သော်တာစံ (ကလေး) – ဒီကဗျာကို ညက်ညက်ဝါးပြီး ထွေးထုတ်လိုက်
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၆
ဘဝနဲ့ နိုင်ငံရေးကို
ကဗျာရွက်ထဲထည့်ပြီး ဝါးလိုက်တယ်
ထွေးထုတ်ပစ်လိုက်ရတဲ့ ဘေးထွက်ဆိုးကျိုးတွေ အတိ
အမိမြန်မာပြည်ကြီး အစွန်းအထင်းများနဲ့ အက်ကြောင်းထ
အမှောင်ကျနေတဲ့ နှစ် ၅ဝ ကျော်မှာ
ဒီမိုကရေစီအလင်းရောင်လေး မယောင်မလည် မှိန်ပျပျ
ဘယ်သောင်ဘယ်ကမ်းဆိုက်ဆိုက်
ကျီးမိုက်တွေ ဖရိုဖရဲ ပြိုဆင်းလို့
ကြီးမိုက်တွေ မိုက်မိုက်မဲမဲ ကြီးစိုးလာတဲ့ ခေတ်
ကြီးမိုက်တွေ အုံနဲ့ကျင်းနဲ့ နေရာယူလာတဲ့ ခေတ်
ကြီးမိုက်တွေ ကြီးကောင်ကြီးမားနဲ့ စားကျက်လုလာတဲ့ ခေတ်
ခေတ်ဟာ တခစ်ခစ်နဲ့ ရယ်ရင်းမောမောလာတဲ့ ခေတ်
ခေတ်ဟာ အရှိန်အဟုန်နဲ့ ခက်ခက်လာ
ခေတ်ဟာ over speed နဲ့ ခက်ခက်လာ
ခေတ်ဟာ အရူးကွက်တွေနင်းပြီး ခက်ခက်လာ
ခေတ်ဟာ တစ်ခေတ်ပြီးတစ်ခေတ် ခက်ခက်လာ
ခက်ခက်လာချင်လာ မင်းမလာနဲ့
မင်းဆိုးမလာနဲ့ မင်းညစ်မလာနဲ့ မင်းပျက်မလာနဲ့
လက်တစ်ကမ်းမှာ အမေမှတစ်ပါးအခြားမရှိ
အခြား ဘယ်သူမှမရှိ …
သူလာခဲ့ပြီ အနီရောင်လူထုကြီးရင်ထဲက သူလာခဲ့ပြီ
ခွေးဝဲစားအတွေးအခေါ်တွေ ဆုတ်ဖြဲ မီးပုံရှို့ပစ်လိုက်
ရှေ့ဆောင်ကောင်းနောက်မှာ အနီရောင်တွေ ရဲပတောင်းခတ်လို့
သူရဲကောင်းမှန်လို့ ဒဏ်ရာက အထင်းသား
သူရဲကောင်းမှန်လို့ ပညာက အရှင်းသား
ဝါးလိုက်ရတဲ့ ဒီတစ်ယာ
ဝါးလိုက်ရတဲ့ ဒီတဏှာ
ဝါးလိုက်ရတဲ့ ဒီကဗျာ
လျှာဖျားပေါ်မှာ အရသာတွေ့ရဲ့လား
ထွေးထုတ်လိုက် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ထွေးထုတ်လိုက်
အရည်မရ အဖတ်မရဆိုပေမယ့်
ဒီကဗျာကိုစားရတာ အရသာတစ်ခုခုတော့ ရှိရဲ့မဟုတ်လား
အရသာရှိရင်ဆက်ဝါး အရသာမရှိရင် ထွေးထုတ်လိုက်
ဟော့ဒီမှာ နောက်ထပ်တစ်ယာ
ဟော့ဒီမှာ နောက်ထပ်ကဗျာ
ဒီကဗျာကို ညက်ညက်ဝါးပြီး ထွေးထုတ်လိုက် ….. ။