ဘလက်ခ် – ကိုကြီးသိန်းတို့ရုံမှာပြသွားတဲ့ အရင်တစ်ပတ်က ဇာတ်ကားရဲ့ အဆက်
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၅
လူမိုက်ခေါင်းဆောင်က မာသာထရီဇာ
သူ့တပည့်က မာတင်လူသာ ကင်း(ဂျူနီယာ)
သူက လက်ဖြောင့်တယ်
နောက် သူတို့လူယုတ်မာဂိုဏ်းမှာ အဖွဲ့ဝင်တွေအများကြီး
ကာ့ဖ်ကာ
မာယာကော့ဖ်စကီး
ဘရက်ပစ်
မာလာလာ နဲ့
နောက်ဆုံးမှာ အဲဖရက် နိုဘယ်
ဒီကောင်တွေ သိပ်ရက်စက်ခဲ့တာပေါ့ …
ဇာတ်လိုက်ကတော့ မိုက်တယ်
တစ်ကယ့် အလန်းကြီး
သေနတ်ပစ်တဲ့အခါ
ဘယ်တော့မှ မိုးပေါ်ထောင်မပစ်ဘူး
ဘယ်သူမှားမှား ပြည်သူတွေဘက်က အမြဲရပ်တည်တယ်
သနားကြင်နာစိတ် ရှိတယ်
မိဘပြည်သူများခင်ဗျာ ဆိုပြီး
မေတ္တာတွေ နိုင်းချင်းနဲ့ အုပ်ချုပ်တယ်
နိုင်ငံသားတွေရဲ့ ပျော်ရွှင်မှု ဖန်ခွက်ထဲ
ဂရုဏာတွေ တရစပ်ထည့်ပေးတယ်
ဒီရေ တက်လာသလိုမျိုး
နိုင်ငံထဲက ခွက်အလွတ်တိုင်းဟာ လျှံကျ …
ကံကြမ္မာများ ဆိုးချင်တော့
ချက်ချင်းဆိုသလို လူဆိုးဂိုဏ်းက
ကမ္ဘာပေါ်ရောက်ချလာ
ဟဲမင်းဝေး နဲ့ ဒဂုန်တာရာပါ ပါတာပေါ့
အေးအေးနေတဲ့ မြို့သားတွေကို နှိပ်စက်
သတ်ဖြတ် ပစ်ခတ်
ငရဲခွေးကြီးလွတ်လာတယ် ဆိုသလို
ဒေဝဒတ် ဝိုင်းတော်သားများမှ ဖျက်စီးသွားကြောင်း
အတည်ပြုပြောကြား
ဒီသတင်း ကြားကြားချင်းပဲ
ဇာတ်လိုက် တင်းသွားတယ် …
ငါ့နိုင်ငံသူ
ငါ့နိုင်ငံသားကွ
အကျယ်ကြီးထပြီး ကြုံးဝါးတယ်
ချက်ချင်းဆိုသလိုပဲ ရရာလက်နက်ထဆွဲ
သေနတ် ဓား တုတ် ကျည်ကာ
အများနဲ့တစ်ယောက် မဟုတ်လား
ဒီလိုဆိုတော့လည်း
နိုင်ငံသားတွေက သူ့အတွက်စိတ်ပူကြတယ် …
မပူပါနဲ့ ဗျ
ဘာရမလဲ ရွှေဘ
နောက်ဆုံးတော့ ရွှေဘ မှ ရွှေဘ
လှလှပပကြီး အနိုင်ရခဲ့ပလေ
မဝင်းကြည်ရယ်
ခင်ဗျားမလည်း ခုချိန်ထိ အယုံလွယ်တုန်းကိုး ။ ။