တယ်..။ ကားမောင်းတဲ့  သူကလည်း သူငယ်ချင်းတယောက်ပါ..။သူက ကားပိုင်ရှင်ပါ..။ချောဆွဲလို့  လိုက်လာရတာမို့ မျက်နှာပူ နေပုံပါ..။ဒါမျိုး အတွေ့ အကြုံတွေကတော့ ကျမတို့ မိသားစုအတွက် ရိုးနေပါပြီ..။
ဖေဖေ့ကို ထောက်လှမ်းရေးတွေက လာ လာခေါ်တဲ့  အခါတွေမှာလည်း မြို့ ထဲက သူတို့နဲ့  မကင်းနိုင်ကြတဲ့  လုပ်ငန်းရှင်တွေ ရဲ့  ကားတွေကို ချောဆွဲလာနေကြပါ..။ဖေဖေ့တပည့်တပန်း မိတ်ဆွေ တွေ ဖြစ်နေတတ်တဲ့  ကားပိုင်ရှင်တွေကလည်း ကျမတို့ နဲ့  တွေ့ တဲ့ အခါ…နားလည်ပေးပါပေါ့..။
အနှစ်(၂၀)လုံးလုံး ခံရတဲ့  ဘက်က လူတွေက နားလည်ပေးရဦးမယ်ပေါ့လေ..။အပြင်လောကက အတင်းအနိုင်ကျင့် ခိုင်းခံရတဲ့ သူတွေကတော့ ထားပါတော့..။တာဝန်ရှိတဲ့  ၀န်ထမ်းတွေက သူတို့လဲ
မတရား လုပ်သေး..။မတရားလုပ်ခံရတာကိုပဲ မတရား လုပ်ခံရတဲ့ သူတွေက နားလည်ပေးရဦးမဲ့  ခေတ်ကြီးပါလား..။့..တော်တော်တရားကျဖို့တော့ ကောင်းသား..။
ရဲစခန်းက အခန်းတခုထဲမှာ ကျမကို စစ်နေတုံး..အနားမှာစောင့်နေတဲ့  ခုနရဲဝန်ထမ်း အမျိုးသမီးက
ခနခန သမ်းဝါးရှာတယ်..။ညဉ့်ကလဲ အတော်နက်ပြီကိုး.။ခနနေတော့ ဟိုလိုလို ဒီလိုလိုနဲ့  လစ်သွားတယ်..။သူ့ကိုယ်စား ကလေးမလေး နှစ်ဦး ရောက်လာတယ်..။ကျမက ရဲမေတွေလားလို့  မေးတော့ ကလေးမလေး တယောက်က ခေါင်းညိမ့်ပြီး နောက်တယောက်က ခေါင်းခါတယ်..။တာဝန်ရှိတဲ့  ရဲမေ အမျိုးသမီးက အိပ်ချင်လာလို့  လူစား ထိုး သွားတာကိုး..။ ခနနေတော့ ကျမကို စစ်နေတဲ့  ထောက်လှမ်းရေးဝန်ထမ်းကလည်း စစ်မေးနေရင်း တသမ်းဝါးဝါး လုပ်နေပါတယ်..။မေးတာကတော့ ကျမရဲ့  ကိုယ်ရေး အချက်အလက်တွေ မေးလိုက်..။ဆွေမျိုးတွေရဲ့  အချက်အလက်တွေ မေးလိုက်နဲ့ ပေါ့..။ထူးထူးခြားခြား မေးတာကတော့ ဖေဖေက ဘာပြုလို့  NLD လွှတ်တော်ကိုယ်စားလှယ်ကနေ တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ပြောင်းရတာလဲ ဆိုတဲ့  မေးခွန်းပါ..။
ကျမကလဲ ..ကျမအဖေ NLD ပြည်သူ့ကိုယ်စားလှယ်ကို NLDဗဟိုကော်မတီက မတရား ထုတ်လိုက်လို့ .. တသီးပုဂ္ဂလ ကိုယ်စားလှယ်ပြောင်းရတာ..။ အမတ်လုပ်ချင်လို့  အမတ်ရောဂါ တက်လို့  မဟုတ်ဘူး..။ပြည်သူက ပေးထားတဲ့  မဲဆန္ဒတွေ အလကား ဖြစ်သွားမှာ စိုးလို့  လို့  ပြန်ဖြေဖြစ်ခဲ့ တယ်..။ကျမဖြေသမျှ လိုက်မှတ်ရင်း ဆိုးဆိုးရွားရွား သ မ်း ၀ါးနေတဲ့  ထောက်လှမ်းရေးကို ကြည့်ရင်း ကျမ ရီချင်စိတ်တွေ ပေါက်လာတယ်..။
“ခင်ဗျား တို့  ထောက်လှမ်းရေးတွေမလဲ ဒုက္ခနော်..။သူများတွေကို ညဉ့်နက်သန်းခေါင် အိပ်ရေးပျက်အောင် ဒုက္ခပေးရတော့ ကိုယ်လဲ ဒုက္ခ ရောက်ရတာပေါ့လေ” လို့  ပြောလိုက်မိတယ်.. ။တဆက်တည်း စခန်းမှူး နောက်ဖက် နံရံပေါ်က ဗိုလ်ချုပ်မှူး ကြီး သန်းရွှေရဲ့  ဓါတ်ပုံကြီးကို ကြည့်ရင်း စိတ်ထဲ ပေါ်လာတဲ့  အတွေးတခုကို ပြောလိုက်တယ်..။
“ ကျမတော့ ဗိုလ်ချုပ်မှူးကြီး နဲ့  ဒေါ်စု မျက်နှာချင်းဆိုင် တွေ့ ဆုံ ဆွေးနွေးစေချင်လှပြီ..။သူတို့ တွေ့ ဆုံ ဆွေးနွေးပြီး တိုင်းပြည် ငြိမ်းချမ်းအောင် လက်တွဲ လုပ်နိုင်ရင် ကောင်းမှာ ..။တိုင်းပြည် မြန်မြန်ငြိမ်းချမ်းမှ
ကျမတို့လည်း အခုလို ဘာအပြစ်မှ မရှိပဲ ညဉ့်နက်သန်ခေါင်ကြီး ခေါ်ပြီး ဘာမဟုတ် ညာမဟုတ်..
ရာဇ၀တ်သားတွေလို အစစ်အဆေး မခံရဘူးပေါ့…။အခုတော့ လူ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရ တာ ကျမတို့ တင်မဟုတ်ဘူး..။ရှင်တို့ပါ..အအိပ်ပျက် အနေပျက် ဒုက္ခရောက်နေရတာပေါ့လေ..”
ကျမရှေ့  စားပွဲမှာ ထိုင်နေတဲ့  စခန်းမှူးက သူ့ လက်ထဲက ငွေရောင် လက်ထိပ်ကလေးကို စားပွဲပေါ် ချွင်ခနဲ ပစ်တင်လိုက်တယ်..။စိန်ခေါ်တာပေါ့လေ..။ပြီးတော့  ကျမကို ထားခဲ့ပြီး…အခန်းအပြင်ထွက်သွားတယ်။ ကျမကလည်း ထိုင်ရတာ ကြာတာက တကြောင်း အနီးအနား အခြေအနေကို သိချင်တာက တကြောင်း.. အိမ်သာ သွားချင်တယ်လို့  ပြောတော့ ကျမကိုစောင့်နေတဲ့  ကလေးမလေး နှစ်ဦးက တယောက်ယောက်ကို သွားခွင့်တောင်းတယ်..။ခနနေတော့ အခန်းထဲ ပြန်ဝင်လာပြီး အပြင်ထွက်ဖို့  လိုက်ပို့တယ်..။မှောင်မဲနေတဲ့  ညကြီးမှာ မလှမ်းမကမ်းက ရဲစခန်း နောက်ဖက်နား မှောင်ရိပ်ကို ခေါ်သွားပြီး..အဲဒီမှာ ထိုင်လို့  ရတယ်လို့  ပြောပါတယ်..။
ကျမ က..ဟေ့..ငါဒီလို တွေ့ ကရာ လမ်းဘေးမှာ ထိုင်တဲ့  အစားမဟုတ်ဘူး..။အိမ်သာ ကောင်းကောင်း ရှိတဲ့  နေရာကို ပို့ ..” လို့  အော်လိုက်တော့မှ ရဲအရာရှိတယောက်က ပြေးလာပြီး သူ့ အိမ်ကို ပို့ပေးခိုင်းပါတယ်..။ ကျမလဲ သူ့အိမ်ကို အသွား လမ်းမှာ ဟိုဟို ဒီဒီ အကဲခတ် သွားတော့ အခန်းတခန်းမှာ အစစ်ဆေးခံနေရတဲ့  ကျမ အမျိုးသားကို တွေ့ လိုက်ရတယ်..။သူလဲ အေးအေး ဆေးဆေးပဲမို့  စိတ်အေး သွားပါတယ်..။သူက စိတ်ဆတ်တဲ့  သူမို့  သူ့အတွက် စိုးရိမ်နေတာ..။
ကျမ ရဲစခန်းအောက်ထပ်က ရုံးခန်းထဲ ပြန်လာပြီး မကြာခင်မှာ လှေခါး ဆီက ခြေသံတွေ ကြားရတယ်..။ကျမခင်ပွန်းကို အပေါ်ထပ် ရဲ အချုပ်ထဲပို့ လိုက်တာပါ..။ခနအကြာ မှာတော့ ကျမကိုလည်း အပေါ်ထပ်က ရဲအချုပ်ခန်း လေးထဲကို ပို့လိုက်ပါတယ်..။ကျမ နေရတဲ့  အချုပ်ခန်းလေးက သစ်သားပြားကြီး တွေ ကာထားတဲ့  မဲမဲညစ်ညစ် အခန်းရှည်ရှည်လေးပါ..။ကျမ အခန်းနဲ့  ကပ်ရပ်မှာ သစ်သားပြားကြီးတွေ ကာထားတဲ့  အချုပ်ခန်း နှစ်ခန်းတွဲ ကြီး ရှိပါတယ်..။ကျမ ခင်ပွန်းက အဲဒီ အခန်းကျယ်ကြီးထဲမှာပါ..။သူက ကျမနဲ့  အနီးဆုံး နေရာကို လာပြီး သူရှိနေကြောင်း အားပေးပါတယ်..။ အခန်းထဲမှာ အချုပ်သား နောက်တ
ယောက် ရှိတဲ့  အကြောင်းလဲ ပြောတယ်..။ ကျမလှမ်းကြည့်လိုက်တော့ အဲဒီ အချုပ်သားက စောင်ခေါင်းမြီးခြုံပြီး အိပ်နေပါတယ်..ကျမ ခင်ပွန်းကို သတိနဲ့  နေဖို့  ပြောမိတယ်..။ဒီလို အချုပ်ခန်းတွေထဲမှာ ရှေ့ က ရောက်နှင့်တဲ့  သူတွေက ပညာ ပြတတ်တယ်လေ.။
ကျမတို့ နှစ်ယောက်သား တမှေးမှ မမှေးပဲ သတိနဲ့  မိုးလင်းခဲ့ တယ်..။အခန်းထဲမှာ ရသလောက် လမ်းလျှောက်နေတဲ့  ခင်ပွန်းကို စိတ်ညစ်ညစ်ကြားက ပဲ လှမ်းနောက် မိသေးတယ်..။တို့ တွေ တော့ တိရိစ္ဆာန်ရုံထဲက ကျားကြီးတွေ နဲ့  တူနေပြီလို့  လေ..။အိပ်နေတဲ့  အချုပ်သားကတော့ တုတ်တုတ်မှတောင် မလှုပ်ပဲ ကောင်းကောင်းအိပ်နေပါတယ်..။
နောက်နေ့မနက်မှ အဲဒီ အချုပ်သားဟာ ပြည်ကောလိပ်မှာ အတူတူ ကျောင်းတက်ခဲ့ ဖူးတဲ့  ကျမ သူငယ်ချင်း ဖြစ်နေတာ သိလိုက်ရတယ်..။ပြီးတော့ သူက ရဲအရာရှိ ဘ၀ကနေ တရားစွဲခံရပြီး အချုပ်ကျနေတာကိုး..။