စာစုတို

အေအမ်တီ – ည၏အာခေါင် (အက်ဆေး)

အေအမ်တီ – ည၏အာခေါင် (အက်ဆေး)
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅

ခြင်တစ်ကောင် လက်ဖျံပေါ်လာနားသည်။

သည်းခံခြင်းသာ ခြင်ထောင်တလုံးဖြစ်လျှင် အတော်ကောင်းလိမ့်မည်။ သင်၏လက်ဖျံပေါ်လာနားသောခြင်အား ရိုက်ခြင်း ထက် မောင်းထုတ်ခြင်းက ပိုမိုခက်ခဲသည်ကို လူတော်တော်များများက မတွေးမိကြပေ။ ထို့ကြောင့် ကျနော်တို့သည်  သည်း ခံခြင်းကို ခြင်ဆေးခွေကဲ့သို့ အမြောက်အများ ထုတ်လုပ်ရောင်းချသင့်သည်။ ဖြစ်နိုင်လျှင် ကံစမ်းမဲအပါအဝင် စူပါမော်ဒယ် မလေးများသုံး၍ အကြီးအကျယ် ကြော်ငြာသင့်သည်။

ခြင်သံကိုကြားလို့မရသူများအား တွေ့ဘူးသည်။ ထိုသူ၏ သည်းခံခြင်းအား ခြင်ဆေးထူထူ လိမ်းပေးရမည်ဖြစ်သည်။ ခြင် (၁၃) ကောင်ထိ အကိုက်ခံနိုင်သူကိုလည်း တွေ့ဘူးသည်။ ထိုသူက “ကျနော် အိပ်ပျော်နေလို့ပါ” ဟု ပြန်ပြောပြသည်။ လူက လူကို ခြင်ကိုက်သလိုကိုက်ပြီး လူလူချင်း ခြင်ရိုက်သလိုရိုက်နေသော ဤခေတ်ကြီး၏ အမှောင်သည် ကျနော်တို့၏ သွေး ကြောများထဲသို့ ကူးစက်ပျံ့နှံ့လျှက်ရှိနေသည်။ ထို့ကြောင့် ကျနော်တို့သည် လူဆေးခွေများအား အလျင်အမြန် ထုတ်လုပ် ရောင်းချရမည် ဖြစ်သည်။

မှောင်လျှင် ခြင်ပိုကိုက်သည်ဖြစ်ရာ အမှောင်ခေတ်သည် ခြင်တို့၏ ခေတ်ဖြစ်သည်။ ခြင်လုံဇကာတောင်းဆိုကြသူများ လူလုံ ဇကာနှင့် ဖြစ်ကုန်ကြသည်။ ခြင်ကိုက်လွန်းသဖြင့် ခြင်ဆေးတောင်းဆိုကြသူများ ခြင်ဆေးခွေကဲ့သို့  ဘဝကိုမီးရှို့ခံကြရသည်။ ထိုအခါ ၎င်းတို့၏အရေပြားသည် ၎င်းတို့၏ ခြင်ထောင်များဖြစ်သွားကြသည်။ သည်းခံခြင်းသည် ခြင်ထောင်တလုံးလော (သို့မဟုတ်) တောင်းဆိုခြင်းသည် ခြင်ထောင်တလုံးလော။ အမှန်တကယ် ကျနော်တို့  ယားယံနေသည်မှာ ခြင်ဆေးမဟုတ်၊ ခြင်ထောင်မဟုတ်၊ အလင်းရောင်ဖြစ်သည်။ အလင်းရောင် သန့်သန့်အား မီးညှိခြင်းသည် လူဆေးခွေအား မီးညှိခြင်းပင် ဖြစ်သည်။

ငှက်ဖျားရောဂါ ကာကွယ်နိုင်ရန် ကွန်ဂိုနိုင်ငံ၌ ကျေးလက်နေပြည်သူများအား NGO များက ဆေးစိမ်ခြင်ထောင်များ ထုတ် ပေးသည်။ ဒေသခံများက ယင်းခြင်ထောင်များဖြင့် ငါးဖမ်းပစ်သည်။ ဤသို့ဖြင့် လူအတော်များများ တံငါနားနီး တံငါ ဖြစ် သွားကြသည်။

ကမ္ဘာကြီးသည် တံငါရွာကြီးလော။ ကျနော်တို့အရေးတကြီး အမှန်တကယ်လိုအပ်နေသော အလင်းစိမ်ခြင်ထောင်များအား မည်သို့ ယက်လုပ်ကြမည်နည်း။ ကျနော်တို့၏ သွေးကြောများဖြင့်သာ ယက်လုပ်ကြရမည်ဖြစ်သည်။ ကျနော်တို့မျိုးဆက်ရင် သွေးငယ်များ၏ သွေးကြောစိမ်းစိမ်းများ မိုးစင်စင်လင်းရန် ယခုညတွင် ထွန်းညှိရမည့် လူဆေးခွေမှာ ကျနော်တို့ကိုယ်တိုင် ပင်ဖြစ်သည်။

AMT
မေ ၅၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts