ဝေဖန်ရေးရာ ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) ပညာရှင် မရှိသလောက် နည်းပါးလာသော မြန်မာ အစိုးရဝန်ထမ်းလောက

Microsoft Picture


ဇော်အောင်(မုံရွာ) ပညာရှင် မရှိသလောက် နည်းပါးလာသော မြန်မာ အစိုးရဝန်ထမ်းလောက
(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၁၆

မြန်မာပြည်မှာ အုပ်ချုပ်ရေး ကမ္ဘာ့အဆင့်မီ ပုဂ္ဂိုလ်များစွာ ရှိပါတယ်။ ဒါပေမဲ့ တတ်သိပညာရပ်များမှာ ကမ္ဘာ့အဆင့်ပညာရှင်များ အလွန့်အလွန် နည်းပါးသွားပါပြီ။ ၂၀၁၆ မှာ အင်န်အယ်ဒီအစိုးရ တက်လာချိန်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အစိုးရပေါ်လစီများကို အကောင်ထည်ဖေါ်ရမဲ့သူတွေက အစိုးရဝန်ထမ်းများဖြစ်ပါတယ်။ ၁၉၆၂ – ၁၉၈၈ အတွင်းမှာတော့ ပရိုဖက်ရှင်နယ်အဆင့် မြန်မာအားလုံးနီးပါးက အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ကြပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ ဝန်ထမ်းများစွာ နည်းမျိုးစုံနဲ့အလုပ်ထွက်ပြီး အတော်များများကတော့ နိုင်ငံခြားတိုင်းပြည်များကို ထွက်ခွာသွားကြပါတယ်။ အလွန်တော်တဲ့ ဝန်ထမ်းပညာရှင် တနည်းအားဖြင့် အိတ်စပတ် Experts အဆင့်ရှိသူများစွာ မြန်မာပြည် ဌာနဆိုင်ရာများမှာ ပေကပ်ပြီး နေထိုင်ကြပါတယ်။ အလွန်ခက်ခဲစွာ နေထိုင်ပြီး၊ အများအပြား ပင်စင်ယူသွားကြပါတယ်။

ယခင် ၂၀၁၁ခုနှစ် နှစ်ဆန်း ကြံ့ဖွံ့အစိုးရ အသစ်ပြောင်းတဲ့အချိန် ကျန်နေတဲ့ အိတ်စပပတ် ပညာရှင်အားလုံးနီးပါး ပင်စင်မယူရင်လဲ၊ ပုဂ္ဂလိက ကုမ္ပဏီများမှာ လစာဒေါ်လာငွေနဲ့ အလုပ်ပြောင်းသွားကြပါတယ်။ တချို့ အလွန်ဝါသနာကြီးသူများကတော့ အဖွဲ့အစည်းအသီးသီးမှာ လစာမရှိပဲနဲ့ လုပ်အားပေးနေကြတာကိုတွေ့ရပါတယ်။ ဥပမာ စက်မှုကဏ္ဍမှာ အဓိကကျတဲ့ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအသင်းတွေမှာ ကျွမ်းကျင်တဲ့အစိုးရဝန်ထမ်း အင်ဂျင်နီယာဟောင်းကြီးများက လစာမရှိပဲ၊ ကရုဏာကြေးလောက်နဲ့ မြန်မာနိုင်ငံ စက်မှုခေတ်ပြောင်းတော်လှန်ရေး လုပ်ငန်းကြီးအတွက် မူဝါဒ၊ ကမ္ဘာ့အဆင့်ရောက်အောင် လုပ်ဆောင်ပေးနေရပါတယ်။ လက်ရှိ အစိုးရဌာနဆိုင်ရာ စက်မှုဝန်ကြီးဌာနမှာ ကျွမ်းကျင်သူများ မရှိတော့ဘူးလား မေးရင်၊ အလွန်နည်းပါးသွားပြီ လို့ပဲ ပြောရပါတယ်။ ကျွမ်းကျင်သူဖြစ်ရင်လဲ ငွေနဲ့ပေါက်ခံရလို့ ပါးစပ်ပိတ်သွားတဲ့ ကျွမ်းကျင်သူများဘဝနဲ့ အသုံးမကျတဲ့ အစိုးရအရာရှိကြီးအဖြစ်ကို ပြောင်းလဲသွားပါတယ်။ သူတို့အတွက် အိမ်၊ ခြံ၊ မြေ၊ ငွေ ရဖို့ပဲ စဉ်းစားနေရတဲ့ ကျွမ်းကျင်သူဆိုတာ တကယ်တော့ မကျွမ်းကျင်သူထက်အောင် အန္တရယ်ကြီးပါတယ်။

မြန်မာနိုင်ငံ သစ်လုပ်ငန်းကို ကြည့်ရင် သစ်တောပြုန်းတီးသွားပါပြီ။ ပုသိမ်တက္ကသိုလ် မြန်မာသစ်တော စာတန်းဖတ်သူကို ပျက်စီးသွားတဲ့သစ်တောများ ပြန်လည်ပြုစုဖို့ နောက်ထပ်ဘယ်နှစ်နှစ်လောက် လိုပါသလဲ ..မေးတော့ (၁၅)နှစ်လောက် အချိန်ယူရမယ်လို့ ဖြေပါတယ်။ ပညာရှင်တွေလဲ ဘယ်ရောက်သွားလဲ မသိတော့ပါ။ အဂတိ မလိုက်စားလိုတဲ့ ဦးအုန်း ကဲ့သို့သော သစ်တောပညာရှင်များလည်း အလွန်အသက်ရွယ်ကြီးပြီး စာအုပ်ရေးဖို့လောက်ပဲ အားအင် ကျန်ပါတော့တယ်။ အလားတူ မိုးလေဝသပညာရှင် ဦးထွန်းလွင် တို့လို ထူးချွန်ပြီး နိုင်ငံတကာက ပါရဂူဘွဲ့ရသူများစွာ အခုအချိန်မှာ မြန်မာအစိုးရဌာနဆိုင်ရာများမှာ မရှိသလောက် ရှားသွားပါပြီ။ စာရေးသူ ၁၉၈၅ ငယ်စဉ်အင်ဂျင်နီယာကျောင်းသားဘဝ မြန်မာလျှပ်စစ်ကော်ပိုရေးရှင်း ကင်းတားစီမံကိန်းမှာ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲမေးခွန်းများကို တွက်ချက် အကုန်ဖြေနိုင်ပြတဲ့ လျှပ်စစ်အင်ဂျင်နီယာပညာရှင်ကြီးကို တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားမထွက်ပဲ ပြည်တွင်းမှာပဲ အေးအေးဆေးဆေး နေထိုင်သူ ဖြစ်ပါတယ်။ ဒါမျိုးပညာရှင်တွေ မြန်မာပြည်မှာ မြောက်များစွာရှိခဲ့ပါတယ်။

ငါးလုပ်ငန်းကို ကြည့်လိုက်ရင် သတင်းစာမှာ အကြွေး သိန်း ထောင်ပေါင်းများစွာယူပြီး ပြန်မပေးတဲ့ လူစာရင်းကို သတင်းစာမှာဖတ်မိပါတယ်။ ကမ်းရိုးတန်းငါးဖမ်းလုပ်ငန်းလည်း ထိုင်းငါးခိုးသင်္ဘောတွေပဲ ရခိုင်၊ ဧရာဝတီ၊ တနင်္သာရီကမ်းမြောင်တွေမှာ အသားကုန်စည်းကမ်းမဲ့ ဖမ်းဆီးလို့ ကုန်သလောက်ရှိနေပါပြီ။ ဘယ်သူတွေက ခွင့်ပြုထားပါသလဲ။ ပြည်တွင်းရေချို ငါး၊ ပုဇွန် မွေးမြူလုပ်ငန်းတွေလည်း မြန်မာနိုင်ငံမှာ အလွန်အောင်မြင်ပါတယ်။ ရေခံမြေခံ ကောင်းလွန်းလို့ ငါးပုဇွန်မွေးကန်တွေ အောင်မြင်ပေမဲ့၊ အရွယ်အစားမတူခြင်း၊ ကျွေးတဲ့အစာက အဆင့်မမီတော့ ငါးပုဇွန်များ အရသာမပြည့်ဝခြင်းတွေကြောင့် တရုပ်ပြည်ယူနန်နယ်က ရေချိုငါးတွေလို ဂျပန်နဲ့အီးယူ အရည်အသွေးကို မမီဖြစ်နေပါတယ်။ ဒါပေမဲ့ မြန်မာ့ငါးတွေကို အရည်အသွေးစစ်ဆေးမှု ရှော့ချပြီး ဥရောပ အီးယူနိုင်ငံအချို့က ဝယ်ယူနေပါတယ်။ ရေလုပ်ငန်းတွေမှာ တိုင်းပြည်ရေရှည် တိုးတက်ကြီးပွားဖို့ နိုင်ငံတော်က ငွေအင်အားစိုက်ထုတ်ပေးရမယ်။ ပညာရှင်များကို အစိုးရဌာနဆိုင်ရာများမှာ ထိမ်းသိမ်းထားရပါမယ်။ အခုတော့ ပညာရှင်အားလုံးနီးပါး ပုဂ္ဂလိက ကုမ္ပဏီများဆီ ရောက်သွားကြပါပီ။

မြန်မာ့အစိုးရဝန်ထမ်း ပညာရှင်လောကကို ကြည့်လိုက်ရင်တော့ အားလုံးနီးပါး ပုဂ္ဂလိက မြန်မာကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီများဆီကို ပြောင်းရွှေ့သွားကြပီ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ပညာရှင်အဆင့်ဆိုတာ လုပ်သက် အနည်းဆုံး အနှစ်၂၀၊ အနှစ်၃၀ လုပ်ကိုင်လာသူများဖြစ်ပြီး ပညာရပ်ကိုပဲ ကြိုးစားလေ့လာကြသူများဖြစ်တော့ ပြင်ပစီးပွားရေးမလုပ်ကြပါဘူး တနည်းအားဖြင့် အဂတိမလိုက်စားတဲ့ ဝန်ထမ်းပညာရှင်များဖြစ်ပါတယ်။ အဲဒီ ပညာရှင်အားလုံး ပုဂ္ဂလိက ရောက်သွားပြီဆိုတော့ အစိုးရဌာနဆိုင်ရာများမှာ ပညာရှင် အလွန်နည်းသွားပါပြီ။ မြန်မာနိုင်ငံတိုးတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီအစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ပေါ်လစီများကို လက်တွေ့အကောင်ထည်ဖော်မဲ့ ဌာနဆိုင်ရာဝန်ထမ်းပညာရှင်များစွာ လိုအပ်နေပါပြီ။

သစ်လုပ်ငန်း၊ ရေလုပ်ငန်း (၂)ခုပဲ အကြမ်းဖျင်းရေးပြပေမဲ့ ဝန်ကြီးဌာန အားလုံးနီးပါး ပညာရှင်ချို့တဲ့မှုဘဝကို အလွန်ဆိုးဝါးစွာ ရောက်ရှိနေတာ အင်မတန်ကြောက်မက်ဖွယ် အခြေအနေဖြစ်ပါတယ်။ ငွေကြေးကဏ္ဍ ကျွမ်းကျင်သူပညာရှင်များစွာလဲ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများမှာ ရောက်သွားပါတယ်။ လမ်းတံတားပညာရှင်များ၊ ပညာရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ရေကြောင်း၊ လေကြောင်း၊ ဆောက်လုပ်ရေး၊ ပုလဲငါး၊ သတ္တုတွင်း၊ ကျောက်မျက်ရတနာ၊ လျှပ်စစ်၊ စက်မှု၊ ဓါတုပညာရှင်၊ ရူပဗေဒပညာရှင်၊ ဆေးပညာရှင် .. စတဲ့ ပညာရှင်များစွာ ပုဂ္ဂလိက လုပ်ငန်းများကို ရောက်ရင်ရောက်၊ မရောက်ရင်လဲ နိုင်ငံခြားသွားပြီး လစာကောင်းကောင်းနဲ့ သွားလုပ်နေကြပါတယ်။

အခုဆိုရင် နိုင်ငံရဲ့ ဆောက်လုပ်ရေး၊ သတ္တုတွင်း၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ ရထား၊ ကုန်းလမ်း၊ လေကြောင်းပို့ဆောင်ရေး၊ ယာဉ်ယန္တရား၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ကျန်းမာရေး၊ ပညာရေး .. စတဲ့ အစိုးရဌာနများမှာ ရှိတဲ့ပညာရှင်များက မနိုင်မနင်း ဝန်တွေ ထမ်းဆောင်နေရပြီး၊ နှေးကွေးစွာ လည်ပတ်နေပါတယ်။ တချို့အစိုးရအရာရှိ ဖြစ်ပေမဲ့ ပညာရှင်မဟုတ်ပဲ အုပ်ချုပ်ရေးအရာရှိ မိုးကျရွှေကိုယ်တွေ အများကြီးရှိနေပါသေးတယ်။ ပညာရှင်တစ်ယောက်က အချက်လက်များကိုလေ့လာပြီး ဆုံးဖြတ်ချက်ပေးရမဲ့အစား ပညာရှင်မဟုတ်တဲ့ ဌာနဆိုင်ရာများက အရာရှိကြီးများစွာ အစည်းအဝေးတွေထိုင်ပြီး၊ နှေးကွေးစွာလုပ်ကိုင်နေရပါတယ်။ အ-ဂတိစနစ်ကြီးကလည်းရှိတော့ အလွန်လုပ်ရခက်တဲ့ ကာလဖြစ်နေပါတယ်။

ပညာရှင်အဖွဲ့တွေ အရမ်းလိုနေပြီ (တောင်ကိုးရီးယားနဲ့စင်္ကာပူ နမူနာ)

နိုင်ငံကို ပြန်လည် ထူထောင်ဖို့၊ ပြောင်းလဲဖို့ဆိုရင် အသက်ရှင်နေဆဲ ပညာရှင်များကို နိုင်ငံတော်အစိုးရက ပြန်လည်ခေါ်ယူပြီး ပညာရှင်အဖွဲ့အစည်းများကို အမြန်ဆုံးဖွဲ့စည်းနေတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီများက ပေးတဲ့လစာကို ပေးပြီး မြန်မာပြည်တွင်းက အငြိမ်းစားပညာရှင်များ၊ ပုဂ္ဂလိက ကုမ္ပဏီများပေးတဲ့ လစာနဲ့အခွင့်ထူးများ ပေးပြီး ပြန်ခေါ်ခြင်းကို စနစ်တကျ လုပ်ရပါမယ်။

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ဆောင်းပါး၊ ”ကျွန်တော်နဲ့ဆိုးလ်မြို့” မှာ သမ္မတကြီးမဒမ် ဘတ်က မြန်မာပြည်မှာ သူတို့နိုင်ငံမှာရှိတဲ့ Korea Development Institute (KDI) လို အဖွဲ့စည်းတစ်ခု ရှိသင့်ကြောင်း အကြံပြုတဲ့အတွက် လူကြီးလုပ် သူတွေက အခုလိုဖွဲ့စည်းဖို့ သဘောတူခဲ့တာ
ဖြစ်ပါတယ်။ ကိုရီးယားမှာKDI မြန်မာပြည်မှာ MDI ဖြစ်ပါတယ်။ ၁၉၆၀ မှာ ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီး(နောင်သမ္မတကြီးဖြစ်လာသူ) ဟာ KDI ကို တည်ထောင်ရာမှာ နိုင်ငံခြား အထူးသဖြင့် အမေရိကန်နိုင်ငံမှာ နာမည်ရနေတဲ့ ကိုရီးယားစီးပွားရေး ပညာရှင် ၁၂ ဦးကို နိုင်ငံကိုပြန်ခေါ်ယူပြီး KDI ကို စတင်ခဲ့တယ်။ ဒီပညာရှင်များကို နိုင်ငံ့စီးပွားရေးတိုးတက် မှုအတွက် လိုအပ်တဲ့ အကြံဉာဏ်များ တောင်းခံခဲ့ တယ်။ ရလာတဲ့ အကြံပြုချက်တွေကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်အောင် ပေါ်လစီတွေချမှတ်ခဲ့ တယ်။ အခု တောင်ကိုးရိးယား အောင်မြင်မှုတွေဟာ KDI ဖြစ်တယ်လို့ ကျွန်တော်တို့အဖွဲ့နဲ့ တွေ့တဲ့ တာဝန်ရှိသူတိုင်း ထုတ်ဖော်ပြခဲ့ပါတယ်။

ကိုသန်းလွင် – ” စင်္ကာပူအိပ်မက် (EDB အကြောင်း)” ဆောင်းပါးမှာလည်း စင်ကာပူနိုင်ငံ စတင်တည်ထောင်ချိန် ခေါင်းဆောင်လီကွမ်းယူက နိုင်ငံခြားပညာရှင်များကို ခေါ်ယူပြိး ပြည်တွင်း ပညာရှင်များကို လက်တွဲသင်ကြားပေးရင်း ပညာရှင်အုပ်စုကို တည်ထောင်ခဲ့ပါတယ်။ EDB ခေါ် Economic Development Board ကို ဖွဲ့စည်းရေးအတွက် မစ္စတာ လီကွမ်းယူးကို စတင် အကြံ ဥာဏ်ပေးသူမှာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Dutch လူမျိုး Mr Winsenmius ဆိုသူဖြစ်ပါ တယ်။ သူကရင်းနှီး မြှုပ်နှံဖို့ ရောက်လာသူတစ်ဦးကို အစိုးရ၀န်ကြီး ဋ္ဌာနပေါင်းစုံ ဖြင့် ဆက်ဆံရန်မလို ဘဲ နေရာတစ်ခုတည်းတွင် သူ့လိုအပ်ချက်များကို ဖြည့်ဆည်း ပေးမည့် ဌာနတစ်ခု ရှိရန် လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။ အစပထမတွင် ရင်းနှီးမြှုပ်နှံ လိုသူကို မိမိကစတင်ပြီး ဖိတ်ခေါ်ရန် လိုအပ်သည်ဟုလည်း ဆိုပါသည်။ EDB သည် နိုင်ငံတွင်းမှ လိုအပ်ချက်မှန်သမျှကို ဖြည့်ဆည်းပေး နိုင်သည့် One stop Agency တခုဖြစ် လာပါသည်။ ပထမဆုံးသော အီး၊ဒီ၊ဘီ ဥက္ကဌက နိုင်ငံတွင်းမှ ပညာတော်ပေ့ ဆိုသူများကို စုစည်းယူပါတယ်။ အမေရိကန်၊ သြစတြေးလျ၊ ဥရောပ၊ နယူးဇီလန် စသည်ဖြင့် အကောင်းဆုံး တက္ကသိုလ်များ မှ ဘွဲ့ရပြီးသူများကို လခ အကောင်းဆုံးပေး၍ အီး၊ဒီ၊ဘီ အရာရှိအဖြစ် တာဝန်ပေးပါတယ်။

မြန်မာအစိုးရ လည်း ဒီလိုပညာရှင်အဖွဲ့အစည်းနဲ့ လုပ်ဆောင်နေပေမဲ့၊ ယခင်အစိုးရ အဂတိလိုက်စားမှုများလွန်းတဲ့အတွက် ခက်ခဲနေခြင်းဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာလည်း ဝန်ထမ်းဟောင်း ပညာရှင်များစွာရှိသလို ပြည်ပရောက်နေတဲ့ အနှစ် ၂၀၊ အနှစ်၃၀ အတွေ့အကြုံရှိသူ ပညာရှင်များစွာရှိပါတယ်။

ပညာရှင်များက သူတို့အတွက် လစာငွေကြေးအမြောက်အများ လစာပေးစရာ မလိုပါဘူး။ သူတို့ပညာကို တကယ်သုံးခွင့်ရမယ်၊ တကယ်လုပ်ပိုင်ခွင့်ပေးမယ် ဆိုရင် ဝမ်းသာအားရ လာလုပ်ကြစမြဲဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာပညာရှင်များကိုပဲ ပြန်ခေါ်ဖို့ အစိုးရက ကြိုးစားနေတာကို တွေ့ရပါတယ်။ စက်မှုလုပ်ငန်းပညာရှင်များဖြစ်ဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံအတွက်ဆို အနစ်နာခံ၊ စိတ်ညစ်ခံပြီးလာလုပ်တဲ့ ဒေါက်တာအောင်ထွန်းသက်၊ ဦးသန့်မြင့်ဦး စတဲ့ပညာရှင်များကို အလွန်လေးစားဖွယ်ရာပါ။ စင်ကာပူနိုင်ငံမှာ လုပ်သက် ၁၀နှစ် ကျော်တဲ့ မြန်မာလူငယ်များစွာ မြန်မာနိုင်ငံကိုပြန်လာပြီး စီးပွားရေးလုပ်နေကြတာကို အားရဖွယ်ရာ တွေ့ရပါတယ်။ သူတို့ကတော့ စီးပွားရေးပညာရှင် အငယ်စားများဖြစ်ကြပါတယ်။

လုပ်ငန်းရှင်အဖွဲ့အစည်းများမှ ပညာရှင်များ

ပုဂ္ဂလိက ပညာရှင်များစွာ သူတို့ကုန်ပစ္စည်းရဲ့ ဈေးနှုန်းနဲ့အရည်အသွေးကို ထိန်းသိမ်းဖို့၊ နိုင်ငံခြားကလာတဲ့ သွင်းကုန်များကို ယှဉ်နိုင်ဖို့ ပြည်တွင်းလုပ်ငန်းရှင် အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာပါတယ်။ ဒါကြောင့် ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းအတွက် အခြေအနေကောင်းပါတယ်။
အဓိကအကျဆုံးဖြစ်တဲ့ နိုင်ငံတော်အစိုးရရဲ့ ပညာရှင်အဖွဲ့အစည်းက အလွန်အရေးကြီးပါတယ်။ လုပ်ငန်းရှင်များက ပညာရှင်များကိုလည်း အစိုးရအလုပ်အတွက် ပြန်လည်ခေါ်ယူနိုင်ဖို့ ဆွဲဆောင်ရပါမယ်။

မြန်မာပညာရှင်အမြောက်အများ အထက်တန်းစားပညာရှင်၊ အလယ်တန်းစား ပညာရှင်များဟာ ပုဂ္ဂလိကလုပ်ငန်းများမှာ လစာငွေနည်းပါးစွာနဲ့လုပ်ကိုင်နေရတာ မြင်တွေ့ရလို့ စိတ်မကောင်းစရာပါ။ တချို့ဆိုရင် လစာငွေ ၂သိန်း၊ ၃သိန်း နဲ့ ပုဂ္ဂလိကမှာ လုပ်ကိုင်နေကြရှာပါတယ်။ အဲဒီလို ပညာရှင်တွေကို နေရာမှန်၊ လူမှန် ဖြစ်အောင် အစိုးရဌာနဆိုင်ရာများမှာ ပြန်လည်ခေါ်ဆောင်ဖို့လိုပါတယ်။

ပြန်လည်ခေါ်ယူမဲ့ ပညာရှင်များအတွက် လစာနှင့်အခွင့်ထူးများ

ပြည်တွင်း၊ ပြည်ပ မြန်မာပညာရှင်များ အတူပူးပေါင်းလုပ်ဆောင်ဖို့ဆိုရင် ဌာနဆိုင်ရာတိုင်းမှာ ပညာရှင်အဖွဲ့လိုအပ်နေပါတယ်။ ပြည်တွင်းပညာရှင်များ နဲ့ နိုင်ငံခြားပညာရှင်များမှာ ထိပ်တန်းအဆင့် ပညာရှင်များကိုတော့ လစာ ဒေါ်လာ အမြောက်အများနဲ့အတူ၊ ခံစားခွင့်များပါ ပေးရပါမယ်။ သူတို့လုပ်နေတဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီများမှာ ရနေတဲ့လစာငွေ၊ အခွင့်ရေးများကိုလည်း ပေးရပါမယ်။ အလယ်လတ်တန်းစား ပညာရှင်များကိုတော့ ကျပ်၁၀သိန်း၊ ကျပ်သိန်း၂၀ အစရှိသဖြင့် မြန်မာပုဂ္ဂလိက ကုမ္ပဏီများပေးတဲ့ လစာကို ပေးကို ပေးမှ ဖြစ်ပါမယ်။

နိုင်ငံရေးပညာနှင့် တတ်သိပညာ

စာရေးသူသည် နိုင်ငံရေးပညာရှင်မဟုတ်ပဲ တတ်သိပညာရှင်တစ်ဦးသာ ဖြစ်ပါတယ်။ ဒါကြောင့် ရင်ကြားစေ့စပ်ရေး၊ တိုင်းရင်းသားငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဝန်ထမ်းနှင့်အစိုးရ အဂတိကင်းရှင်းရေး၊ စသည့်လုပ်ငန်းများမှာ စာရေးသူတို့ ပညာရှင်များတာဝန် မဟုတ်ပါ။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့် နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီကို တပ်မတော်နှင့် ပေါင်းပြီး အစိုးရဖွဲ့ဖြစ်မှာမို့လို့ နိုင်ငံရေးပညာရှင်များ အလုပ်ဖြစပါတယ်။ စာရေးသူအဖို့ကတော့ တတ်သိပညာရှင်များ နေရာမှန်ရရှိရေး၊ မတတ်သိပညာရှင်များကို သူတို့ဘဝအသက်၇၀မကျော်ခင်တွင် သူတို့ထံမှာ ပညာများကို မြန်မာလူငယ်များထံသို့ စီမံကိန်းများအတူလုပ်ကိုင်ရင်း ပညာဝေငှ ပေးစေလိုပါသည်။ အထူးသဖြင့် လုပ်ငန်းစစ်ဆေးရေး၊ အရည်သွေးစစ်ဆေးရေး၊ စာရင်းစစ်ဆေးရေး စသည့် အတတ်ပညာရပ်များတွင် တကယ်တတ်ကြွမ်းသော အတွေ့ကြုံ ရင့်ကျက်သူ တတ်သိပညာရှင်များစွာ လိုအပ်လျက်ရှိပါသည်။

အနှိမ်ခံဘဝ အစိုးရဌာနဆိုင်ရာပညာရှင်ဟောင်းများ တန်ဖိုး

မြန်မာပြည်မှာ စက်မှုလုပ်ငန်းမရှိသလောက်နည်းပါးလို့ လူလတ်တန်းပညာရှင် မရှိသလောက်ပါ။ အစိုးရဌာနဆိုင်ရာမှာ စက်မှုပညာရှင် အလွန်နည်းပါးသလို လယ်ယာစိုက်ပျိုးရေးပညာရှင်များလည်း နည်းပါးလှပါတယ်။ အနှစ် ၂၀ကျော် လုပ်သက်ရှိသူများ အငြိမ်းစားယူ၊ ပုဂ္ဂလိကရောက်သွားကြပါတယ်။ အစိုးရဌာနဆိုင်ရာပညာရှင် အလွန်နည်းပါးပေမဲ့ ပုဂ္ဂလိက ပညာရှင်များစွာရှိနေပါသေးတယ်။ အသက်၃၀အရွယ်ဆိုရင် နိုင်ငံခြားတိုင်းပြည်များမှာ ပညာရှင်လူငယ်အဖြစ် သတ်မှတ်နိုင်ပေမဲ့ မြန်မာနိုင်ငံမှာတော့ နုနယ်တဲ့ပညာရှင်၊ အတွေ့အကြုံ နည်းသေးတဲ့ ပညာရှင်များဖြစ်ပါတယ်။ ဒီလူငယ်ပညာရှင်များကို ရင့်ကျက်လာအောင် မြန်မာပညာရှင်ကြီးများက တွဲပြီးအတူလုပ်ကိုင် ဝေငှဖို့ အရေးတကြီးလိုအပ်နေပါပြီ။

မြန်မာအစိုးရဌာနဆိုင်ရာများမှာ ပညာရှင်များစွာ ပြန်လည်ခေါ်ယူဖို့ အရေးတကြီး လိုအပ်နေပါပြီ။ နောက် ၅နှစ်၊ ၁၀နှစ်၊ ၂၀နှစ် ရေရှည် စီမံကိန်းများအတွက်ပါ။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလုပ်ငန်းများအတွက် လောလောဆယ် သက်ရှိထင်ရှားနေတဲ့ ပညာရှင်ဟောင်းများကို ပင်စင်စားဆိုပြိး ပစ်မထားပဲ လူငယ်များနဲ့အတူပူးပေါင်းပြီး သူတို့ပညာများကို အကျိုးရှိစွာ ပြန်လည် ဖြန့်ဖြူး အသုံးချရပါမယ်။ လူငယ်ပညာရှင်များကို အစိုးရပညာတော်သင်များအဖြစ် အမြောက်အများ စေလွှတ်မဲ့အချိန်လဲ ရောက်နေပါပြီ။ မကြာခင် နောက်၅နှစ်အကြာမှာ အသက်၃၀အရွယ် ပညာရှင်များစွာ အစိုးရဌာနဆိုင်ရာများမှာ ရာထူးနေရာများ ရရှိလာပြီးရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂါတ် သွေးသစ်များနဲ့ ပိုပြီးစိုပြေလန်းဆန်းလာမယ် မျှော်လင့်ပါတယ်။

ဇော်အောင်(မုံရွာ)
၂၂-ဇန်-၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇော်အောင်(မုံရွာ) ပညာရှင် မရှိသလောက် နည်းပါးလာသော မြန်မာ အစိုးရဝန်ထမ်းလောက
  1. The truth is I don’t think they can pay what we make here. And sometimes people cannot leave their families or jobs and go back .

Comments are closed.