မောင်လူရေး – သမတဖြစ်မည့်သူ
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၅
ရွေးကောက်ပွဲပြီး လွှဲပြောင်းရေး ကာလတွင် ပြည်သူနှင့် ဒေါ်စုကတော့ ပြည်သူဖြစ်စေချင်သည့် အတိုင်း ဒေါ်စုဖြစ်မည်၊ ဒေါ်စုဖြစ်စေချင်တာ ပြည်သူဖြစ်မည်ဟူသည့် စိတ်ချယုံကြည်မှုဖြင့် ငြိမ်သက် တည်ကြည်နေသည်။
ဆိုလိုတာက ပြည်သူက ဒေါ်စုကို ပြည်သူ့သမတဖြစ်စေလိုသည်၊ ဒေါ်စုက ပြည်သူကို ဒီမိုကရေစီ အလေ့အထများ ကျင့်သုံးစေလိုသည်။ စိတ်တူကိုယ်တူ နိုင်ငံကောင်းကြီးဖော်ဆောင်ချင်ကြပြီ။ ဒီအတွက် အပြန်အလှန် စိတ်အေးနေပြီးသား။ စိတ်ချနေပြီးသားဆိုသည့်သဘော။
အင်မတန်သီလ သမာဓိရှိပြီး စကားအရာလိမ္မာလွန်းသည့်ဒေါ်စုသည် ပြည်တွင်းတွင်းပြည်ပ သတင်းဌာနများနှင့်တွေ့တိုင်း သမတအထက်မှာ သူရှိမည်၊ သမတသည် သူခိုင်းသည့်အတိုင်း တသွေမတိုင်းလုပ်ရမည်ဟု တိတိကျကျ ပြောနေဆဲပင်။ သို့သော် မည်သူကို သမတ တင်မြှောက်မည်ဟုလည်း မဆို။ တိုင်းပြည်တပြည်၏အမြင့်ဆုံးအာဏာပိုင်အပေါ် ယင်းသို့ မပြောဆိုအပ်ဟု အများထင်မြင်သလို ဒေါ်စုလည်း သိသည်သာဖြစ်ရကား ဤစကားရပ်များသည် သူလက်ညိုးညွှန်သည့်သူ သမတဖြစ်မည်ဆိုသည်ထက် အဓိပ္ပါယ်ပိုမိုနေသည်ဟုဆိုရမည်။
NLD ပါတီ မဲရရှိမှုက ဒေါ်စုတင်မြှောက်သည့်မည်သူမဆို သမတ ဖြစ်နိုင်နေရကား ဒေါ်စုက သမတတယောက် တင်မြှောက်လိုက်ပြီဆိုပါစို့။ ‘သမတကြီးမည်သူမဆို’ ၏ ရှေ့မှောက်တွင် ကာချုပ်အမှူးပြုသော ကြည်းရေလေ တပ်မတော်သားများ၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးအစရှိသောဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ အမှူးပြုသောအမတ်မင်းများ ကိစ္စအားလျော်စွာ ရောက်ရှိရပေမည်။ ‘သမတကြီးမည်သူမဆို’ ၏လမ်းညွှန်ချက်များကို လိုက်နာအကောင်အထည်ဖော်ရမည်။ ကာလုံအစည်းအဝေးတွင်လည်း ‘သမတကြီးမည်သူမဆို’ သည် ထိပ်ဆုံးမှာ နေရာယူမည်။ နိုင်ငံတကာပွဲလမ်းများတွင်လည်း ယင်း’သမတကြီးမည်သူမဆို’ သာ။ စီမံကိန်းများနှင့်ပတ်သက်လျှင်လည်း ‘သမတကြီးမည်သူမဆို’ ။ ပြည်သူလူထုတရပ်လုံးလည်း ယင်းသမတကြီး၏ ဦးဆောင်မှုကို ခံယူရမည်သာ။ ဤကား ၅၉/စ မပြင်လျှင် ဖြစ်ပေါ်လာတော့မည့် ဒေါ်စု တင်မြှောက်မည့် ‘မည်သူမဆိုသမတကြီး’ နှင့်အနေအထား။
ယင်းအနေအထားသည် ဖြစ်သင့်ဖြစ်ထိုက်၍ ဖြစ်လာရမည် မဟုတ်သည်မှာ သေချာသလို ဘယ်သူမှ မဖြစ်ချင်သည်မှာလည်း သေချာလှပေသည်။ နိုင်ငံရေးကောင်းမွန်မှုသည် စွမ်းဆောင်နိုင်သူ အမြှော်အမြင်ရှိသူ၏ ဦးဆောင်မှုအောက်က ပူးပေါင်းရွက်ဆောင်မှုသာ ဖြစ်သည်ဆိုတာကို ရှုတ်ပွနှိမ့်ကျ ဗရမ်းဗတာနိုင်လွန်းသည့်အခြေအနေဆိုးများက ပြဆိုနေပေသည်။
၅၉/စ ပြင်ဆင်ရမည့်နည်းလမ်းများသည် လွှတ်တော်ထဲရောက်နေသော တပ်မတော်သားအမတ်များ မှတဆင့် တပ်မတော်တရပ်လုံး၏ ထားအပ်သောဂုဏ်မာနကို အဖျက်စွမ်းအား ကြီးလှသည့် ဒေါသမာနအဖြစ်ပြောင်းလဲပြီး တပ်မတော်နှင့် တိုင်းပြည်၏ သဟဇာတဖြစ်မှု ပူးပေါင်းဖော်ဆောင်မှု အားလုံး ပျက်သုဉ်းရေးကို ဦးတည်ထားသကဲ့သို့ဖြစ်နေသည်။
မပြင်ဘဲထားခြင်းကြောင့် တစုံတရာသောအကျိုးအမြတ်ရလိမ့်မည်ဟုလည်း မယ်မယ်ရရ ပြစရာမရှိ။ ၅၉/စ ရှိနေခြင်းသည် လူညံ့တွေသာ နေထိုင်သည့်နိုင်ငံဟူ၍ သတ်မှတ်ခံရရုံသာ ရှိလေသည်။
တကယ်တော့ တပ်မတော်၏ ခြေဥကို ကာကွယ်စောင့်ရှောက်ခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်၏ဂုဏ်သိက္ခာကို စောင့်ရှောက်ကာကွယ်ခြင်းသာဖြစ်ရကား ယင်းဂုဏ်သိက္ခာတောက်ပအောင် ဖော်ဆောင်ရေးသည် တပ်မတော်၏ လတ်တလော အားသာချက်ဖြစ်သည်။ အဟောင်း မကောင်းကို ပြုပြင်ခြင်းသည် ထိမ်းသိမ်းကာကွယ်ခြင်းပင်။
တပ်မတော်မှဦးဆောင်ပြီး ၅၉/စ ကိုပြင်ဆင်ကာ ထိုက်တန်သောသမတတဦး၏ဦးဆောင်မှုကိုခံယူ၍ တိုင်းကောင်းပြည်မွန်ကြီးကို တည်ဆောက်ကြပါစို့။
မင်းကောင်းမြင်လျက်၊ အတင်ခက်၊ မင်းတွက်မဟုတ်ချေဟု ဆိုရမည်သာတကား။
လူမှုရေး၊ ချစ်ရေးကိစ္စ၊ အိမ်ထောင်ရေး တွေဟာ နက်နဲလှပါတယ်။ အစိုးရသမ္မတ လုပ်နေသူရဲ့ သားသမီးတွေ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားအဖြစ် ခံယူသွားရင် .. သမ္မတကြီး နဲ့ ဒုသမ္မတများ ရာထူးထုတ်ခံရမဲ့ ခေတ်နဲ့မညီတဲ့ ဥပဒေကြီးဖြစ်ပါတယ်။
.
ရှေးတုန်းကလည်း ဘုရင်တွေ အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်ရေးအတွက် သမီးအပြန်အလှန်ပေးစားတဲ့ မိဘုရား၊ မောင်းမ များစွာထားတဲ့ စနစ်ကို ပြန်မကြည့်သုံးတော့ပါဘူ။ ဒါပေမဲ့ နောင်မြန်မာနိုင်ငံအုပ်ချုပ်မဲ့ အရည်ချင်းရှိသူ မြန်မာနိုင်ငံသားတစ်ဦး ဒေါ်အောင်ဆန်းစုကြည် လိုလူမျိုးကို တမင်သက်သက် အုပ်ချုပ်ခွင်မရအောင် ယာယီလုပ်ထားတဲ့ အခြေခံဥပဒေလို့ လူတိုင်းနားလည်ပါတယ်။
.
ဒေါ်အောင်ဆန်းစုကြည် သမတ ဖြစ်သွားရင်.. နောက်ဆက်တွဲ အကျိုးများမလား၊ အကျိုးနည်းမလား ..သမတကြီးဦးသိန်းစိန်ပြောသလို …ပြောင်းလဲနေပြီပဲ၊ ဒီထက်ပိုပြောင်းလဲရင် ကွန်မြူနစ်ဖြစ်သွားမှာပေါ့…ဆိုတဲ့စိုးရိမ်စိတ်ရှိပါတယ်။ အထူသဖြင့် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်တို့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်အောင်လုပ်မဲ့လူများ ရှိပါတယ်။ ဒီလိုလူစုက နောက်ကွယ်ကလက်မဲကြီးတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလိုစိတ်ထား မရှိမှန်း အားလုံးသိပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီ ထိပ်ပိုင်းခေါင်းဆောင်များလဲ.. လက်စားချေစိတ်များ အလွန်နည်းသွားပြီဖြစ်လို့…
.
ဒေါ်အောင်ဆန်းစုကြည် သမတဖြစ်ရင် မြန်မာလူမျိုးများ အကျိုးများဖို့ပဲ ရှိပါတော့တယ်။ အဲ..အကျိုးနဲမဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ မပြောကောင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံဦးလျောင် ဖြစ်လာရင် ..အိန္နိယ အမျိုးသမီးခေါင်းဆောင် အင်ဒီယာဂန္နီ၊ ပါကစ္စတန်အမျိုးသမီးခေါင်းဆောင် ဘနေဇာဘူတို လို မဖြစ်ဘူး မပြောနိုင်ပါဘူး။ အရှေ့တောင်အာရှက အမျိုးသမီးခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ယင်လတ်၊ ဖိလစ်ပိုင်သမ္မတ အာကွီနို၊ အာရိုရို စသည်တို့ကတော့ အိုကေ ပါတယ်။ ပြည်သူလူထု နဲ့ စစ်တပ် ချစ်ခင်တဲ့ ခေါင်းဆောင်ဘဝကနေ မုန်းတီးသွားမှုကိုပဲ ခံရသွားရှာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမတ ဖြစ်လာရင် ပြည်သူနဲ့စစ်တပ်ရဲ့ ချစ်ခင်လေးစားမှုတွေ လျော့ပါးသွားမှာတော့ အသေချာဖြစ်ပါတယ်။ ဇာနီကြီး