ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ကမ္ဘာအတွက်ရေးတဲ့ကဗျာ

ဆောင်းယွန်းလ – ကမ္ဘာအတွက်ရေးတဲ့ကဗျာ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

ပုံမှန်လည်နေတယ်ဆိုတဲ့ ကမ္ဘာကြီးက
ငါတို့နာရီတွေပေါ်မှာ ပုံမမှန်ခဲ့တာ ကြာပြီ…

ကမ္ဘာမြေမှာ
စနေတွေ တနေပြီး တနေ ထွက်ခဲ့ ၀င်ခဲ့တယ်…

တနင်္ဂနွေတွေ
တနွေပြီးတနွေ ရောက်ခဲ့ပျောက်ခဲ့တယ်….

အပျင်းပြေစရာ တနင်္ဂနွေတွေက
ကမ္ဘာ့အပြင်ဘက်ကို ထွက်သွားခဲ့တာ
ခုထိပြန်မရောက်လာနိုင်ခဲ့သေးဘူး….

ကမ္ဘာပျက်ခြင်းတရားကို
ကမ္ဘာစစ်ပွဲပေါင်းများစွာက ပြခဲ့ပြီးပြီ
အကြမ်းဖက်သမားတွေက ပြခဲ့ပြီးပြီ
ဆိုးဝါးလှတဲ့ သဘာဝဘေးတွေက ပြခဲ့ပြီးပြီ…

ကမ္ဘာဖြစ်ခြင်းတရားကို
ဘယ်ပစ်ကွင်းနားမှာ ထိုင်စောင့်ရင်း
ဘာသတင်းနဲ့ ငါတို့ နာကြရမှာလဲ…..

အာဏာရှင်တွေနဲ့ အစွန်းရောက်ဝါဒီတွေ
သံပါတ်လှည့်ပေးထားတဲ့ နာရီထဲက
အကြောက်တရားနဲ့ ထထမြည်နေရတဲ့
နေမှု ထိုင်မှု ရှင်သန်မှုအားလုံးဟာ
ဓါးတုံးတုံးတလက်ပေါ်မှာ
ငါတို့ အသက်နဲ့ဘ၀တွေကို ပစ်တင်ထားရသလိုပါပဲ…

အာဏာရှင်အဆက်ဆက်
မြန်မာပြည်ကို သွေးထွက်သံယိုဖြစ်အောင်
စိန်ခေါ်ခြောက်လှန့်ခဲ့ခြင်းဟာ
ကမ္ဘာမြေကို စိန်ခေါ်ခြောက်လှန့်ခဲ့ခြင်းတခုပဲ…

အစွန်းရောက် အကြမ်းဖက်ဝါဒီတွေ
ပါရီကို စိန်ခေါ်ခြောက်လှန့်ခဲ့ခြင်းဟာ
နယူးယောက်ကို စိန်ခေါ်ခြောက်လှန့်ခဲ့ခြင်းဟာ
ဝါရှင်တန်ဒီစီကို စိန်ခေါ်ခြောက်လှန့်နေခြင်းဟာ
ကမ္ဘာမြေကို စိန်ခေါ်ခြောက်လှန့်ခြင်းတခုပဲဖြစ်တယ်…

သေသူတို့ရဲ့အသက်တွေက
ဆုတောင်းခြင်းနဲ့ ပြန်ရောက်မလာနိုင်ဘူးဆိုတာကို
ငါတို့ မယုံချင်လည်း ငါတို့ ယုံလိုက်ဖို့လိုတယ်….

ရှင်သူတို့ရဲ့ အသက်တွေ မပျောက်ဖို့အတွက်
အကြမ်းဖက် အစွန်းရောက်ဝါဒီတွေကို
ငါတို့ ယုံယုံကြည်ကြည်နဲ့ ဖျောက်ပစ်ရမယ်…

မေတ္တာသုတ် ထိုင်ရွတ်နေရုံနဲ့တော့
ငါတို့ ကမ္ဘာမြေကြီးက မငြိမ်းချမ်းနိုင်သေးဘူး….

ပုံမမှန်တဲ့ကမ္ဘာကြီး ပုံမှန်လည်ပတ်ဖို့အတွက်
ငါတို့အကြောက်တရားတွေကို
ချောက်ကမ်းပါးထဲ အပြီးတိုင် ကန်ချပစ်လိုက်ကြစို့ရဲ့……။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts