အီကြာအော် – ဖွတ်ကလေး၊ အီကြာအော်နှင့် ပတ်ပြေးဆေးရုံ ဇီးသီးဗန်းမှောက်ပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
ခက်သေးရွာကြီး၏ ယုန်ကန်ဆေးရုံကြီးတွင် အရေးပါအရာရောက်သော အစောင့်မှူးရာထူးရထားသည့် ဖွတ်ကလေးတယောက် ရင်ပတ်မှာ ဖဲကြိုးအနက် တပ်၍ တက်ကြွသော ကြက်ဖကြီး တကောင်ပမာဖြင့် အီကြာအော်၏ အိမ်သို့ပေါက်ချ လာလေတော့သည်။
”ဟေ့ကောင် ဖွတ်ကလေး မင်းကြည့်ရတာ မြောက်ကြွမြောက်ကြွနဲ့ ဘာတွေ လုပ်နေတာလဲ’
”ဒါက ဒီလိုရှိတယ် ဆရာအော်ရဲ့”
”ဘယ်ဟာက ဘယ်လိုရှိနေတာလဲ ။ ရှင်းစမ်းပါဦး”
လူနာများပြီး ဝန်ထမ်းနည်းသဖြင့် ယုန်ကန်ဆေးရုံကြီးတွင် အလုပ်လုပ်ရသူများလည်း မချောင်ပါ။ စာရိတ်မျှပေးတုန်းကမှ နည်းနည်းတော်သေးသည်။ ယခုကာလမှာကား အလကားကုသည် ဆိုသည်ကြောင့် ဝန်ထမ်းများ ကားနေအောင် လုပ်ရသည်။ သည်ကြားထဲ ဖွသူရဲများနှင့် တွေ့ရင်လည်း မချောင်ပေ။ ခေတ်ကိုက အလုပ်မရှိ ဆယ်လ်ဖီဖွ ဖွကြသည် မဟုတ်ပါလား။
”ဒါနဲ့ နေပါဦးကွ ဖွတ်ကလေးရ ၊ ဟိုတလောက ဆေးရုံဆောက်အုတ်မြစ်ချတာ အဲဒီ ပတ်ပြေးဆေးရုံ မဟုတ်ဘူးလား”
”ဟုတ်ပါ့ ဆရာအော်ရေ ။ အခု ကျုပ်တို့ ယုန်ကန်ဆေးရုံကြီးက ဆရာဝန်တွေ ဝန်ထမ်းတွေ အားလုံး အဲဒီ ပတ်ပြေးဆေးရုံကို ဆက်မဆောက်ဖို့ ဝိုင်းပြီး ဆန္ဒပြကြမလို့”
”အဲဒီ ပတ်ပြေးဆေးရုံက ဘာလို့ ယုန်ကန်မှာ လာဆောက်တာလည်း ဖွတ်ကလေးရဲ့….”
“တလောက ရွာလူကြီးဦးဗြောင်တောင်းတယောက် လေဖြတ်ပြီး ဆုံးသွားသေးတယ်မဟုတ်လား…ဆရာအော်”
“အေးကွ ဦးဗြောင်တောင်းက ရွာ့မေတ္တာ ခံယူသွားတာကိုး ၊ သူနေမကောင်းတော့ စူကာပင်က ပတ်ပြေးဆေးရုံဆီပြေးသွားသေးတယ် မဟုတ်လား”
”ဟုတ်ပါ့ ဆရာအော်ရေ ၊ ရွာလူကြီးတွေလည်း ဦးဗြောင်တောင်းလို ဗြောင်တောင်းရရင် အဲ ဟုတ်ပါဘူး လေဖြတ်၊ လိပ်ခေါင်းထွက်၊ ဂရင်ဂျီနာဖြစ်ဆို စူကာပင်ရွာကို ပတ်ပြေးစရာ မလိုတော့အောင်တဲ့”
”ဟာကွာ ရွာလူကြီးတွေ ပတ်မပြေးချင်ရင်လည်း နေပူတော်ရပ်ကွက်မှာ မြေတွေ ပေါမှပေါ ..၊ ယုန်ကန်ဆေးရုံကြီးနား သွားဆောက်ရတယ်လို့ ကွာ..၊ လိပ်ခေါင်းထွက်ရင် နေပူတော်မှာထွက်လည်း ရတာပဲဟာကို”
”မြေငှားခကလည်း ၂ ပြားတပဲနဲ့တဲ့ ဆရာအော်ရဲ့”
”မင်းကလည်းကွာ တို့ ခက်သေးရွာလူကြီးတွေက ရွာစီမံကိန်းဆိုတာ သူတို့အိပ်ကပ်ထဲ ထည့်စရာပဲလေ ၊
စာရင်းစစ်တောင် မလိုဘူး၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေသွားကြည့် နာမည်တွေနဲ့ ခိုးထုပ်ခိုးထည် သက်သေခံ ပစ္စည်းတွေ မှတ်တမ်းတင်တွေ အများကြီးပဲ တို့ ခက်သေးရွာလူကြီးတွေရတဲ့ တရားဝင် လခဆိုရင် ပတ်ပြေးဆေးရုံမှာ တရက်တောင် တက်နိုင်စရာ မရှိဘူး”
”အခုတော့ ကျန်းရေးဝန်ကြီးဌာနကလည်း ပတ်ပြေးဆေးရုံကို သူတို့ခွင့်ပြုတာ မဟုတ်ဘူးတဲ့ လက်ရှောင်နေတယ်”
”ဒါဆို ဘယ်ရွာလူကြီးက ဇီးသီးဗန်းမှောက်ပြီး ခွင့်ပြုတာလဲ၊ တို့ ခက်သေးရွာကလည်းကွာ….. တခုခု ဆိုရင် လက်သည်က မပေါ်တော့ဘူး ၊ ဇီးသီးဗန်းတွေကလည်း ရွာလူကြီးပြောင်းပွဲမတိုင်ခင် ဆွဲမှောက်လိုက်သမှ ပက်လက်လန်စရာတွေချည်းပဲ”
”ဘပြောင်တို့ ဇီးသီးဗန်းမှောက်အဖွဲ့က သူတို့ရွာလူကြီးတွေမဆင်းခင် ရှိသမျှမြေကွက်တွေ စီမံကိန်းတွေ အပြောင် ရှင်းပေးခဲ့တာတဲ့ ဆရာအော်”
”အေးကွာ တော်တော်လေး မှောက်နိုင်တဲ့သူတွေပဲ ၊ သူတို့ထက်မှောက်တဲ့သူ အဲ သူတို့ထက် ပြောင်တဲ့သူတောင် သူတို့လောက် မပြောင်ဘူးထင်တယ် ၊ အေးလေ ပြောင်တောင်းတို့အဖွဲ့ကိုး”
”ဟုတ်ပါ့ ဆရာအော်ရယ် …..၊ပြောင်တောင်းအဖွဲ့ကနေ ပြောင်ရောင်းအဖွဲ့ဖြစ်သွားတော့ ခက်သေးရွာကြီးလည်း ပြောင်သလင်းခါသွားတာပေါ့”
”အေးကွ ရွာလူကြီးတွေက ”တို့အဘိုး အဘ အမွေအနှစ်မို့ ” ဆိုပြီး ခက်သေးရွာကြီးကို ချစ်မြတ်နိုးနေတာ ယောက္ခမသေ အမွေရသလိုသလိုပဲကွ…၊
နေပါဦး…..၊ပတ်ပြေးဆေးရုံကြီးဆောက်ဖြစ်ရင် ဘယ်သူတွေ တက်နိုင်မှာလည်း၊
ရွာလူကြီးတွေနဲ့ ဆွေတော်မျိုးတော်အပေါင်း ခိုနီတို့လိုကောင် ရွာပျက်သူဋ္ဌေးတွေပဲ တတ်နိုင်မှာပေါ့ ၊
မင်းတို့ငါတို့လို လက်လုပ်လက်စား နေ့စား၊လစားတွေ ပတ်ပြေးဆေးရုံနားမှာ ပတ်ပြီးပြေးရုံပဲ တတ်နိုင်မယ်”
”အဟုတ်ပဲ….. ဆရာအော်ရေ”
”ငါ့လည်း ဖဲပြားအမဲ ရင်ထိုးတခု ပေးကွာ၊ ဒီကောင်ပတ်ပြေးအုပ်စုတွေ ပတ်ပြီးပြေးသွားအောင်လို့ ငါပါ မင်းတို့နဲ့ ဆန္ဒ လိုက်ပြမယ်”
တန်းစီ တိုးစားခေတ်တွင် မွေးခဲ့သူမို့ တန်းစီဆန္ဒပြလျှင် ၂ ခါခေါ်စရာ မလိုသော အီကြာအော်က ပတ်ပြေးဆေးရုံ မြေထိုးရောင်းပွဲကို ဆန့်ကျင်သည့် တော်လှန်ရေး စိတ်ဖြင့် လက်သီးလက်မောင်းတန်းလိုက်လေသည်။
ထိုစဉ်အခါတွင် ဒေါ်အွန်မေးက အိမ်ရှေ့သို့ ရောက်လာသဖြင့် အီကြာအော်က လက်သီးလက်မောင်းကို ပြန်လျှော့လိုက်ကာ သတိအနေအထားဖြစ်သွားသည်။ အခန့်မသင့်လျှင်ကား ပတ်ပြေးအုပ်စု မပြေးခင် သူကိုယ်တိုင် ပတ်ပြေးသွားရနိုင်သည် မဟုတ်ပါလား။
”ရှင်တို့ ဆရာတပည့် ၂ ယောက် ဘာတွေ အတိုင်အဖောက်ညီနေကြတာလည်း၊
ကိုအော်…..
ရှင်လည်း ကန်တော်ကြီးကိုသာ မှန်မှန် ပတ်ပြီးပြေးရင် ရွှဲပြီးဗိုက်ပူတာလည်း ကျသွားမှာပေါ့၊
ပတ်ပြေး ဆေးရုံပဲဖြစ်ဖြစ၊် ပန်းကိုင်ဆေးရုံပဲဖြစ်ဖြစ် ကျုပ်တို့လူတန်းစားနဲ့ မဆိုင်ပါဘူး..၊ ရွာလူကြီးတွေ သူတို့ဖာသာ လိပ်ခေါင်းခွဲခွဲ၊ စအိုကို သားရေကွင်းပစ်ပစ် ကျုပ်တို့အတွက်က ကျန်းမာရေး လိုက်စားမှဖြစ်မယ်”
လိပ်ခေါင်းရောဂါ ဖြစ်ဘူးပြီး သားရေကွင်းအပစ်ခံထားဘူးသော အီကြာအော်လည်း ဒေါ်အွန်မေး၏ သားရေကွင်းသံကြောင့် တွန့်ကနဲ ဖြစ်သွားသည်။
”အေး မင်းပြောတာ ဟုတ်တယ်အွန်အွန်ရေ…၊ ပတ်ပြေးဆေးရုံလုပ်မဲ့နေရာမှာ တို့လို သာမာန်လူတန်းစားတွေ လည်ပတ်ပြီး ကလေးတွေ ပြေးလွှား ဆော့ကစားလို့ရတဲ့ ပြည်သူ့ပန်းခြံလုပ်ရင် ကောင်းမှာပဲ၊
အခုတော့ တို့ခက်သေးရွာမှာ ရွာလူကြီးတွေ ပြောင်ရောင်းလုပ်စားသွားတာနဲ့ ပန်းခြံဆိုတာက မူးလို့တောင် ရှူစရာမရှိတော့ဘူး”
ဤသိုဖြင့် အီကြာအော်က ဒေါ်အွန်မေးအား ထုံးစံအတိုင်း အပြည့်အဝ ထောက်ခံစကား ပြောကြားပြီး ပတ်ပြေးဆေးရုံဆန့်ကျင်ဆန္ဒပြအရေးကို ထောက်ခဲမဲအပြည့်ဖြင့် အိမ်တွင်း ဆွေးနွေးပွဲကို အောင်မြင်စွာဖြင့် ရုတ်သိမ်းလိုက်လေသတည်း။ ။
ဆရာအီကြာအော်ရေ ကျုပ်ကြားရသလောက် မုံ့ဟင်းသည်ယောင်ယောင် စိန်တလုံးဆိုလား စပပ်ယား [Sapphire] ဆို လားသရက်သီြး ခံပိုင်ရှင် ယောင်ယောင် ပြည်သူ့စစ်ခေါင်းခေါင် ပြောင်ကြီးက “ဟေ့ကောင်တွေ ဇီးဗန်းမှောက်လို့ကောက်ရတာကြာတယ်-ဗန်းလိုက်သာ မခဲ့ကြ လို့ညွှန်ကြားသတဲ့။ သူများမေးရင် ဖါဝံကြီးရဲဖွတ်ကိုရှင်းခိုင်းလိုက်လို့ကြားတယ်”
ဆရာ Phoenix Nnh Arizona ခင်ဗျာ
မုန့်ဟင်းခါးသည်လုပ်မယ်ဆိုတဲ့ ဘပြောင်လား
”မိဘ ပြည်သူများခံဗျာ” လို့ မပြောနိုင်တော့လို့
ရှေ့လျှောက် မခံရကြတော့ဘူး ထင်ပါတယ်
အမေပုက နောက်ကြောင်းမပြန်ဘူးလည်းဆိုရော ပါးဖြဲနားဖြဲနဲ့ ဇီးသီးတွေကို ကားနဲ့သည်တာမို့ ခက်သေးရွာက”ဇီးကား”ရောဂါက ကုမရပါဘူး
ဒီလိုပဲ ”ဇီးကား”ဖြစ်ပြီးမွေးလာတာဆိုတော့ မွေးရာပါ ”မိုက်ခရို ကက်ဖာလီ”’Microcephaly ရောဂါ ဖြစ်တတ်လို့ပါ
အဲလိုဖာတာ ကက်ဖာလီမို့ ကုမရပါ