စောငိုကာတွန်း၊ ၂၀၁၁ တုန်းက |
အီကြာအော် – ဖွတ်ကလေး – ဆိုက္ကားနင်း ဖွန်ကြောင်ခြင်းနှင့် ခက်သေးရွာသား ဘသုံးလုံးများ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၅
ရွေးကောက်ပွဲကြီးအပြီးခက်သေးရွာတွင် ဆိုက္ကားသမားများကို အမေပုက ကိတ်မုန့်ဖြင့် ကျေးဇူးတင်ပြီးသကာလ ဆိုက္ကားနင်းသည်မှာ ခေတ်စားနေပေသည်။ ဘယ်ကငှားလာသည် မသိသော ဆိုက္ကားတစီးကို ယိုင်တိယိုင်တိုင်ဖြင့် နင်းလာသော ဖွတ်ကလေးက သူ့ဆရာ အီကြာအော်ကို အူယားဖားယားဖြင့် အပြေးလာပြီး သံတော်ဦးတင်လေသည်။
”ဆရာအော်ရေ အမေပုက သမတကြီးရဲ့ ခေါင်းပေါ်က နေမှာတဲ့”
”ဟေ့ကောင် ဖွတ်ကလေး….၊ မင်းဆိုက္ကား မနင်းတတ်ပဲ နင်းလာတယ်၊ ပေါ်ပေါ်လုပ်ပြီး မာလက ဈာန်ကြွနေဦးမယ်၊ မင်းပြောတာ သမတဂျီးက ထမိန်ခြုံသလို ဖြစ်နေတယ်ကွ၊ သမတဂျီးကို ခေါင်းဆောင်မယ် ပြောပါကွာ”
”အရာကြီးနဲ့ ဘာဘူကြီးက အတူတူပဲ မဟုတ်ဘူးလား ဆရာအော်ရဲ့”
အမေပုက ခက်သေးရွာ သမတဂျီးမလုပ်ရလျှင် သမတဂျီး၏ အထက်မှာနေပြီး ခက်သေးရွာကို အုပ်ချုပ်မည်ဟု ရှင်းရှင်းလင်းလင်း ပြောလိုက်သော စကားကြောင့် ဘပြောင်တို့ ရွာလူကြီးအားလုံး ငယ်ထိပ်ကို မြွေပွေးပေါက်သကဲ့သို့ ဖြစ်သွားရသည်။
ဤသို့ရွေးကောက်ပွဲတွင် ဖွတ်ပါတီ မရှုမလှ ရှုံးရခြင်းမှာ ကျောက်ဖရုံသီးကို ထဘီဖြင့်အုပ်၍ နာမ်နှိမ်ခြင်းကြောင့်ဖြစ်သည်ဟု ဘပြောင်တို့က ယုံကြည်နေပေသည်။ အမေပုကို သြဇာသီးလုပ်၍ ဇွန်ဇွန်ဇာဇာတို့ဖြင့် နာမ်နှိမ်သော်လည်း သြဇာကြီး၍သာလာရကား ဘပြောင်တို့ခမျာ လက်မှိုင်ချလိုက်ရလေသည်။
အမေပု သမတဂျီးလုပ်၍ မရရန် ရွာလူကြီးများ ကိုယ်လိုချင်သလို အတင်းဆွဲ၍ ကုတ်ကပ် ရေးဆွဲထားသော ခက်သေးရွာ၏ ခက်သေးဖွဲ့စည်းပုံအခြေခံဥပဒေရှိသည်။ဘယ်လောက်ခက်အောင်လုပ်ထားထား အမေပုလုပ်မှ ခက်သေးခြေဥလည်း ဥအချေခံရသကဲ့သို့ ဖြစ်ပြီး မြောင်းထဲရောက်ချေတော့မည်။
နိုင်ငံဂျားမှ ဂုရုကြီးများလည်း အမေပုကို ဝေဖန်ရေးအတွက် အခွင့်ကောင်းကို ချောင်းနေကြလေသည်။
”ငါ စိတ်အကုန်ဆုံး လူတွေကတော့ အမေပုကို ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ဟိုဟာမလုပ်ဘူး ဒီဟာမလုပ်ဘူးနဲ့ လေပဲပေါနေတဲ့ ဘ ၃ လုံးအဖွဲ့ဝင်တွေပဲကွ”
“”ဘဘဘ” အဖွဲ့ပေါ့နော် ဆရာအော်၊ ဒါဆိုရင် “မဘသ” အဖွဲ့နဲ့ သိပ်မကွာဘူးပေါ့၊ ဒါနဲ့ “ဘဘဘ” ဆိုတာ ဘာလည်း ဆရာအော်၊ ဆရာက “မယက” အဖွဲ့ဝင်ဆိုလား ပြောဘူးတယ် မဟုတ်လား”
”ဟေ့ကောင် ဖွတ်ကလေး..၊ မင်းပဲ ဘပြောင်တို့ ခက်သေးရွာလူကြီးတွေလို “မယက” အဖွဲ့ဝင် သွားလုပ်တော့၊ ဘ ၃ လုံးဆိုတာ ”ဘေးထိုင် ဘုပြော ဘာမှမလုပ်” တဲ့ လောပေတွေကို ပြောတာပေါ့ကွ”
ခက်သေးရွာသားတချို့ကား ခက်သေးရွာသားများပြီပြီ မိမိကိုယ်ကို အထင်ကြီးတခွဲသားနှင့် အမေပုကို အကြောင်းရှာ ဝေဖန်နေသူ လောပေများပင် ဖြစ်ကြသည်။
”တချို့ ဘ ၃ လုံးအဖွဲ့ဝင်တွေက နိုင်ငံဂျားမှာရှိတယ်ကွ”
”ဟုတ်ပါ့ ဆရာအော်ရယ် တလောကတောင် အမေကြီးကားရွာကဆိုလား ဖွဘုတ်ပေါ်မှာ ဖွန်ကြောင်တဲ့ ဘ ၃လုံး ဘဲနာကြီးတကောင် တွေ့လိုက်သေးတယ်”
”ဘယ်က အမေကြီးကားလည်း အမေရိကားရွာ လုပ်ပါကွာ ကြောင်တဲ့ကောင်ကတော့ ဘယ်ရွာရောက်ရောက်၊ နိုင်ငံဂျားရောက်ရောက် မရောက်ရောက် ကြောင်မှာပဲ ဖွတ်ကလေးရဲ့’၊ အင်္ဂါလန်ရွာမှာလည်း ကြောင်တဲ့ခက်သေးရွာသားတွေ ရှိနိုင်တာပဲ’
”ဒါနဲ့ မင်း… ဘယ်က ဆိုက္ကားကို မလာတာလည်း ဖွတ်ကလေး”
”အခုတလော ဆိုက္ကားနင်းတာ ကောင်မလေးတွေက သဘောကျတယ်ဆိုလို့ ကျုပ်ဆိုင်ကယ်နဲ့ ခန လဲထားတာလေ ဆရာအော်ရဲ့”
”မင်းကလည်းကွာ အရေးထဲမှ ဆိုက္ကားနင်းပြီး ဖွန်ကြောင်ချင်နေပြန်ပြီ”
”ပြီးတော့ ဆိုက္ကားနင်းရင် သူဋ္ဌေးဖြစ်နိုင်တယ် လို့ ဧရာဝတီရပ်ကွက်လူကြီး ဦးသိမ်းကြောင်က ပြောတယ်လေ ဆရာအော်ရဲ့ ”
”မင်းကလည်းကွာ…၊ တို့ခက်သေးရွာက လူကြီးတွေစကားများ မင်းမို့လို့ ယုံတယ်၊ သူလည်း အခု အမတ်လူထွက်ဘဝနဲ့ ဆိုက္ကား နင်းမနင်း မင်း သွားကြည့်ပါလား”
ထိုစဉ်အခါတွင် မီးဖိုချောင်မှ ဒေါ်အွန်မေးတယောက် ထွက်လာပြီး
”ကိုအော်ရေ အတော်ပဲ၊
ဖွတ်ကလေး ဆိုက္ကားရှိတုန်း ကိုခိုနီ့ဆိုင်က အကြွေးဝယ်ထားတဲ့ ဆန်အိတ်တွေ တခါတည်း သွားသယ်လိုက်ပါလား”
”ဆရာအော်က ဆိုက္ကား နင်းတတ်လား ဆရာမ”
”မင်းဆရာ ငယ်ငယ်က ငါ့ကိုလာပိုးတုန်းက သူက သူနေတဲ့ အဆောင်က ဆိုက္ကားငှားပြီး နင်းလာတာလေ”
”ဟာ ဒါဆို တို့ဆရာအော်လည်း ငယ်ငယ်က ကျုပ်လိုပဲ ဆိုက္ကားနင်းပြီး ဖွန်ကြောင်ဘူးတာပေါ့”
ဖွတ်ကလေးက ဝမ်းသာအားရ အီကြာအော်နှင့် တန်းညှိလိုက်လေသည်။
”ဟေ့ကောင် ဖွတ်ကလေး မင်းကကွာ လူကြီးကိုများ မရိုမသေနဲ့၊ ကဲ… ဆန်အိတ်သယ်ဖို့ မင်းပါ လိုက်ခဲ့”
ဤသို့ဆိုလျှင် ဆိုက္ကားဖြင့် ဖွန်မကြောင်ရပဲ လုပ်အားပေးဆန်သယ်ဖြစ်သွားသော ဆိုက္ကားဆရာ တဖြစ်လဲ ဖွတ်ကလေးသည် သူ့ဆရာ အီကြာအော်နှင့်အတူ ကိုခိုနီ့ဆူပါမားကက်သို့ စီးတော်ဆိုက္ကားဖြင့် တယိုင်ယိုင် ချီတက်ဖို့ ပြင်လေတော့သည်။ စိတ်ထဲမှလည်း ဆရာအော်က သူကပြောတော့ဖြင့် “မယက” အဖွဲ့ဝင် မဟုတ်ဘူး ဆိုပြီးတော့ဟု တွေးရင်းတွေးရင်းဖြင့် ဆိုက်က္ကားကို တွန်းကာ ထွက်သွားလေတော့သတည်း။ ။
သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်