မင်းကိုနိုင် – ပြေးခဲ့ပါ ကလေး
(သူ့ဖေ့စ်ဘွတ်) ။ (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅
ပြေးခဲ့ပါ ကလေး
ထမင်းတလုပ် တုတ်တချက်နဲ့ဝေးရာ
မင်းကို
ညှင်းမည့်လက်တွေ
တုပ်မည့်ကြိုးတွေနဲ့ဝေးရာ
ခြံဝင်းအပြင်မှာ
လွတ်မြောက်ရာရှိမယ်
ပြေးခဲ့ပါကလေး …
ဩော် – ဒါပေမယ့်
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား … ။
ပြေးခဲ့ပါ ကလေး
မီးပွိုင့်နဲ့ ဝေးရာ
ရောင်းလက်စ စံပယ်ကုံးလေးပါ ယူခဲ့
ဒါပေမယ့်
ကားအန္တရာယ်
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့မလား … ။
ပြေးခဲ့ပါ ကလေး
မင်းရဲ့ ကျောင်းလွယ်အိတ်လေးလည်းယူခဲ့
ကိုယ်ကျိုး စီးပွား လောင်မီးကျသွားတဲ့
မင်းတို့တောင်ယာကြားက
ပြေးခဲ့
မင်းရဲ့ ညီမလေးကို
ကျောင်းစာအုပ်တွေနဲ့အတူ ကျောပိုးပြေးခဲ့ …
ဩော် ဒါပေမယ့်
လူသတ်မိုင်းတွေကို
ကလေးရဲ့ ခြေထောက်လေးတွေက
လွတ်အောင်ပြေးနိုင်ပါ့ မလား … ။
ကမ္ဘာမြေ တနေရာမှာ
ခေါင်းလောင်းသံချိုလို့
ကမ္ဘာမြေ တနေရာမှာ.
လဲနေသူကို ဖိထောင်းသံတွေ ငိုလို့
ကမ္ဘာမြေ တနေရာမှာ
တိရိစ္ဆာန်ကိုတောင် မိသားစုလိုသဘောထားကြ
ကမ္ဘာမြေ တနေရာမှာ
မိသားစုစိတ်အစား လူလူချင်း
တိရိစ္ဆာန်လို သဘောထားကြ
ကြင်နာမှုကိုရတဲ့ ကလေးတွေက
တနေ့ကြင်နာတတ်သူတွေ ဖြစ်လာမှာ
နာကျင်မှုရတဲ့ ကလေးတွေက
စိတ်ဒဏ်ရာ
ကလေးရေ ပြေးခဲ့
ခနော်နီ ခနော်နဲ့
မင်းရဲ့ခြေနှစ်ဖက်ကို
ဆင်းရဲခြင်း ညှင်းဆဲခြင်းတွေက
ရိုက်ချိုးမခံနဲ့ …
စာနာခြင်း ညှာတာခြင်းဆီ
မင်း …
ခြေထောက်လေးနဲ့ အရောက်ပြေးခဲ့ ။