လင်းသက်ငြိမ် – ငါ ကဗျာ မရေးဖြစ်ဘူး
(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၅
ဘယ် သံအမတ် ကြီးဆီကမှ
ဝမ်းနည်းကြောင်းသဝဏ်လွှာ ရောက် မလာဘူး
ဘယ်ယဉ်ကျေးမှုအဖွဲ့အစည်းကမှ
လှမ်းပြီး မဆက်သွယ်ဘူး
ငွေရှင် ကြေးရှင်များ
အာဏာပိုင်အဖွဲ့အစည်းများ
အေး အေး ဆေး ဆေး အေး ဆေးပဲ
နေ့စဉ်ထုတ် သတင်းစာများ
ဂျာနယ်လစ်များ သတင်းဦး လာမယူကြဘူး
ရုပ်မြင်သံကြားမှ
တိုက်ရိုက် ဆက်သွယ် မေးမြန်းခြင်းများ
ရောက် မလာကြပါဘူး
နာရီတွေ ပုံမှန်လည်ပတ်လျက်
ဘီယာဆိုင်များ ရောင်းအားကောင်းလျက်
ဖြတ်သွားကြတဲ့လမ်း ပေါ်က
ကောင်မလေးတွေလည်း လှမြဲလှလျက်
ငါ ကဗျာ မရေးဖြစ်လည်း ကမ္ဘာကြီးက ဒီအတိုင်းပဲ
လက်နက်ကိုင်များ၊ စစ်သွေးကြွများ၊ မုဒိမ်းကောင်များ၊ အာဏာရှင်များ၊ ဆရာဝန်များ၊ လူနာများ၊
ရှေ့ နေများ၊ ထောင်များ၊ အကျဉ်းသားများ၊ စေတီပုထိုးများ၊ ဘုန်းကြီးများ၊ ဆေးရုံများ၊ လူနာတင်ကားများ ပြည့်တန်ဆာများ၊ ရော့ခ်သီချင်းများ၊
မင်္ဂလာပွဲများ၊ နာရေးများ၊ နွေများ၊ မိုးများ၊
ဆောင်းများ၊ တရားပွဲများ၊ လော်ဘီများ၊ ဆေးထိုးအပ်များ၊ ခပ်ညံ့ညံ့ရုပ်ရှင်များ၊ အပေါစား ဝတ္ထုများ၊
သူ့ အတိုင်း ရှိနေကြတယ်
သူ့ အတိုင်း ရှိနေခဲ့ကြတယ်
ငါကဗျာမရေးဖြစ်ဘူးလို့ နောက်တစ်ခါ ထပ်ပြောပါဦးမယ် ။