ကဗျာ

ဒီလူည – သေ နေ တဲ့ မြစ်

ဒီလူည – သေ နေ တဲ့ မြစ်
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၅

ညတွေက ညမှာ ပြန်အဆိပ်တက်
နေ့တွေက နေ့မှာ ပြန်အဆိပ်တက်
အရိုးကြေနေတဲ့မနက်တွေက အိပ်ငိုက်လာတယ်
ချုပ်ရိုးကျဲကျဲ အိပ်မက်နဲ့ မျက်နှာသစ်ဖို့
သေနေတဲ့စကားလုံးတွေက သတ်ပုံမမှန်ဘူး
ဒရက်ကူလာတစ်ကောင်ကို လည်စင်းခံနေရသလိုမျိုးပဲ
ပြန်ပိတ်လိုက်တဲ့ မျက်ခွံတွေကြားထဲမှာ အသိစိတ်တွေကို မျိုချပြီး
အက်ဆစ်လောင်းထားတဲ့ကော်ဇော်ပေါ်မှာ မသတီတဲ့အပြုံးနဲ့
ဓားသွားပေါ်က ပျားရည်စက်တွေ
ပူအိုက်တဲ့ရာသီမှာ သိုးမွေးထည်ခြုံပြီး နေဆာလှုံနေရတယ်
ဒါ နှင်းဖက်တွေမဟုတ်ဘဲ ပြာပူမှုန်တွေပါပဲ
ပိုးဖလံမဟုတ်ပေမယ့် ပုတ်သင်ညိုတစ်ကောင်လိုပါပဲ
မြေဩဇာစားနေရတဲ့ မြက်ရိုင်းခင်းကြီးတစ်ခုလို
ဖောဖောသီသီရတာဆိုလို့ ကိုယ်လည် ကိုယ်စွပ်မယ့်ကြိုးကွင်းတွေပဲ
အသုံးပြုနေတဲ့ memory တွေလည်း သုံးပါများတော့ လုံးပါးပါးလာတယ်
ချောင်ကျလာတဲ့စာနာမှုတွေက ပြန်ကြပ်လို့မရတော့ဘူး
ချဉ်စုတ်စုတ် အတ္တတွေကို ဖောက်ထုတ်ကြည့်လိုက်တော့
အရှိုက်တည့်တည့်မှာ လက်နက်ပုန်းကအသင့်အနေအထားနဲ့
လက်သီးပုန်းတွေကလည်း ပုတီးတစ်လုံးရဲ့အံဝှက်ထဲမှာ တိုးတိုးတိတ်တိတ်
ဖျက်ရာများတဲ့ စာမျက်နှာတွေက သိပ်ချို
မော့သောက်ဖြစ်ခဲ့ သီအိုရီအဟောင်းတွေတောင်
အခိုးတလူလူထွက်နေတဲ့ မြစ်သေတစ်ခုမှာနစ်မြှုပ်
အဲဒီလိုနဲ့ပဲ  တစ်ရက်ပြီး တစ်ရက်
ဗလာစာရွက်တွေပေါ်မှာ ဒဏ်ရာတွေ အတိုးတက်လာတယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts