ဖိုးထက် သရော်စာ

ဖိုးထက် – ဖိုးတစ်ခေတ်ကို ဖိုးထက်နဲ့ မတုနဲ့

ကာတွန်းသရုပ်ဖော် – ဖိုးငရစ်

ဖိုးထက် – ဖိုးတစ်ခေတ်ကို ဖိုးထက်နဲ့ မတုနဲ့

(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၅

ဘုရား …ဘုရား…

 

ကလောင် အမည်လေးပြောင်းရ ကောင်းမလားလို့ ဖိုးထက် တွေးမိသည်။ ပြောင်းမယ်လို့သာ တွေးရတာ ကိုယ့် ကလောင်က ဘယ်သူမှ သိပ်မသိသော ကလောင်။ အမျိုး အရင်းကြီးတွေ၊ မိတ်ဆွေ အရင်းကြီးတွေပင် ကိုယ့်ကလောင် အမည် “ဖိုးထက်” ကို မသိကြ။ ကိုယ်ဘာစာတွေ ရေးမှန်းလဲ မသိကြ။ အနည်းအကျင်း ရေးတယ်လို့သိထားသူတွေကြတော့လဲ ဒီလို အကောင် ဘာရေးတတ်မှာလဲ လို့ တွေးကြဟန်တူသည်။ အင်း…အဲ..တောင် လုပ်ဖော်ရကြတာ မဟုတ်။ ဒီအတွက် ၀မ်းမနည်း။ အားလဲ မငယ်။ ငါစာရေးတာ ငါ့အတွက်ရေးတာလို့ သတ်မှတ်ထားပြီး အားတင်း ရေးရသူလေးဆိုတော့ စိတ်လေး ချမ်းသာဖို့ လိုရင်း မို့လား။ 

အခုတော့ မရတော့…ဖိုးထက် ဖိုးထက် ဆိုသည့် ကလောင် အမည်သည် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေသည့် ပုဂ္ဂိုလ်ကြီး ဖိုးတစ်ခေတ် နဲ့ ခပ်ဆင်ဆင် သွားတူနေသည်။ ဖိုးထက် နဲ့ ဖိုးတစ်ခေတ် ဘာတူသလဲ။ တူတာ တစ်ခုတော့ ရှိသည်။ အများပြောကြသလို ကြောင်တာတော့ တူနိုင်သည်။ သူလဲ ကြောင်ဟန် တူသည်။ ဖိုးထက်လဲ ကြောင်တတ်သည် မဟုတ်လား။ တစ်ခါတစ်ရံ ကြောင်သည်သာ မက။ သွက်သွက်ခါအောင် ရူးနေတာဟု အပြောတောင် ခံရသေးသည်။ ဒီကိစ္စမှာတော့ ဖိုးတစ်ခေတ်ထက် ဖိုးထက်က သာဟန်ရှိသည်။ 

 

မတူတာကတော့ အများကြီး။ ဖိုးတစ်ခေတ်က “မြေကြီးကို မနင်း” ဟူသတတ်။ ဖိုးထက်က မြေကြီးကို နင်းရလွန်းလို့ ဘယ်ဘက် ခြေဖနှောင့်က နာကျင်ကိုက်ခဲ နေတတ်သဖြင့် ညနေတိုင်း ပရုတ်ဆီ ပွတ်ယူရသည်။ နောက်ပြီး ၀တ်ပုံ စားပုံ မတူ။ ဖိုးထက်က တီရှပ်တစ်ထည်။ ဘောင်းဘီ တစ်ထည် နှင့် အောက်ခံ ဘောင်းဘီ တစ်ထည်ဆိုလျှင် ဘယ်ကို သွားသွား သွားနိုင်သည်။ မင်္ဂလာဆောင်သွားလဲ တီရှပ်နဲ့ ဘောင်းဘီ။ အလုပ်သွားလဲ ဒီတီရှပ်နဲ့ ဒီဘောင်းဘီဆိုတော့ ကောင်းကောင်း ဧည့်မခံသည့် မင်္ဂလာဧည့်ခံသူတွေ တွေ့ရသည်။  ဖိုးတစ်ခေတ်ကတော့ ပခုက္ကူစောင်တွေလား၊ ဘာဘူစောင်တွေလား ဘာတွေလား မသိ အများကြီး ပါတ်ထားသည်။ သူ့စောင်တွေက အရောင်အသွေးစုံသည်။ တောက်တောက် ပြောင်ပြောင် ရှိသည်။  ဖိုးထက် တီရှပ်တွေက အရောင်မွဲမွဲ။ အရောင်လွင့် လွင့်တွေ။ လျှော့ဈေးနဲ့ရမှ တိုက်ဆွေးတွေ ၀ယ်ဝတ်တတ်သူဆိုတော့ ဖိုးထက်နဲ့ ဖိုးတစ်ခေတ် အ၀တ်အစား အရောင်သွေးက အပုံကြီး ကွာသည်။

 

နောက်ပြီး ဖိုးတစ်ခေတ်က ခေါင်းပေါင်း ပေါင်းထားသည်။ ဒါတော့ ဖိုးထက်နဲ့ တူသလိုလို ရှိသော်လည်း ကွဲပြန်သည်။ ဖိုးထက်က ဆံပင် ရှည်လာလို့ ဆံပင် သွားညှပ်ရမှာ ပျင်းနေသေးလျှင် တွေ့ကရာ ဦးထုပ် ယူယူဆောင်းသည်။ သူငယ်ချင်းတွေ ဦးထုပ် ဘုန်းဘုန်းပြီး ဆောင်းကာ ဖျောက်ပြစ်တတ်သဖြင့် မိတ်ဆွေ ညီလေးတစ်ယောက်က နောက်ထပ် သူ့ဦးထုပ်တွေ မထိပါနဲ့လို့ တောင်းပန်ပြီး အပိုင်ပေးထားသည့် သဘောင်္ဆေးတွေ ပေနေသည့် ဦးထုပ် အစုတ်လေး တစ်လုံးသာ ရှိသည်။ ဖိုးတစ်ခေတ်ကတော့ အရောင်စုံစုံ၊ အရောင်တောက်တောက် တပက်လိုမျိုး အစတွေ ပါတ်ထားသည်။ ဖိုးထက်နဲ့ ဖိုးတစ်ခေတ်တူအောင် ဒီတစ်ခေါက် ဦးထုပ် အစုတ်ကလေး ပျောက်သွားလျှင် ရေလျှော်ရမှာ ပျင်းသဖြင့် သိမ်းထားသည့် ကရင် ပုဆိုး အနီကွက်ကြီးကို ကပ်ကြေးဖြင့် ကိုက်ကာ ခေါင်းမှာပါတ်ရ ကောင်းမလား တွေးမိသည်။ အသားမည်း အရဲဆင် လှလိုက်မည့် ဖြစ်ခြင်း။ 

 

ဖိုးတစ်ခေတ်က စီးတော်ယာဉ်တွေ အစုံ စီးသည်။ ဆိတ်၊ သမင်၊ ကျွဲ၊ ဒရယ်၊ ဆင်၊ နွား စုံသည်။ ဖိုးထက်ကတော့ သက်ရှိ အကောင်ပလောင်တွေ မပြောနှင့် သက်မဲ့စက်ဘီးတောင်မှ စားစရာ ပိုက်ဆံ မရှိသဖြင့် အောက်ဈေးနဲ့ ပြန်ရောင်းထားရသည်။ ဘတ်စ်ကား တိုးစီးရသည်။ ရထား တိုးစီးရသည်။ “လား” စီးပါလားလို့ လုပ်လာမည့် မိတ်ဆွေ အရင်းတွေ ရှိသောကြောင့် အသက်ရှိနေသရွေ့ ကျန်းမာရေးအတွက်ကလွဲပြီး ဘာအကောင်မှ မစီးဘူးဟု သံဓိဌာန်ချ ထားသူ ဖြစ်သည်။ တစ်ခုတော့ ရှိသည်။ ကုလားအုတ်တော့ စီးဘူးသည်။ သို့သော် ကိုယ်စီးသည့် ကုလားအုတ်က အထီးမှန်း အမမှန်း မသိသော်လည်း ကိုယ့်အလှည့်ကျမှ ဘယ်မှ မသွားတော့ဘဲ ပေကတ်ကာ လှဲအိပ်သဖြင့် လက်လျှော့ခဲ့ရသည်။ ဖိုးတစ်ခေတ်ကတော့ အကောင် ပလောင်တွေသာ မကသေး။ တွေ့ကရာ လူကျောကုန်းပေါ် တက်စီးသည်တဲ့။ ဖိုးထက်ကတော့ သူများ ကျောကုန်း တက်စီးဖို့ မပြောနှင့် ကိုယ့် ကျောပေါ် တက်စီး ချင်သော လူတွေ များနေသဖြင့် ငါဟဲ့ လူ။ ငါ ဟဲ့ လူလို့ ခဏ ခဏ လူသံ ပေးနေရသည်။ 

 

နောက်ထပ် အလွန်ကွဲပြား ခြားနားသည့် ကိစ္စကြီး ရှိသည်။ ဖိုးတစ်ခေတ်က နောက်လိုက် ၅၀၀၀ လောက် ရှိသည်ဟု ဆိုသည်။ ဖိုးထက်က ငါးထောင် မပြောနှင့် ငါးယောက် မပြောနှင့် ငါးမူးဖိုးတောင် နောက်လိုက် ရှိသူ မဟုတ်။ ရှိခဲ့ဘူးသည့် နောက်လိုက်လေးများက မကြာခင်ကမှ ဗိုလ်သင်တန်းတက်ကာ စီမံခန့်ခွဲရေး ဘွဲ့ယူလာကြသဖြင့် ဖိုးထက်က သူတို့ နောက်ကိုလိုက်ရတာဘဲ ရှိသည်။ ဖိုးတစ်ခေတ်အတွက် ပိုက်ဆံ ဆယ်သိန်းရအောင် အလှုခံပေးမည့် သူတွေ ရှိသည်။ ဖိုးထက်ကတော့ ပိုက်ဆံ ချေးလွန်းသဖြင့် အတွေ့မခံသည့် သူငယ်ချင်းတွေ အများကြီး ရှိသည်။

 

ဖိုးတစ်ခေတ်ကို အသက်ပေးရ ပေးရ ယုံကြည် ကြည်ညိုသူတွေ ရှိသည်။ ရိုက်သတ်ရင်တောင် မျိုးတုန်း သတ်ပွဲကြီး ဖြစ်သွားနိုင်သဖြင့် နုရင်ဘတ် မြို့သို့ အချုပ်နှင့် အပို့ခံရနိုင်သည်။ ဖိုးထက်ကို ယုံကြည်သူဆိုလို့ မှန်ထဲက အကောင်တောင် သူ့ကို ယုံချင်တာ မဟုတ်။ ဖိုးထက်ကလဲ ရှင်တော် ဗုဒ္ဓဘုရားသော်မှ ရံဖန်ရံခါ တစ်ထွာ တစ်မိုက် ဥာဏ်လေးဖြင့် စောဒကတက်ပြီး ယုံကြည်သူ ဖြစ်သည်။ ဖိုးတစ်ခေတ်ကို နောက်လိုက်တပည့် တပန်းတွေ များစေဖို့ ရုပ်တည်ကြီးနဲ့ နေ၊ ရှူတူတူကြီး နေဖို့ ကြိုးစားကြည့်ချင်သော်လည်း မွေးကတည်းက ပါလာသည့် မျက်နှာရူးကို ဘယ်လိုမှ ပြင်လို့ ရမည် မထင်။ ကြိုးစားနေကြည့်လို့ ရသည်ထားအုံး..မရှိမဲ့ ရှိမဲ့ မိတ်ဆွေများက ဒီအကောင် ဘ၀င်ရူး၊ ငကြောင်၊ အောက်ခြေလွတ်နေတာလို့ ထင်ကြပေမည်။ အခုတောင် သူတို့ကို ဘာမှ မလုပ်ပါဘဲ အသားလွတ်ကြီး ဘ၀င်မြင့်နေသည်လို့ ထင်နေကြသေးသည် မဟုတ်လား။ မခေါ်မပြောနိုင်အောင် မျက်မုန်းကျိုးနေကြသည် မဟုတ်လား။

 

ဖိုးထက်က ဖိုးတစ်ခေတ်ကို လိုက်တုချင်သော ကိစ္စတော့ ရှိသည်။ ဖိုးတစ်ခေတ်က အပျိုလေးများကို ခေါ်ခေါ်ပြီး နို့သောက်သည်ဟု အတင်းပြောသံ ကြားရသည်။ ဒါတော့ ဖိုးထက်နဲ့ ၀ါသနာ တူသည်။ လက်ဝါးချင်းရိုက် Hi Five လုပ်ချင်သည်။ ဟုတ်တာ မဟုတ်တာ အပထား ဒီလို တိမ်မြုပ်နေသော ပုဂံခေတ်အစောပိုင်း ပန်းဦးလွှတ်ယဉ်ကျေးမှုနှင့် ဆင်တူသည့် ယဉ်ကျေးမှု ပြန်လည်ဆန်းသစ် ဖော်ထုတ်သူကို အားကျသည်။ လေးစားရသည်။ ခက်တာက ဘယ်အပျိုမှ နို့ထွက်မည် မထင်။ သူ ဘယ်လို နို့ရအောင် ညှစ်သလဲ စိတ်ဝင်စားဖို့ ကောင်းသည်။ ဒီအတွက် ဖိုးထက်က ဖိုးတစ်ခေတ်ဆီသို့ ကျွန်ခံ သင်ရ သင်ရ၊ ဆယ်နှစ် ဆယ်မိုး သင်ရ သင်ရ သင်ချင်သည်။  ဖိုးတစ်ခေတ်ကို ကြည်ညိုသူတွေဆိုတော့ သူ့ဘာသာ ဘယ်လိုနည်းလမ်းသုံးသုံး နို့ထွက်အောင် အညှစ်ခံကြမှာ ဖြစ်သော်လည်း ဖိုးထက်သာ သူ့နည်း လိုက်သုံးလျှင် သုံးခွန်ခြောက်ဖြင့် ငြိနိုင်ပြန်သည်။ နောက်တက်မည့် အစိုးရကလဲ မုဒိန်းသမားတွေကို အရင်အစိုးရတွေလိုမျိုး ပြန်လွှတ်တော့မည် မထင်။ ဒီတော့ ဆန္ဒကို သိက္ခာနဲ့ ထိန်းသင့်သည်လို့ တွေး၊ တံတွေးမျိုချကာ ဖိုးတစ်ခေတ်ကို ဆရာက ဆရာပါဗျာလို့ တွေးပြီး ခိုက်ရသည်။

 

ဖိုးထက်က ဖိုးတစ်ခေတ်ကို လိုက်တုပြီး သူ့လို နေလို့ရနိုင်သည် ထားအုံးတော့။ ဘယ်လိုမှ မဖြစ်နိုင်သော ကိစ္စကြီး ရှိပြန်သေးသည်။ သူက နှုတ်ခမ်းနီ၊ ပါးနီ ဆိုးသည်။ ဖိုးထက်က နှုတ်ခမ်းနီ မပြောနှင့် နေလောင်လွန်းသဖြင့် မျက်နှာပေါ်ရှိ အဖုအပိန့်တွေ သက်သာစေဖို့ ဆရာဝန် ညွှန်းသည့် မျက်နှာချေသော်မှ လိမ်းပြီး မှန်ထဲ ကိုယ့် ရုပ်ကိုယ် ပြန်ကြည့်ကာ ထမင်း သုံးနပ်လောက် လွတ်အောင် ရွံဘူးသည်။ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးနှင့် နှုတ်ခမ်းရဲရဲ မိတ်ကပ်အဖွေးသား မျက်နှာကြီးက ဖိုးတစ်ခေတ်လို လှချင်တိုင်း လှဖို့ မဖြစ်နိုင်။ 

 

လူတွေ ဘယ်လို ပြောချင်ရာ ပြောကြပါစေ။ ငေါ့ချင်ရာ ငေါ့ကြပါစေ။ ဖိုးတစ်ခေတ် သာသနာ ပေါ်လေပြီဟု ဆိုရချေမည်။ မြန်မာ့ သမိုင်း မပြောနှင့် ကမ္ဘာ့သမိုင်းမှာပင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ခေါင်းဆောင်တွေ ရှိခဲ့ကြသည်။ မိုဟာမက် အရှင်၊ ယေရှူ အရှင်၊ ဗုဒ္ဓ မြတ်စွာ ဘုရား၊ မဟာဝိရ၊ ဇော်ရော့ အက်စတာ၊ မနိ တို့လို ပုဂ္ဂိုလ်ကျော်ကြီးတွေ ရှိခဲ့သည် မဟုတ်ပါလား။ အခုလဲ ဖိုးတစ်ခေတ်က အခြားသော ဘာသာတရားများ အချင်းချင်း တိုက်ခိုက်ပြီး သေကုန်ကြလျှင် သူ့ဘာသာ တရားဘဲ ကျန်ခဲ့မည်လို့ ပြောနေသည်။ ပေါ့သေးသေးမဟုတ်။ ပေါ့ကြီးကြီးသာ ဖြစ်ရချေမည်။ ဖြစ်နိုင်ချေလဲ ရှိသည်။ ကိုးကွယ် ယုံကြည်ရာ ကွဲသည်နှင့် စိတ်ဝမ်းကွဲပြီး အချင်းချင်း သတ်ကုန် ဖြတ်ကုန်အောင် လုပ်နေကြသည့် အဖွဲ့အစည်းတွေ ရှိနေသည် မဟုတ်လား။ နောက် နှစ်ပေါင်း တစ်ထောင်ခန့် ကြာသော် ဖိုးတစ်ခေတ်သာသနာ နေလို လလို ရောင်ဝါ မထွန်းဘူးဟု မည်သူ ပြောနိုင်ပါအံ့နည်း။ ဘယ်သူမှ မပြောနိုင်။ မပြောနိုင်လို့ မပြောနိုင်။

 

ထို့ကြောင့် ဖိုးထက်ဆိုသော ကလောင် ပေါက်စိကွေး အမည်လေးကို ဖိုးတစ်ခေတ်နဲ့ ကွဲစေဖို့ အမည်ဆင်တူယိုးမှား မဖြစ်စေဖို့ ပြောင်းမည်လားဟု အတွေကို အမြန်ရုပ်သိမ်းသင့်သည်။ ဖိုးထက်နဲ့ ဖိုးတစ်ခေတ် ရှေ့က “ဖိုး” ပါတာချင်း တူနေတာကိုဘဲ ကျွ်န်ုပ်ဖိုးထက်က ဂုဏ်ယူမဆုံး ရှိချေသည် တမုံ။ 

ဖိုးထက် 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts