ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်မိုးသူ

မောင်မိုးသူ – သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်မိုးသူ
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၅

မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူဆောင်းပါးဖြစ်သည်။

ရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတောင်းဆိုချက်ကတော့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတကြီးဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခွင့်ပေးပါလို့ တောင်း ဆိုခဲ့ခြင်းပါပဲ။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပြုလုပ်ပြီး နေ့ချင်း ညချင်းဆိုသလို အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြို အနိုင်ရပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ၊ သမ္မတကြီး၊ ကာချုပ်တို့နဲ့ တွေ့ဆုံဖို့ တောင်းဆို စာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးပြန်ကြားသူက  လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဖြစ်ပြီး သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြ တာပဲ ငါးကြိမ်လောက်ရှိပါပြီ။ ဒါပေမဲ့ သမ္မတကြီးနဲ့ ကာချုပ်တို့ဆီက တုံ့ပြန်မှုကို အတော်ကြာကြာ စောင့်ဆိုင်းခဲ့ကြရပါတယ်။ ဒါပေမဲ့လည်း ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ မနက်ပိုင်းမှာ သမ္မတကြီးနဲ့ တွေ့ဆုံခွင့်ရရှိ၊ ညနေပိုင်းမှာ ကာချုပ်ကြီးနဲ့ တွေ့ဆုံ ခွင့်ရရှိခဲ့ပြီး သူတို့အချင်းချင်း အသေးစိတ်ပြောကြားမှုတွေကို ထုတ်ပြန်မှု မသိရသေးပေမဲ့ သမ္မတကြီးနဲ့ ဒေါ်အောင် ဆန်းစုကြည် ပြုံးပြုံးရွှင်ရွှင်တွေ့ကြတာတွေ၊ ကာချုပ်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံကြရာမှာလည်း ပြုံးပြုံးရွှင်ရွှင် တွေ့မြင်ရပြီး သမ္မတရုံး၊ ကာချုပ်ရုံး၊ ထုတ်ပြန်မှုတွေ အကောင်းဘက်ဆောင်တဲ့ သဘောကိုတွေ့ရပါတယ်။

သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာမှာ အဓိကချောမွေ့စွာ အာဏာလွှဲပြောင်းမှုက လွဲပြီး အခြား ဘာမှ မရှိလှပါဘူး။ သမ္မတကြီးရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ် ဒီက အနိုင်ရတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောစရာကတော့ ၂၀၁၅ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ခဲ့တာကို ချီးကျူးဂုဏ်ပြုစကားပြော၊ အနိုင်ရပါတီကို ချောမွေ့စွာ အာဏာလွှဲပြောင်းပေးတဲ့အတွက် ချီးကျူးစကားပြောကြဖို့ပဲ ရှိပါတယ်။ သမ္မတကြီးဘက်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အင်န်အယ်လ်ဒီနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ကို ဂုဏ်ပြုစကားပြောကြားပြီး အာဏာကို ချောမွေ့စွာ လွှဲပြောင်းပေးခြင်းပဲ ရှိပါတယ်။

ကာချုပ်ကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးကြရာမှာတော့ နှစ်ဦးနှစ်ဖက် အလွယ်တကူ ရှင်းရှင်းလင်းလင်းတော့ ရှိနိုင်မယ် မဟုတ်လှပါဘူး။ ကြားဖြတ် ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ဝင်ရောက်အရွေးခံစဉ်ကပဲ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီဟာ အင်မတန်နည်းပါးတဲ့ အင်အားစုလေးသာရှိတဲ့အတွက် အခြေခံဥပဒေပြောင်း လဲရေးဟာ ပြီးခဲ့တဲ့ လွှတ်တော်တွင်းမှာ ဘာမှလုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ အင်န်အယ်လ်ဒီက အများစုအနိုင်ရပြီး ဖြစ်တဲ့အပြင် ကာချုပ်ကြီးကိုယ်တိုင်ကလည်း အခြေခံဥပဒေပြင်ဆင်မှုများ လုပ်သင့်လုပ်ထိုက်သလို လုပ်ကြရမယ်လို့ ပြောဆိုထားပြီးသားရှိနေပါတယ်။

ဒါပေမဲ့ သမ္မတကြီးနဲ့ ကာချုပ်တို့ရဲ့ ပကတိအနေအထားက မတူညီပါဘူး။ သမ္မတကြီးရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ် စားလှယ်အနည်းစုသာ အနိုင်ရပြီး ကြံ့ခိုင်ရဲ့ အင်အားဟာ အတော်ပဲ ယိုင်နဲ့နေပါတယ်။ ဒါပေမဲ့ ကာချုပ်ကြီးရဲ့ စစ်တပ်ကတော့ တပ်မတော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလက်ထဲမှာရှိပြီး ဖြစ်နေတဲ့အပြင် တပ်မတော်ကို အဘက်ဘက်က အသာစီးရမယ့် ၂၀၀၈ အခြေခံဥပဒေဆိုတာကြီးကလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝင်ဝင်ချင်း ဆောက်နဲ့ထွင်းသလို မြန်မြန်ဆန်ဆန်ကြီး များများစားစားကြီး ပြောင်းလဲဖို့၊ ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်နိုင်ခြေ မရှိ ပါဘူး။

တိုင်းပြည်ရဲ့ အနာဂတ်ကို မျှော်ကိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သူတို့ နှစ်ယောက် တိုင်းပြည်အတွက် အကျိုး တူ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အကြောင်းပြောကြားခဲ့ပါတယ်။ သမ္မတက  ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းဖို့ကို ဆွေး နွေးနိုင်ခဲ့ပြီး ကာချုပ်ကြီးကလည်း  တိုင်းပြည်အတွက် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း ပြသပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ ကာချုပ် ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သည်တကြိမ်ဟာ ပထမဆုံးတွေ့ဆုံရခြင်း ဖြစ်ပြီး အခြေအနေက ကောင်းနေပါတယ်။

သမ္မတကြီးနဲ့ ကာချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံခြင်းဟာ ပကတိ ချောမွေ့ပြီး အဆင်ပြေနေတာကို တွေ့ရပေမဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ရင်ဆိုင်ရမယ့် ပြဿနာတွေကတော့ အများကြီးမှ အများကြီး ရှိနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်နိုင်ဖို့။ ဒါကတော့ ပြည်တွင်းစစ်ကို ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ငွေရေးကြေးရေး ဖောင်းပွပြီး တိုင်းပြည်က ဆင်းရဲတွင်းနစ်နေရာက ကုန်းရုန်းထဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်း အခြေအနေအရပ်ရပ်က အနုတ်လက္ခဏာ ပြနေပါတယ်။

နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် အခြေအနေကတော့ အရမ်းအရမ်းကို ကောင်းနေပါတယ်။ ဂျပန်နိုင်ငံဟာ ခေတ်အဆက် ဆက်က မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုပြုခဲ့တဲ့ နိုင်ငံဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားပြီး ယခုလတ်တလောမှာပဲ အင်န်အယ်လ်ဒီက ဦးဥာဏ်ဝင်း ဂျပန်မှာ ရောက်ရှိနေပြီး ကြွေးတွေလျှော်၊ ထောက်ပံ့မှုတွေ အများကြီး လုပ်မယ့်သဘော ရှိနေပါတယ်။ အမေရိကန် ကလည်း အများကြီး လာဦးမှာပါ။ ဂျပန် နဲ့ အမေရိကန်တို့ နည်းတူ အိမ်နီးချင်း တရုတ်ကြီးကလည်း အားကျမခံ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ဦးမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာလည်း အာဆီယံအဖွဲ့အစည်းကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး အင်မတန်လို ချင်ကြမှာ သေချာပါတယ်။ အာဆီယံမှာ ဒေါ်အောင်ဆန်းစုကြည်သာ ပါဝင်လာရင် အာဆီယံ စီးပွားရေး အင်အားစုကြီး တခုဖြစ်အောင် ဖန်တီးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ဒါပေမဲ့ ယခုအချိန်အထိတော့  အာဏာကလည်း မလွှဲရသေး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်ကလည်း ဖြစ်မလာ သေးပါဘူး။ မကြာမီ လာမည်မျှော် ဆိုသလိုမျိုး ဖြစ်နေပါတယ်။

သမ္မတ၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်မိုးသူပါ။

သရုပ်ဖော်ကာတွန်း – သီဟ (စခန်းသစ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts