း
အတွေ့အကြုံရင့်ပြီး အင်မတန်လည်တဲ့ခေါင်းဆောင်ဖြစ်သူ ယွက်စစ်ဟာ တချက်တည်းနဲ့ RCSS ရဲ့ နိုင်ငံ ရေး စစ်ရေးသြဇာကို ရှမ်းပြည်နယ် အနောက်မြောက်ဘက်တလွှား ကျယ်ကျယ်ပြန့်ပြန့်ချဲ့ထွင်ဖို့အခွင့် အလမ်းကို ဆုပ်ကိုင်ခဲ့တယ်။ အဲဒီဒေသမှာ RCSS ရဲ့သြဇာဟာ နည်းနည်းလေးဘဲ ရှိ၊ ဒါမှမဟုတ် ရှိကို မရှိခဲ့လို့ ရှမ်းရပ်ရွာလူထုတွေဆီက ထောက်ခံမှုရအောင် လုပ်မှာဖြစ်တယ်။ အခုဆိုရင် ဒေသခံတွေကို စစ်မှု ထမ်းဖို့ စုဆောင်းနေပြီဖြစ်တယ်။ အမှန်ဘဲ လာမယ့်လတွေ နှစ်တွေအတွင်း RCSS ရဲ့ ပြည်နယ်အနှံ့သက် ရောက်တည်ရှိမှုဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှန်သမျှမှာ သော့ချက်ကျတဲ့ဇာတ်ကောင် ဖြစ်လာစေမှာဖြစ် တယ်။
ဗမာစစ်တပ်အတွက်လဲ စစ်ပွဲသစ်ရဲ့ အကျိုးကျေးဇူးတွေဟာ အများကြီးပိုကျယ်ပြောနေတယ်။ နိုင်ငံရေးအရ ဆိုရင် တောင် ပေါ်နေပလောင်လူထုနဲ့ ချိုင့်ဝှမ်းမြေပြန့်နေရှမ်းလူထုကြား လူမျိုးရေးတင်းမာမှုတွေ တရှိန်ရှိန် မြင့်တက်လာမှုဟာ ဗမာစစ် တပ် ဆယ်စုနှစ်ပေါင်းများစွာ မဖြစ်မနေလက်ကိုင်ပြုခဲ့တဲ့ တိုင်းရင်းသားတွေ အပေါ် သွေးခွဲအုပ်ချုပ်ရေးမဟာဗျူဟာကြီးကို အကျိုးဖြစ်နေတယ်။
လက်ငင်းမှာတော့ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ လတ်လတ်ဆတ်ဆတ်ရှမ်းစစ်သည် ရာပေါင်း များစွာကို TNLA ဆန့်ကျင်ရေး “ပျောက်ကျားကိုပျောက်ကျားနဲ့တိုက်” တဲ့စစ်ဆင်ရေးဆင်နွှဲဖို့ မြောက်ဖက် လွှတ်တဲ့ သောင်းကျန်းသူတိုက်ဖျက်ရေးလက်ခွဲပေးမဟာဗျူဟာဟာ အတော်ကြီးကို မနိုင်မနင်း မဆန့်ရင်ကာဖြစ်နေတဲ့ ဗမာစစ်တပ်အပေါ် တိုးမြင့်နေတဲ့ဖိအား လျော့ပါးသက်သာသွားစေခဲ့ပြီဖြစ်တယ်။ ၂၀၁၅ ခုနှစ်အစပိုင်းကတည်းက ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသမှာ စစ်ပွဲပေါက်ကွဲလာတဲ့အခါ ဗမာစစ်တပ်ဟာ နိုင်ငံ့မြောက်ပိုင်းတဝှန်းက ဆူပူသောင်းကျန်းမှုတသီကြီးကို ထိန်းနိုင်ဖို့ ကြိုးစား ရုန်းကန်ခဲ့ရတယ်။
ဒါပေမဲ့ ဒီမဟာဗျူဟာမှာ အန္တရာယ်လဲ ရှိနေပါတယ်။ လက်ရှိတိုက်ပွဲတွေကနေ TNLA နဲ့ မဟာမိတ်လုပ်ထားတဲ့ တခြားအဖွဲ့ တွေကိုပါ ဖိတ်စင်ပတ်သက်သွားနိုင်တဲ့ အလားအလာ အမှန်တကယ်ရှိနေတယ်၊ အဲ့ဒီ ထဲမှာ အင်အား ၂၀၀၀၀ ကျော်ရှိတဲ့ ဝ ပြည်ညီညွတ်ရေးတပ်မတော်ပါတယ်။ တရုတ်နိုင်ငံက အားပေး ထောက်ကူထားတဲ့ UWSA ဟာ စစ်တပ်နဲ့ မရေမရာ အပစ်အခတ်ရပ်စဲမှု ဆက်ရှိနေပေမဲ့ သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးလုပ်ထားတဲ့ “အထူးဒေသ” အခြေခံစခန်းဟာ ဗမာစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့အများအပြားအတွက် နောက်တန်းစခန်း၊ လက်နက်ခဲယမ်းရေ သောက်မြစ် ဖြစ်နေတယ်။ အထူးသဖြင့် ကိုးကန့်သူပုန်တွေနဲ့ TNLA အတွက် ဖြစ်တယ်။ TNLA ကျဆုံးပြိုကွဲမှုကို တားဆီးနိုင်ဖို့ လက်နက်အင်အားကောင်းတဲ့ UWSA အင်အားစုတွေ ဝင်စွက်လာရင် ပဋိပက္ခကို ပိုမိုဆိုးဝါးသွားစေနိုင်တယ်။
ဒါပေမဲ့ အဲသလို စစ်ရှိန်မြင့်တက်လာတာ ဖြစ်ဖြစ် မဖြစ်ဖြစ်၊ မြောက်ပိုင်းက စစ်ပွဲနဲ့ တိုင်းရင်းသားတင်းမာမှုဟာ အဓိကကျ တဲ့ဆုံချက်တခုကို အလေးပေးထောက်ပြနေတာဖြစ်တယ်၊ ဒီဆုံချက်ကတော့ ဗမာစစ်တပ် သည်သာလျှင် ပစ်ပယ်လို့မရနိုင်တဲ့ တည်ငြိမ်ရေးအာမခံသူ၊ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပြိုကွဲမှု” အန္တရာယ်ကို အကောင်းဆုံးကာကွယ်သူဆိုပြီး စစ်တပ် ရဲ့အချက်အခြာအခန်းကဏ္ဍကို လူအများစိတ်ထဲစွဲ နေအောင် ပြပေးနေတာ ဖြစ်တယ်။
လာမယ့်အစိုးရသစ်က ဗမာနိုင်ငံရဲ့ ဖွတ်ဖွတ်ကြေနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း နာလံပြန်ထအောင် ဘယ်လို ကြိုးပမ်း ချက် တွေ လုပ်လုပ်၊ ဒီ ပူပူနွေးနွေးချမှတ်ထားတဲ့ အကန့်အသတ်တွေထဲကဘဲ မလွဲမရှောင်သာသွား ရမှာ ဖြစ်တယ်။
ဂါမဏိ ဘာသာပြန်သည်။
(ဂျိန်းကာကွယ်ရေးနှင့်ထောက်လှမ်းရေးစာစောင်မှ ဘန်ကောက်အခြေစိုက် လုံခြုံရေးအတိုင်ပင်ခံနှင့် လေ့လာသုံးသပ်သူ အန်ထော်နီဒေးဗစ္စ၏ ဖေဖော်ဝါရီ ၂၆ ရက် ဆောင်းပါး)