ကဗျာ

အာင်ခိုင်မြင့် – ရာသက်ပန် ဒုက္ခရောက်ရမယ်လို့  ဘယ်ဘုရားမှ မဟောခဲ့ဘူး

 အောင်ခိုင်မြင့် – ရာသက်ပန် ဒုက္ခရောက်ရမယ်လို့  ဘယ်ဘုရားမှ မဟောခဲ့ဘူး
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၆

ဒုက္ခနဲ့သွားပြီး မရောက်တဲ့ခရီးက ရုန်းထွက်ရမယ်
အတ္တနဲ့ ခါးသီး အောင့်သက်သက်ခံစားပြီး အပြုံးပျက်ကြတယ်..။

အထိတ်တလန့်မျက်နှာနဲ့ ကုလားထိုင်တွေ ဇရပ်ပျက်လို အသံတိတ်
စိတ်မသန့်လည်း တန်းစီညာညှိကာ လိုက်ဖက်ညီစွာ သံပြိုင်အိပ်မောကျခဲ့
အတိတ်မှာ သက္ကရာဇ်ဆိုးတွေ မျှော်လင့်ခြင်းပေါ် အငြိုးနဲ့  ပြိုလဲကျခဲ့
အရိပ်လိုကပ်ပါလာတဲ့ ခိုးသားငါးရာအကြောင်း ရာဇ၀င်မှာထားခဲ့တော့..။

ဖောက်ပြန်သူအများစု စိုးရိမ်နေပုံက
အမှောင်ထဲ ဆေးလိပ် မီးညှိတာကို
ချောင်ထဲ မီးမောင်း ထိုးပြသလိုထင်မှတ်ကာ ကြောက်လန့်ခဲ့ကြတယ်..။

ရှက်စရာကောင်းလှတဲ့ တသွေး တသံ တမိန့်အောက်မှာ
မျက်နှာဖောင်းပွနေတဲ့ အဆီပြန် ဆိုဖာပေါ်ရောက် ငွေကြေးများ
မျက်နှာမွဲတွေအိမ် လှေကားထစ်ကျော်ပြီး ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းများ
အသံအက်ပြီး အလံတ၀က်လွှင့်ထားတဲ့ ၀မ်းနည်းခြင်းနေ့များ ရှည်ကြာခဲ့တယ်..။

အမှောင်ထဲ နေသားကျနေတဲ့ မြို့ပြ
မီးပျက်ပြီး မီးပြန်လာတဲ့အခါ အော်ဟစ် ပျော်သလိုမျိုး
မီးမှိတ်တုတ် မှိတ်တုတ်နဲ့ ကျေးလက်ဇနပုဒ်ကို လက်တို့လှုပ်နိုး
အသံတိတ် ဒေါသထွက်နေတဲ့ တောင်တန်းများ
အံကြိတ် သောကဖက်စဲမြစ်များ

အရူးအမူး အရူး အရက်မူးသလို
အ နေတဲ့သူ အ အ, အိမ်မက် မက်သလို
ပြောင်းလဲတဲ့ရာသီထဲ အဖြစ်အပျက်များ ပြောပြရခက်နေတယ်..။

မမြင်ရတဲ့ အနာဂတ်လမ်းပေါ်
ရင်ထဲ အတွေးများ သုတ်ခြေတင်ပြေးလွှား
ရောင်စုံစိတ်ကူးများ အိမ်မက် မျဉ်းကြားမှာ လမ်းဖြတ်ကူး
မွန်းကြပ်ခြင်း ၀င်္ကဘာရှည်ထဲမှာ နာတာရှည်ညများ ဇောချွေး ပြန်ခဲ့တယ်..။

ယက်ကန်ယက်ကန်နဲ့ ပြုတ်ကျ လဲကျ၊ ဘယ်အတားအဆီးမဆို ကျော်လွှား
ရာသက်ပန် ဒုက္ခရောက်ရမယ်လို့ ဘယ်ဘုရားမှ မဟောခဲ့ဘူး
တာထွက်ရန် အားယူနေတဲ့ လည်ဆံမွှေး တဖားဖားနဲ့ ပြိုင်မြင်းလို
အနာဂတ်နေ့ရက်များ ကဆုန်ပေါက် တအားကခုန်နေတယ်..။

အောင်ခိုင်မြင့်
၂၉ ဇန်န၀ါရီလ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts