ရသဆောင်းပါးစုံ

ထွန်းထွန်းနိုင် – လက်ဝှေ့သမားနဲ့ အားကစား

ထွန်းထွန်းနိုင် – လက်ဝှေ့သမားနဲ့ အားကစား

(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၆

ကမ္ဘာအိုလံပစ် အားကစားပြိုင်ပွဲမှာရော၊ ကြေးစားအားကစားလောကမှာရော ..လက်ဝှေ့သမားဖြစ်ရတာ အင်မတန်ခက်ခဲကြမ်းတမ်းလှပါတယ်။ တခြားအားကစားနည်းတွေက အားကုန်လာရင် အရှိန်လျော့ လိုက်တာမျိုး၊ အတင်းပြေးမလိုက်ပဲ အမှတ်ပေးလိုက်တာမျိုး လုပ်လို့ရပေမဲ့ လက်ဝှေ့ကတော့ ကိုယ်ကလျော့ လိုက်တာနဲ့ တဖက်က လက်ထိုးတွေ တဝုန်းဝုန်းကျလာပြီး၊ အလွန်နာကြင်စွာနဲ့အရှုံးပေးလိုက်ရပါတယ်။ ကုသိုလ်ကံမကောင်းရင် အလဲထိုး သတိမေ့အောင် ထိုးခံလိုက်ရပြီး၊ ဒိုင်လူကြီးက အမြန်ဒိုင်ပွဲမရပ်ရင် အသက်ပါထွက်သွားနိုင်တဲ့ အားကစားနည်းဖြစ်ပါတယ်။ လူစိတ်ဓါတ်ကလဲ လက်ဝှေ့ထိုးရင် အသေအလဲ ဘယ်တော့မှာလျော့ မပေးပါဘူး။ ဒါကြောင့် ဒိုင်လူကြီးတွေက ပွဲတဖက်သတ်ဖြစ်နေရင် ဒိုင်ပွဲရပ်ပြီး ရှုံးနေသူကို ကယ်ဆယ်ရပါတယ်။

‘စောအယ်လေး ပွဲသိမ်းထိုးချက် ဖြင့် အနိုင်ယူ (သွန်းခ)၊ မိုးမခ’   ဖတ်ရပါတယ်။ စောအယ်လေး(ရွှေကုက္ကို) နှင့် ရွှေရာမာန် (ရွှေဒေါပုံ) တို့၏ ၅ ချီ စိန်ခေါ်ပွဲအကြောင်း ဓါတ်ပုံများနဲ့တွေ့ရပါတယ်။ မြန်မာရိုးရာလက်ဝှေ့ မျိုးဆက်သစ်များက ခန္တာကိုယ်ကြံ့ခိုင်လာပြီး၊ နည်းပညာလည်း တိုးတက်လာတာကို တွေ့ရပါတယ်။ ကရင်၊ မွန်၊ မြန်မာများရဲ့ ရိုးရာလက်ဝှေ့ပွဲဖြစ်ပါတယ်။ အိုလံပစ်လက်ဝှေ့ပွဲတွေမှာတော့ မြန်မာလက်ဝှေ့သမားတွေ အရှေ့တောင်အာရှအားကစားပွဲမှာတောင် ရွှေတံဆိပ်မရနိုင်သေးလို့ ကြိုးစားဖို့လိုပါသေးတယ်။

၂၀၁၅ မတ်လမှာ မြန်မာနိုင်ငံကိုလာရောက် လက်ဝှေ့ထိုးမဲ့ MMA ကစားသမား အောင်လအန်ဆန်နှင့် တွေ့ဆုံခြင်းကို အီလဲဗင်းသတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ကချင်လူမျိုးဖြစ်ပြီး သူ့မိဘများက ခရစ်ယန်ဘာသာဝင် နူးညံ့တဲ့မိသားစု၊ ဒါပေမဲ့ သူကတော့ ဘယ်လိုဖြစ်ပြီး ကြမ်းတမ်းတဲ့ လက်ဝှေ့သမားဘဝ ရောက်လာခဲ့သလဲဆိုတာ ဝါသနာလို့ပဲပြောရပါမယ်။ အသက် ၃၀ ပြည့်ပြီဆိုတော့ ဒီနှစ်မှာပဲ ကမ္ဘာ့ ချန်ပီယံဖြစ်အောင် ကြိုးစားနေသူ၊ အသက်(၁၈)နှစ်မှာ အမေရကန်ကို အခြေချခဲ့သူပါ။ နောက်ထပ် ၂နှစ်လောက် လက်ဝှေ့ထိုးပြီးရင် အနားယူမယ်၊ မြန်မာပြည်ပြန်လာပြီး နည်းပြလုပ်ရင်း မြန်မာ့လက်ဝှေ့ကို မြှင့်တင်ချင်ပါတယ်.. လို့ပြောပါတယ်။ သူကတော့ ပေါင်၂၀၀တန်းမှာ ပြိုင်နေသူဖြစ်လို့ လူကောင်ကြီးသူ ဟဲဗီးဝိတ်တန်းလို့ သတ်မှတ်ရပါမယ်။ သူ့ကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့ လက်ဝှေ့လောက လူသိလာပါတယ်။

ဟိုးတချိန်တုံးကတော့ အခုခေတ် ထိုင်း၊ ဖိလစ်ပိုင် လက်ဝှေ့သမားများ ကမ္ဘာ့ ချိန်ပီယံဖြစ်နေတဲ့ ဖလိုင်းဝိတ်၊ ဘင်တန်ဝိတ် အငယ်တန်းတွေမှာ မြန်မာလက်ဝှေ့သမားတွေ ကမ္ဘာ့ အဆင့်ထိ ရောက်ခဲ့ပေမဲ့ အခုခေတ်မှာတော့ စိတ်ဓါတ်ကောင်းပေမဲ့ ခါချင်ကောင်ကြီးခါးမသန် အဟာရမပြည့်ဝ၊ နည်းပညာနည်းလို့ ကမ္ဘာ့ အဆင့်မရောက်နိုင်ဖြစ်နေပါတယ်။ အခုခေတ် တဖန်ခေတ်စားလာတဲ့ မြန်မာ့လက်ဝှေ့ပြိုင်ပွဲကလဲ ပညာရှင်များဝေဖန်ချက်အရ အလွန်ပြင်းထန်တဲ့ ထိုးနှက်ကစားနည်းဖြစ်တယ်လို့ဆိုပါတယ်။ ထိုးသတ်သူကို ကွဲပြဲ တသက်လုံးဒုက္ခရောက်သွားနိုင်လို့ ကမ္ဘာ့အဆင့်ကို မြှင့်တင်ဖို့ဆိုရင် မြန်မာ့လက်ဝှေ့ စည်းကမ်းကို ပြုပြင်ဖို့လိုတယ်လို့ အကြံပြုထား ကြပါတယ်။

ဘာပဲဖြစ်ပါစေ … လက်ဝှေ့ဆိုရင် လူတွေ အရမ်းကြိုက်ပါတယ်။ သေသေရှင်ရှင် စီးချင်းထိုးတဲ့ပွဲတွေကို ရောမခေတ်အိုလံပစ်ကွင်းတွေမှာ ပြိုင်ကြပါတယ်။ အခုခေတ်တော့ ဒါလောက်ထိအောင် သွေးသံရဲရဲဖြစ်တဲ့ လက်ဝှေ့တိုက်ခိုက်နည်းတွေကို တရားဝင်ပြိုင်ပွဲတွေမှာ ခွင့်မပြုတော့ပါဘူး။ မြေအောက်လောက ပြိုင်ပွဲတွေမှာတော့ ရှိနေဆဲဖြစ်ပေမဲ့ ဥပဒေအရ တားမြစ်ထားပါတယ်။

အခုခေတ် ယဉ်ကျေးတဲ့ခေတ်ကာလမှာတော့ လက်ဝှေ့လောက် ထူးဆန်း၊ပေါ်ပြူလာဖြစ်တဲ့အားကစားနည်း မရှိသေးပါဘူး။ Youtube မှာ လူဦးရေ သန်းပေါင်းများစွာကြည့်တဲ့ ဗွီဒိယိုတွေကို လေ့လာပါတယ်။ လိင်ဗွီဒီယိုတွေထက်တောင် လူကြည့်များတာတွေက အကြမ်းပတမ်းဗွီဒီယိုတွေပါ။ မိုက်တိုင်ဆန်၊ မိုဟာမက်အလီ ဟဲဗီးဝိတ်ဗွီဒီယိုများကို သန်းပေါင်းများစွာသောလူတွေ အရမ်းကြည့်ကြသလို အငယ်တန်းသွက်လက်စွာထိုးနှက်တဲ့ ကမ္ဘာ့ လက်ဝှေ့ဗွီဒီယိုတွေကိုလဲ လူကြည့်များပါတယ်။ ဒါကြောင့် ကမ္ဘာ့ လက်ဝှေ့ချန်ပီယန်များ ဝင်ငွေအရမ်းကောင်းနေတာဖြစ်ပါတယ်။

လက်ဝှေ့သမားဘဝကို ဘယ်မိဘမှ မလိုလားပါဘူး။ ကိုယ့်သားသမီး စင်ပေါ်တက်ထိုးတယ်။ နိုင်ပေမဲ့ မျက်နှာတစ်ခုလုံး ဖူးယောင်၊ သွေးသံရဲရဲခံစားရတယ်။ ဒီတော့ ကိုယ့်သား လက်ဝှေ့ပွဲကို လာကြည့်ရှုအားပေးတဲ့ မိခင်တော့ ရှိတယ်၊ ရှားတယ်ပြောရပါမယ်။

ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံတွေမှာ ဆင်းရဲ၊ ပညာမသင်တော့သူ လူငယ်အမျိုးသားလေးများရဲ့ ထွက်ပေါက်ကတော့ လက်ဝှေ့ချန်ပီယန်ဖြစ်ရေးပါပဲ။ အမေရိကားမှာလည်း ဆင်းရဲ၊ ပညာမတတ်သူ လူမည်းအများစု လက်ဝှေ့ကို ကြေးစားအဆင့်ရောက်အောင် လေ့ကျင့်နေကြ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ လက်ဝှေ့နည်းပညာကို စနစ်တကျ သင်ကြားပေးခြင်း ငွေကုန်ခံနိုင်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ဝှေ့ထိုးတဲ့ အားကစားကို အားမပေးသလို၊ လက်ဝှေ့သမားများရဲ့ ဝင်ငွေကလည်း မက်လောက်အောင် မရကြရှာပါဘူး။ ပြီးတော့ မြန်မာ့ရိုးရာလက်ဝှေ့က ကြမ်းလွန်းတော့ အသက်ငယ်ငယ်နဲ့ ဒဏ်ရာရပြီး အနားယူသွားရတာတွေ များပါတယ်။

လူဖြစ်လာတာနဲ့ ရန်ဖြစ်၊ ထိုးကြိတ်၊ ရိုက်ပုတ်တတ်တဲ့ လူသတ္တဝါတွေ ယဉ်ကျေးစွာပြိုင်ဆိုင်နိုင်တဲ့ လက်ဝှေ့အားကစား လူကြိုက်အများဆုံးအားကစားအဖြစ် လူထု အားပေးနေဦးမယ် ဖြစ်ပါတယ်။ ပြေးခုန်၊ ရေကူး အားကစားလို မိမိကိုယ်ခန္တာကိုယ်ပဲ သုံးပြီး ကစားရတာ လေ့ကျင့်ချိန်ရော၊ ပြိုင်နေစဉ်အချိန်မှာ မောဟိုက်တာပဲ ရှိပါတယ်။ လက်ဝှေ့အားကစားကတော့ လေ့ကျင့်ချိန်ရော၊ ပြိုင်နေစဉ်ရော လက်သီးတွေ တကိုယ်လုံးအထိုးခံပြီး မောဟိုက်ရုံသာမက တကိုယ်လုံးအနာခံရတဲ့ အံ့သြဘွယ်အားကစားအဖြစ် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts