စစ်အစိုးရခေတ်၊ အာဏာရှင်ခေတ်တလျှောက်လုံးမှာ လူထုဒေါ်အမာ၊ ဟံသာဝတီဦးဝင်းတင်နဲ့ လူထုစိန်ဝင်း၊ သူရဲကောင်း သတင်းစာဆရာ၊ စာရေးဆရာကြီး သုံးဦးဟာ ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးတို့အ တွက် ရှေ့တန်းကနေရပ်တည်တိုက်ပွဲဝင်ခဲ့ပါတယ်။ နိုင်ငံတကာ ရေဒီယိုအသံလွှင့်ဌာနတွေ စာနယ်ဇင်းသတင်းဌာနတွေက စစ်အာဏာရှင်အစိုးရနဲ့ ပတ်သက်လို့ မေးလာသမျှ မေးခွန်းတွေကို မသွယ်ဝိုက်၊ မကွယ်မဝှက်၊ မငြင်းမဆိုကြဘဲ သက်စွန့်ဆံဖျားဖြေဆို တိုက်ပွဲဝင် ခဲ့ကြတာဟာ အားလုံးသိပါပဲ။ “ ရဲတင်းသံ” ဆိုလို့ စာပေသူရဲကောင်းသုံးဦးရဲ့အသံပဲ ကြားခွင့်ကြုံခဲ့ရပါတယ်။
လူထုဒေါ်အမာရာပြည့်ပွဲမှာ ခေါင်းစည်းကို “သတင်းစာဆရာ၊ စာရေးဆရာမကြီး” လို့ ကပ်ထားတာကို သတိပြုမိပါလိမ့်မယ်။ လူထုဒေါ်အမာဟာ သာမန်စာရေးဆရာမမဟုတ်ပါ။ နိုင်ငံတကာကသိတဲ့ သတင်းစာဆရာ စာရေးဆရာမကြီးဖြစ်ပါတယ်။ ဒါ့ကြောင့် အရှိန်အဝါဟာ ပြည်တွင်းတခြားစာရေးဆရာများထက် ကြီးမားပါတယ်။
သတ္တိကလည်း ကြီးမားသလို အနစ်နာခံမှုကလဲ ဗမာအစိုးရခေတ် အဆက်ဆက်မှာ သူမတူအောင် ကြီးမားပါတယ်။ ဘာဖြစ် လို့လဲ။ လူထုဒေါ်အမာဟာ ဗြိတိသျှကိုလိုနီဆန့်ကျင်ရေး၊ နယ်ချဲ့စနစ်ဆန့်ကျင်ရေး၊ ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာငြိမ်းချမ်းရေးတို့မှာ ခင်ပွန်းသည်လူထုဦးလှနဲ့အတူ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ လမ်းစဉ်အတိုင်း တလျှောက်လုံးရှေ့တန်းက တိုက်ပွဲဝင်ခဲ့လို့ပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်အောင်ကျော်တို့ဟာ တစ်နှစ်ထဲ ၁၉၁၅မှာ ဖွားခဲ့ကြသူတွေပါ။ လူထုဒေါ်အမာဟာ သူတို့နဲ့အတူ တစ်နှစ်ထဲမွေးဖွားပြီး၊ သူတို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တာဟာ တသက်လုံးပါပဲ။ ကျောင်းသူ၊ “ဝတ္ထုရေးဆရာ”၊ “ဘာသာပြန်ဆရာ”၊ “သတင်းစာဆရာ”၊ “အက်ဆေးရေးဆရာ”၊ “အတ္ထုပ္ပတ္တိရေးဆရာ”၊ “မှတ်တမ်းရေးဆရာ” စတဲ့စတဲ့ စာမျိုးစုံရေးတဲ့ စာရေး ဆရာအဖြစ်နဲ့ အဖိနှိပ်ခံပြည်သူတွေဘက်က ရပ်တည်ပြီး စာရေးသားရင်းတိုက်ပွဲဝင်ခဲ့တာ အထင်အရှားပါပဲ။ ဒီလိုစာမျိုးစုံ အဆက်မပြတ်ရေးသားသူ ကမ္ဘာသိစာရေးဆရာမကြီးဆိုတဲ့ အရှိန်အဝါ၊ ဂုသိက္ခာတို့ကြောင့်လဲ ပြည်သူဘက်ကရပ်တည်မှု တန်ဖိုးအရှိန်အဝါဟာ အထူးကြီးမားခဲ့ရတာဖြစ်ပါတယ်။
လူထုဒေါ်အမာဟာ စာပေမျိုးစုံရေးသူ ဖြစ်ပါတယ်။ သတင်းစာဆရာမကြီးဆိုတာ သီးခြားဂုဏ်ရည်ပါ။ သတင်းစာခေါင်းကြီး၊ သတင်းစာဝေဖန်ချက်သတင်းဆောင်းပါး၊ မြန်မာ့ယဉ်ကျေးမှုအနုပညာဆောင်းပါးစတဲ့ သတင်းပေးဆောင်းပါးမျိုးစုံ ရေးသား တဲ့အပြင် သတင်းစာ၊ ဂျာနယ်စာအုပ်မျိုးစုံကို ကိုယ်တိုင်တည်းဖြတ်ထုတ်ဝေခဲ့သူလဲဖြစ်ပါတယ်။ စာနယ်ဇင်း ထုတ်ဝေသူ အဖြစ်သာမက၊ အယ်ဒီတာ၊ အယ်ဒီတာချုပ်အဖြစ်နဲ့လဲ ကြုံသလို တာဝန်ထမ်းဆောင်ခဲ့ရတဲ့ အိမ်ထောင်ရှင် ဗမာအမျိုးသမီးကြီးတဦးလဲဖြစ်ပါတယ်။
ဒီလိုစာပေမျိုးစုံ နေ့မအားညမအားရေးသား ထုတ်ဝေတဲ့အလုပ်ကို အစိုးရအဆက်ဆက်က ဖြောင့်ဖြောင့်တန်းတန်း လုပ်ခွင့် ပေးခဲ့တာမဟုတ်ပါဘူး။ ငယ်စဉ်က ကျောင်းနေဘက်၊ နိုင်ငံရေးလုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းများက ဝန်ကြီးချုပ်တို့၊ ပြည်ထဲဝန်ကြီးတို့ဖြစ်လာချိန်မှာ သတင်းစာတိုက်နဲ့ ပုံနှိပ်စက်တို့ကို ရိုက်ချိုးဖျက်ဆီးတာခံရပါတယ်။ လူထုသတင်းစာ အယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းလို ပုဂ္ဂိုလ်ကြီးကို ဖမ်းဆီးရုံမက၊ သူတို့ရဲ့ သူငယ်ချင်း လူထုဦးလှ (လူထုသတင်းစာ တာဝန်ခံအယ်ဒီတာ) ကိုလဲ ဝန်ကြီးချုပ်က ဖမ်းဆီးတာခံရတဲ့အတွက် သတင်းစာတည်းဖြတ်ထုတ်ဝေတဲ့ တာဝန်ကိုသာမက ခေါင်းကြီးရေးတာအဆုံး အားလုံးအလုပ်တွေကို လူထုဒေါ်အမာက အိမ်ထောင်ကာဗန်တဖက်နဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ သတင်းစာတိုက်ဟာ အစိုးရက ရိုက်ချိုးဖျက်ဆီးတာကိုခံရရုံဟာ ရပ်ကွက်မီးလောင်ရာမှာလဲ စာအုပ်ဂိုဒေါင်၊ စက္ကူဂိုဒေါင် နဲ့တကွ ပုံနှိပ်စက်ပါ ပါဝင်ဆုံးရှုံးခဲ့ရဖူးပါသေးတယ်။
တသက်လုံး လက်တွဲပြီး စာပေရေးသားထုတ်ဝေခဲ့သူ ခင်ပွန်းသည် လူထုဦးလှဟာ မကြာမဏ အဖမ်းခံရရုံမက၊ နောက်ဆုံး မှာဇနီးသည်ကို တဦးတည်းထားရစ်ပြီး စောစီးစွာ ကွယ်လွန်သွားခဲ့ရရှာပါတယ်။ အားကိုးရမယ့် သားကြီးကလဲ အစောကြီး ကွယ်လွန်ခဲ့တယ်။ သားအလတ်ကို အစိုးရက ဖမ်းဆီးထောင်ချ၊ ကိုကိုးကျွန်းပို့၊ နှိပ်စက်ခဲ့ပါတယ်။ ကျွန်းကပြန်လွတ်တော့လဲ ထပ်ဖမ်းပြန်လို့ ကိုယ်လွတ်ရုန်းထွက်ပြီး တိမ်းရှောင်သွားရတာဟာ အမေကွယ်လွန်ပြီး ရာပြည့်ပွဲပြုလုပ်တာတောင် မလာ ရောက်ခွင့် မရှိခဲ့ရှာပါဘူး။ အားကိုးရမယ့် သားနှစ်ယောက်မရှိတော့တဲ့အပြင် သားအငယ်ဆုံးကိုတောင် အခြေခံပညာ ကျောင်းသားဘဝမှာ မိဘနှစ်ပါးနဲ့အတူ ဖမ်းဆီးထောင်သွင်းလိုက်ပါသေးတယ်။ မုဆိုးမအမေဟာ သမီးတွေလုပ်စာကို စား ရင်း လောကဓံကို ကြံ့ကြံ့ခံကာ စာတွေဆက်ရေးပါတယ်။ လူထုဒေါ်အမာ ဘာစာတွေရေးခဲ့သလဲ။
လူထုဒေါ်အမာဟာ ကျောင်းသူဘဝမှာ “မြမဉ္ဇူ” ကလောင်အမည်နဲ့ ဝတ္ထုတိုတွေရေးတယ်။ ဘာသာပြန်သူအဖြစ် လက်စွမ်း လက်စရှိလို့ ကြီးပွားရေးမဂ္ဂဇင်းအယ်ဒီတာက နေရူးမသမီးသို့ ပေးစာများကို စာအုပ်ထွက်ခါစ ပူပူနွေးနွေးမှာကိုပဲ ခင်လဝင်း အမည်နဲ့ ဘာသာပြန်ပေးရတယ်။ တက္ကသိုလ်ကောလိပ် သပိတ်မှောက်ပွဲအပြီးမှာ မန္တလေးပြန်ပြီး ဘီအေနောက်ဆုံးနှစ် မဖြေတော့ဘဲ စက္ကူဆိုင်ဖွင့်ပြီး စီးပွားရေးလောကထဲကို ဝင်တယ်။ အမျိုးသားကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးရာဇက်က သူ့တပည့်ကို မောရစ်ကောလစ်ရဲ့ စာအုပ်တအုပ်ဘာသာပြန်ဖို့ တာဝန်ပေးလာပြန်လို့ ဘာသာပြန်ပြီးတဲ့အခါ ကြီးပွားရေးစာ အုပ်တိုက်ကပဲ စာအုပ်ထုတ်တော့ အထူးရောင်းကောင်းလို့ ၃၀၀၀ရိုက်တာမလောက်ဘဲ ထပ်ရိုက်ရသတဲ့။ ဒီမှာတင် အမာ( တက္ကသိုလ်သပိတ်မှောက်ကျောင်းသူ) ဆိုတဲ့ ကလောင်စာအုပ်နဲ့ လူသိထင်ရှားစာရေးဆရာမကြီး ဘဝကိုရောက်သွားပါတယ်။ (တက္ကသိုလ်သပိတ်မှောက်ကျောင်းသူ) ဘွဲ့ခံပြီး စာရေးဆရာဖြစ်လာတာကလဲ တယောက်တည်းရှိပါတယ်။
နောက်တော့ မန္တလေးမြို့ကို ဗဟိုပြုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံပန်းချီ၊ ပန်းပု၊ ပန်းတင်း၊ ပန်းထိမ်၊ ဖန်ကျည်၊ ရွှေချည်ထိုး၊ အချိတ်ပိုးထည်ရက်ကန်း၊ မဟာဂီတ၊ ဇာတ်သဘင်၊ အငြိမ့်၊ အတ္ထုပ္ပတ္တိတို-ရှည်မျိုးစုံ၊ ရှင်လူရဟန်းမျိုးစုံ အ ကြောင်းအရာတွေ၊ ခရီးသွားမှတ်တမ်းတွေ စသဖြင့် ၂၀ရာစုမှာရှိဆဲ၊ မှိန်ဆဲ၊ ပျောက်လု-မြန်မာမှုမြန်မာ့ကိစ္စတွေကို ဒေါင့်စေ့ အောင် “လက်တံရှည်” နဲ့ “လက်တဆုံးနှိုက်” လေ့က ရေးသားခဲ့တာဟာ အသက်ထက်ဆုံးပါပဲ။ ဗမာပြည်မှာ အသက် အရှည်ဆုံးနဲ့ စာမျိုးစုံအများဆုံးရေးသွားခဲ့သူ စာရေးဆရာမကြီးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
နောက်ဆုံးပိုင်းမှာရေးသွားတဲ့ “အမေ့ရှေးစကားထိ” စာတိုအစစ်တွေဟာ အများအားဖြင့် စိတ်ခံစားမှုအလျှောက် လက်ကမ်း ရေးသွားတဲ့ “အက်ဆေး”တွေပါ။ ရသစာတမ်းတွေပါ။ စာရေးဆရာဘဝကို “ဝတ္ထု” နဲ့ စပြီး “အက်ဆေး” နဲ့ ဆုံးသွားပါတယ်။ အလယ်ပိုင်းမှာရေးသွားတဲ့ “သုတေသနအခြေခံ” ပြီးရေးရတဲ့စာတွေဟာလဲ သူများနဲ့မတူတဲ့ စာတွေပါပဲ။ “ပြည်သူချစ် သောအနုပညာသည်များ” ဆိုတဲ့ စာအုပ်ကြီးဟာ ဒေါ်ဒေါ်လူထုဒေါ်အမာရဲ့ “လက်ရာမွန်” ဆုံချက်ပါတယ်။ ကဗျာဆရာ ကြည်အောင်က “ရသမြောက် အတ္ထုပ္ပတ္တိတွေ” လို့ မှတ်ချက်ပေးပါတယ်။ ဒေါ်ဒေါ်က “အတ္ထုပ္ပတ္တိ” ရယ်လို့တော့ မဟုတ်ပါ ဘူး။ သာမန်ပွဲကြည့်ပရိသတ်ရဲ့ ခံစားမှု၊ သာမန်ပွဲပြည်သူ (ဆေးလိပ်သမ) ရဲ့ အမြင်၊ အတွေး၊ အသံ၊ ဝေါဟာရတွေကို စုစည်းတင်ပြတာဆိုတဲ့သဘောနဲ့ ပြန်လည်ရှင်းပြခဲ့ဖူးသတဲ့။ ဆိုလိုတာက အတ္ထုပ္ပတ္တိ စစ်စစ်မဟုတ်ဘူး။ အနုပညာခံ စားမှုမှတ်တမ်း၊ ရသအဖွင့်စာတမ်းကြီးတွေလို့ ဖြစ်ပေလိမ့်မယ် ယူဆပါတယ်။
ဒီလိုစာမျိုးတွေဟာ ဒေါ်ဒေါ်လူထုဒေါ်အမာမှတပါး၊ တခြားဘယ်သူမှ ရေးနိုင်မှာမဟုတ်တဲ့ စာမျိုးတွေပါလို့ ခပ်တင်းတင်းပြော လို့ရပါတယ်။ သူ့ခေတ်မှာရော၊ သူ့ရှေ့ကရော၊ သူ့နောက်ကရော ဒီစာမျိုးတွေ ဘယ်သူမှ မရေးနိုင်ပါဘူး။ ရေးချင်လို့လဲ ပြောပြမယ့်လူတွေ၊ ပြောပြနိုင်သူတွေ၊ ကြည့်ရှုမှတ်သားစရာ ပစ္စည်းရော လူသူတွေကလဲ မရှိတော့ပါဘူး။
ဒီလိုအမျိုးသမီးကြီးတဦး၊ စာရေးဆရာမကြီးတဦး၊ ဗမာပြည်ကတခေတ်တခါ၊ တယောက်ထွန်းပေါက်ခဲ့ပြီး ငါတို့အရ တော်လေစွ။
ဒေါ်ဒေါ်အသက်၇၀ ပြည့်ကစပြီး မွေးနေ့ပွဲတွေလုပ်ခဲ့ပါတယ်။ ဒေါ်ဒေါ်နဲ့ ဒေါ်ဒေါ့်မိသားစုက လုပ်တာမဟုတ်ပါ။ ဒေါ်ဒေါ်လဲ သဘောတူပြီး ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ပြန်တော့လဲ မြစ်ကြီးနားကနေ ရေး၊ ဘိတ်၊ ထားဝယ်အထိ စာပေသမား တွေနဲ့ နိုင်ငံရေးသမားကြီးတွေက (ဖိတ်စာမပို့ဘဲ) တလေးတစားနဲ့ လာရောက်ကြပါတယ်။ လေထီးဦးအုန်းမောင်၊ ဝါးခယ် မသခင်သိမ်းမောင်ကြီး၊ သခင်အုန်းမြင့်လေး၊ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း၊ ဒေါ်ခင်နှင်းယု၊ ဒေါ်ခင်ဆွေဦး၊ ဒေါ် ကလျာ (ဝိဇ္ဇ္ဇာသိပ္ပံ)၊ ဒေါ်ရွှေကူမေနှင်းစတဲ့ ပုဂ္ဂိုလ်များ လာရောက်ကြပါတယ်။ တခါတရံ ဟီနိုးကားကြီး စင်းလုံးငှားပြီး ရန်ကုန်က ပရိသတ်ကလာ တစုတဝေးလာကြတာပါ။
ဒီလိုကန်တော့တာဟာ သတင်းစာဆရာမကြီး၊ စာရေးဆရာမကြီးတယောက်ကို ဂါရဝပြုရုံပဲလား မဟုတ်ပါ။ ဒီမိုကရေစီရေး ဆန္ဒပြပွဲကြီးတရပ်ကို တညီတညွှတ်တည်း အသဲနှလုံးထဲက တိုင်ပင်ပြီး ပြုလုပ်ကျင်းပတာပဲ ဖြစ်တယ်ဆိုတာကို အားလုံးသဘောတူကြလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းရာပြည့်၊ ဗိုလ်အောင်ကျော်ရာပြည့်၊ ဦးခင်မောင်လတ်ရာပြည့်၊ ဒေါ်ခင်မျိုးချစ်ရာပြည့်၊ လူထုဒေါ် အမာရာပြည့်။ မင်္ဂလာရှိလှပါပေတယ်။
ရာပြည့်ပွဲမှ ထောင်ချီပွဲသို့။
သားတပည့်
မောင်စွမ်းရည်
(လူထုမောင်စွမ်းရည်)
၂၀၁၅၊ ဒီဇင်ဘာ ၁