ခင်လွန်း – ဗိုလ်ကလေးများနဲ့ ဒုက္ခသည်စခန်း ငါးနှစ်တာ”
(မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၆
ဘာလိုဖြစ်တယ်မသိ။ ဒီနေ့ ၅ နှစ်တာ နေခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းလေးကိုသတိရမိတယ်။ သတိရတယ်ပြောရင် မလုံလောက်ပါဘူးဗျာ ထိန်ချန်ရာ ရောက်ပါတယ်။ ဆိုတော့ လွမ်းတယ်လို့ပဲ ပြောပါ့မယ် လွမ်းတယ်။
ဒါနဲ့ပဲ အဲဒီမှာနေစဉ်က ဘ၀ပုံရိပ်လေးတွေကို ပြန်မွှေနှောက်ရှာပြီး ကြည့်ရတော့တာပေါ့။
ဓာတ်ပုံလေးတွေထဲမှာ ကျနော်တို့ငါးနှစ်တင်းတင်းနေခဲ့ရတဲ့ ဒုက္ခသည်ဘ၀စံအိမ်လေးကို မီးခိုးနဲ့ဆောင်းနှင်းမြူတွေကြားမှာ တွေ့နိုင်ပါတယ်။ ပြီးတော့ အဲဒီကာလတွေမှာ ကျနော်တို့ရဲ့အထီးကျန်ဆန်မှုတွေ ချိုမြိန်မှုကင်းမဲ့ပုံတွေကို ကုစားအဖော်လုပ်ပေးခဲ့တဲ့ ဘေဘီပန်းကလေးများ(ကလေးများကိုဆိုလိုတာပါ)ပုံတွေကိုလဲ တွေ့ရပါတယ်။
ပုံတွေထဲက ဒုတိယပုံမှာဆိုရင် ကျနော့်ကိုယ်ပေါ်မှာ အစွမ်းကုန်ပြုံးပန်းတွေဝေနေတဲ့ ဘေဘီ ကလေးဟာ ကျနော် ဒုက္ခသည်ဘ၀ကကျွတ်လွတ်ပြီး နယူးဇီလန်နိုင်ငံကိုခိုလှုံခွင့်ရတဲ့အခါ သူရဲ့မိဘများလဲအတူ တချိန်ထဲ လေယာဉ်တစင်းထဲ ပါလာကြပြီး ကျနော်တို့နဲ့ အခုထိတိုင် ဆက်လက်ရေစက်ဆုံတဲ့ဘေဘီလေးပေါ့။ အမေကရင် အဖေရှမ်းဆိုတော့ ကျနော့်အသားအရောင်နဲ့တော့ ကွာပြီပေါ့ဗျာ။ ကျီးကန်းကြီး ဘဲဥချီဆိုတာမျိုးပေါ့။
အခု ဒီတင်ထားတဲ့ပုံတွေထဲက နောက်ဆုံးကျကျ ခေါင်းပေါ် အနွေးစောင်အုပ်ထားတဲ့ချစ်ဖွယ်မျက်နှာလေးဟာ အဲ့ဒီဘေဘီလေးရဲ့လက်ရှိ အရွယ်ပဲဖြစ် ပါတယ်။ အခုဆို ငါးနှစ်ဝန်းကျင်ပေါ့ဗျာ။ နယူးဇီလန်သုံး အင်္ဂလိပ်စကားကို ဟန်ကျ ပန်ကျ လေယူလေသိမ်းကောင်းကောင်းနဲ့ ပြောနေတော့တဲ့ ဘေဘီလေးပေါ့။ ဗမာလိုတော့ အားနည်းရှာတယ်ဗျာ။ နိုင်ငံခြားသားတယောက်က ဗမာလိုပြောတဲ့အခါ ကြားရတာမျိုးပေါ့။ အဲ … ကျနော်တို့ရဲ့ ငပိသံနဲ့ဘိုလိုပြောတာကိုလဲ မပီလို့ဆိုပီး သူက ရီချင်ရီနေတတ်သေးတာ။
ဟိုး … စောစောပိုင်းနှစ်များက ကျနော်တင်ခဲ့တဲ့ပုံတွေထဲမှာ သူလေးဟာ ဒုက္ခသည်စခန်းမှာ ကွန်ပျူတာလက်ပ်တော့တလုံးနဲ့ တကုံးကုံး ရေးချွတ်ဖတ်မှတ်နေတဲ့ကျနော့်ကို အထူးအစမ်းဖြစ်၊ ကွန်ပျူတာစခရင်ပေါ်က တဖြတ်ဖြတ်ပေါ်နေတာကိုလဲ တအံ့တသြဖြစ်နေတတ်သူပေါ့။ နောက်တော့ ထူးဆန်းအံ့သြမှုတွေကနေ လက်ပ်တော့ကိုမြင်တိုင်း သူက ကီးဘုတ်ပေါ် ကျနော့်လက်ချောင်းတွေသွားနေသလို လိုက်တုတော့တာပေါ့။ လိုက်တုတယ်ဆိုတာက ကျနော့်ကိုယ်ပေါ်မှာ ၀င်ထိုင်ပြီး ကီးဘုတ်ပေါ် လက်ချောင်းလေးတွေရွေ့ရွေ့လာတာကိုပြောတာပါ။ သူလဲ စာရိုက်တတ်ပါတယ်ဆိုတာမျိုး။ အဲဒီ့အခါ ကျနော့်မှာ ကိုယ်ရေးတဲ့ ရိုက်လက်စစာလေး ပျောက်သွားမှာလဲစိုးရ…ကလေးငယ်လေးတယောက် ကိုယ့်ကိုယ်ပေါ်မှာ အလိုမကျတခုခုဖြစ်ပြီး ငိုမှာကိုလဲ စိုးရနဲ့ ဗျာများရသူတယောက်ပေါ့။
သူ့အပြင် ကျနော့်ကိုဝိုင်းဗိုလ်ကျ အနိုင်ကျင့်သူတွေ အများကြီးရှိပါသေးတယ်။
အားလုံးသော ကလေးတွေကို ဆန်းစစ်ရင် ကာလာစုံလို့ဆိုရနိုင်ပါတယ်။ ကရင်-ရှမ်း ကပြားကလေး။ ကရင်သွေးသန့်သန့်ကလေး၊ ကရင်-ဗမာကပြားကလေး၊ ချင်းသွေးသန့်သန့်ကလေး၊ ဗမာကလေး၊ အိန္ဒိယသွေးပါတဲ့ ကလေး … စသည် စသည် စုံတယ်ပါတယ်ဗျာ။ ကလေးတွေကိုကြည့်ရင် မြန်မာပြည်က တိုင်းရင်းသားမျိုးစုံ လူမျိုးစုံတို့ ဒုက္ခသည်ဖြစ်နေကြရတာကို အလွယ်တကူ သတိထားနိုင်တာပေါ့။
အဲ … သူတို့က ကျနော့်ကို ဗိုလ်ကျ၊ ကျနော်က အဲဒါလေးကိုပဲ ကြည်နူး။ သူတို့မိဘတွေကတော့ ကလေးထိန်းတော်တဲ့ ကျနော့်လိုလူရှိနေတော့ ကုန်ထုတ်မွေးအားဘက်မှာ တအားတိုးတက်ခဲ့ကြတာပေါ့ဗျာ။
ဒုက္ခသည်ကမွေးတော့ ဒုက္ခသည်လေးတွေဖြစ်။ တိုင်းပြည်မဲ့။ ရေရာတဲ့ခိုင်မာတဲ့အနာဂတ်မဲ့။
ခု အဲဒီလို ကျနော့်ကိုဗိုလ်ကျခဲ့တဲ့၊ ကျနော့်ရဲ့မျောလွင့်လွင့်ဘ၀အပေါ် လက်တွဲအဖော်လုပ်ပေးခဲ့တဲ့၊ ကျနော့်ဘ၀ပိတ်လှောင် မွန်းကျပ် ခံရမှုတွေကို ဖြေဖျောက်ပေး ခဲ့ကြတဲ့ အဲဒီ့ပန်းကလေးများ(ဘေးဘီလေးများကို) မိတ်ဆွေတို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
စိတ်မကောင်းစရာတခုက ကျနော်သာ တပါးနိုင်ငံမှာ (နယူးဇီလန်မှာပါ) ၅ နှစ်နီးပါးကြာ ပြောင်းရွှေ့အခြေချခွင့်ရခဲ့ပေမယ့် ကျနော့်ရဲ့ဗိုလ်လေးများ တချို့ကတော့ ဒုက္ခသည်စခန်းထဲမှာပဲ ဆယ်နှစ်ဆယ်မိုးလောက်နီးပါး ရှိနေကြတုန်းတဲ့။ အော် အနာဂတ်ပျောက်နေသူ တိုင်းပြည်မဲ့နေသူတွေအတွက် ခုထိလဲ ကျနော်တို့တိုင်းပြည်မှာ ပြောကြဆိုကြတာ သီးသီးခြားခြား မကြားမိသေး။
သတိရနေပါတယ် ဒုက္ခသည်စခန်းထဲက ကျနော့်ရဲ့ ဗိုလ်ကလေးပန်းကလေးများ
(ဓာတ်ပုံများ တင်မပေးတော့ပါ၊ စာရေးသူရဲ့ ဖေ့စ်ဘွတ်မှာ သွားကြည့်နိုင်ပါတယ်)
ဓာတ်ပုံမပါတော့ ပျင်းခြောက်ခြောက်ကြီး …လင့်လဲပေးမထား။