ကိုသန်းလွင် သတင်းဆောင်းပါး ခေတ်ပြိုင်အတွေ့အကြုံ ခေတ်ပြိုင်အတွေ့အကြုံ

ကိုသန်းလွင် – ဆီလီကွန်း တောင်ကြား

ကိုသန်းလွင် – ဆီလီကွန်း တောင်ကြား

(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၅

(၁)
ဖွံ့ဖြိုးစနိုင်ငံ၊ ဖွံ့ဖြိုးပြီးနိုင်ငံ၊ စက်မှုလက်မှုတိုးတက်ပြီးနိုင်ငံ၊ ပေါင်းများစွာမှ ခေါင်းဆောင်ကြီးများသည် အမေရိကန် အဆင့်မြင့် (High Tech) စက်မှုကုမ္ပဏီကြီးများ ရှိရာ ဆီလီကွန်တောင်ကြား (Silicon Valley) သို့ အရောက်သွားပြီး ကမ္ဘာကျော် ကုမ္ပဏီကြီးများမှ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးလျက် ရှိကြပါသည်။

ဖြစ်လေ့ ဖြစ်ထရှိသည်မှာ နိုင်ငံတော် သမ္မတကြီးများ၊ ၀န်ကြီးချုပ်ကြီးများ သည် အမေရိကန်သို့ လာပြီဆိုလျင် နိုင်ငံရေးရာ ကိစ္စများ စီးပွားရေးဆိုင်ရာ ကိစ္စများအတွက် အိမ်ဖြူတော်ရှိရာ ၀ါရှင်တန် သို့ဖြစ်စေ  ဘဏ်များနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စများကို လေ့လာရန်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် Wall Street ခေါ်ကမ္ဘာကျော် ကုမ္ပဏီကြီးများရှိရာ နေရာသို့ဖြစ်စေသွားလေ့ရှိကြပါသည်၊ စက်မှုလုပ် ငန်းနှင့်ပတ်သက်လျင် မော်တော်ကား ထုတ်လုပ်ရာ  Detroit  လို မြို့များသို့သာသွားလေ့ရှိကြပါသည်။

မကြာသေးမီကမှ အင်ဒိုနီးရှားနိုင်ငံ သမ္မတကြီး ဂျိုကိုဝီဒိုဒိုသည် ဆီလီကွန်တောင်ကြားရှိ ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်၊ ဖေ့(ေ)ဘွတ် ကုမ္ပဏီရုံးးများရှိသည့် ကုမ္ပဏီများ ၏ အကြီးအကဲများနှင့်တွေ့ရန် ဂျကာတာ မြို့တော်မှ ထွက်ခွာခဲ့ပါသည်၊ အမေရိကားသို့ရောက်ချိန်တွင် မိမိနိုင်ငံက တောမီးလောင်သည့် ပြည်တွင်း ပြဿနာများ ဖြေရှင်းရန် လိုအပ်လာသောကြောင့် ခရီးစဉ်ကို ပြီစီးအောင် မသွားနိုင်ဘဲ ရုတ်တရက် ပြန်သွား ခဲ့ရပါသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလည်း ဆီလီကွန်တောင်ကြားသို့ ယမန်နှစ်ကရောက်ရှိလာသည်၊  ပြင်သစ် ၀န်ကြီးချုပ် ဖရန်စွာဟော်လွန်း၊ အစ္စရေးဝန်ကြီးချုပ် နာတာညာဟု၊ အီတလီဝန်ကြီးချုပ် Matteo  Renzi တို့လည်းရောက်လာဖူးသည်။

အိန္ဒိယ၀န်ကြီးချုပ် မိုဒီသည် အိန္ဒိယကို ကုန်ထုတ်နိုင်ငံဖြစ်ရမည်ဟု Make in India ကြွေးကြော်သံဖြင့် ဤစက်ရုံများရှိရာနေရာသို့ ရောက်လာခဲ့သည်၊ တရုတ်သမ္မတ စီဂျင်ပင်းမှာလည်း ဇနီးဖြစ်သူနှင့်အတူ ၀ါရှင်တန် သို့ မသွားမှီ  ဤနေရာသို့ ဦးစွာရောက်လာခဲ့သည်။

ဆီလီကွန်တောင်ကြားသို့ သွားရာလေဆိပ်မှာ  Mineto San Jose မှာရှိပြီး ယမန်နှစ်ကအထိ ဤလေဆိပ်တွင် နိုင်ငံတော် ခေါင်းဆောင်များကို ကြိုဆိုရန်     ကော်ဇောနီပင်မရှိဟုဆိုသည်၊ ဖွဲ့စည်းစ ကုမ္ပဏီ များမှာ ဦးဆောင်သူများသည် အသက်ငယ်၊ အတွေ့အကြုံမရှိသေးသူများ ဖြစ်ရာ သံခင်း၊ တမန်ခင်း ကိစ္စများတွင် ကသိကအောက် ဖြစ်စရာများ ကြုံကြရသည်၊  တစ်ခါက ဗွီအိုင်ပီ တဦးကို ဧည့်ခံရာတွင်  ကုမ္ပဏီ  CEO  တဦးမှာ ခြေထောက်ကို စားပွဲပေါ်တွင် တင်ရင်းစကားပြောသည်ဟုဆိုသည်။
ဝေဖန်သူများကြောင့် အစိုးရက နိုင်ငံခြားသံတမာန် ဆက်ဆံရေး Protocol များကို အသိပညာပေးနိုင်စေရန် Non Profit အဖွဲ့အစည်းတခုကို ဆီလီကွန်းတောင်ကြားတွင် ရုံးခန်းဖွင့်ပေးခဲ့ရသည်၊  နိုင်ငံခြားမှရောက်လာ သော ခေါင်းဆောင်ကြီးများနှင့် ဆက်ဆံရာတွင် လိုက်နာရန် စည်းမျဉ်း၊စည်းကမ်း၊ ဆောင်ရန် ရှောင်ရန်၊ များကို ကုမ္ပဏီ အုပ်ချုပ်သူများ အား သင်ပေးရသည်။

(၂)

သဲတွင်ပါဝင်သော ဆီလီကွန်ဒြပ်စင်မှာ ထရန်စစ္စတာကဲ့သို့သော ဆီမီကွန်ဒက်တာများ ထုတ်လုပ်ရာတွင် အသုံးကျသည်၊   ကွန်ပျူတာ နှင့် အင်တာနက် ပေါ်လာချိန်တွင် ဤသို့ ဆီမီကွန်ဒက်တာ ထုတ်လုပ် ရေးလုပ်ငန်းများမှာ တဟုန်ထိုး တိုးတက်လာသည်၊   ၁၉၇၀ ခုနှစ်က အင်တဲလ်ကုမ္ပဏီသည် သူ့ဆီမီကွန်ဒတ်တာစက်ရုံ ကို ဤနေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်၊ အမေရိကန်နိုင်ငံ အနောက်ဖက် ကမ်းချေရှိ ဧရိယာအားဖြင့် မြို့တမြို့ စာထက်ပိုမကျယ်သော ဤနေရာလေးတွင် စွန့်စားတီထွင် သူများ၊ စိတ်ကူးစိတ်သန်းကောင်းရှိသူများ အတွက် လုပ်ငန်းသစ်၊ စက်ရုံသစ်၊ အလုပ်သစ် စတင်ရန် နေရာ ဖြစ်လာခဲ့သည်။ တဖြေးဖြေးနှင့် ဆီလီကွန်း တောင်ကြားဟု လူသိများလာခဲ့ သည်
ဟီတာချီ၊ ဂူးဂဲလ်၊ Apple, HP စသည်ဖြင့် တကမ္ဘာလုံး မိမိထွက်ကုန်များဖြင့် လွှမ်းမိုးထားနိုင်သော နိုင်ငံတကာကုမ္ပဏီကြီးများ  နည်းတူ လုပ်ငန်းသစ်စတင် လုပ်ကြသည့် ကုမ္ပဏီ များမှာ ထောင်ချီ၍ ရှိလာကြသည်။

နိုင်ငံခေါင်းဆောင်ကြီးများက ထိုကုမ္ပဏီ ဥက္ကဌ များနှင့် လာရောက်တွေ့ဆုံဆွေးနွေးနေကြခြင်းမှာ တစတစ  များပြားလာပြီဖြစ်ရာ အဘယ့်ကြောင့် ထိုခေါင်းဆောင်ကြီးများသည် အမေရိကန်သမ္မတကြီးကို မတွေ့ရသေးမီ မှာပင်  ဤစက်မှုမြို့တော်သို့ အရောက်လာကြရပါသနည်း ဟုမေးစရာ ဖြစ်လာပါသည်။ နိုင်ငံခြား မှ ရင်းနှီးမြုပ်နှံမှုလာစေချင်သောကြောင့် လား ဟု စဉ်းစားစရာ ရှိသည်၊

ဤခေါင်းဆောင်ကြီးများ ကိုယ်စားပြုရာ နိုင်ငံများမှာ တရုတ်၊ ပြင်သစ်၊ ဂျပန် ဆိုသည် နှင့် အမေရိကန် ကုမ္ပဏီကြီးများ၏ရင်းနှီးမြှုပ်နှံ မှုကို အရမ်းကာရောလိုနေသော နိုင်ငံများ မဟုတ်တော့ပါ၊  စီးပွားရေး နှင့် နိုင်ငံရေး မှာ ဆက်နွယ်နေကြ သော် လည်း အလွယ်တကူ ရောပေါင်းသွား တတ်ခြင်းကားမရှိ၊ ဆီလီကွန်တောင်ကြား တွင်ထူထောင်ခါစ ကုမ္ပဏီ ပေါင်းမြောက်များစွာရှိပေရာ သူတို့၏  ဘတ်ဂျက်မှာ အများအစားကြီး မဟုတ်၊ ထိုကုမ္ပဏီများရောက် လာခြင်းဖြင့်လည်း အလုပ်အကိုင်အသစ်ဖန်တီးရာ မရောက်နိုင်ပါ၊  မိမိနိုင်ငံစီးပွားရေးအတွက် ပစ္စည်း အသစ်ထုတ်လုပ်ရေးဆိုင်ရာစက်ရုံဖွင့်ခြင်း ရေနံတူးစင် ထူထောင်ခြင်းတို့ကဲ့သို့ အလုပ်များ အတွက်မူ အခြားနေရာများသို့ သွားကြရန် သာရှိသည်။

တီထွင်တတ်ခြင်း၊ လုပ်ငန်းအကြီးထွားမြန်ဆန်ခြင်းတို့ဖြင့် ကျော်ကြားသော ဆီလီကွန်တောင်ကြား မှာ စီးပွားရေးတွင် အောင်မြင်သလောက် ၀ါရှင်တန်နိုင်ငံရေးအပေါ် လွှမ်းမိုးနိုင်မှုမှာ ခက်ခဲပြီး အချိန်ယူရပါ သည်၊ နိုင်ငံခြား တိုင်းပြည်ကို သြဇာလွှမ်းမိုး နိုင်ဘို့ နေနေသာသာ မိမိအမေရိကန် နိုင်ငံ အတွင်းမှာ ပင်သြဇာရှိရန် မလွယ်ကူပါ။

ကုမ္ပဏီအများစု၏ CEO များမှာ ငယ်ရွယ်ပြီး နိုင်ငံရေးအမြင်တွင် ကလေးသာသာ တွေးခေါ်တတ်ပြီး သူတို့အလုပ်မှာမိမိတို့ကုမ္ပဏီတိုးတက်ကြီးပွားရေးသာဖြစ်သည်၊ ချွင်းချက်မှာ Apple, Amazon, Microsoft, Facebook အစရှိသည့် ကုမ္ပဏီကြီးများသည် မကြာသော အချိန်များအတွင်း ပို၍ ရင့်ကျက် လာကြပါသည်။

တခါက အမေရိကန် အစိုးရသည် Stop Online Piracy Act (Sopa) ကိုအတည်ပြုရန် ကျိုးစားခဲ့ဘူးသည်၊ ကုမ္ပဏီအများစုက လက်မခံကြချေ၊ သူတို့စည်းရုံးမှုဖြင့် ၀က်ဆိုက်ပေါင်း ၁၁၅၀၀၀ ကျော်က ဤဥပဒေကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖေါ်ကြရာ အစိုးရက သူတို့အစီအစဉ်ကို ရုတ်သိမ်းသွားကြရဘူးသည်။
Center For Responsive Politics ၏အဆိုအရ အင်တာနက်ကုမ္ပဏီများသည် မိမိရည်ရွယ်ချက်ပြည့်ဝရေး အတွက် ဆွဲဆောင်လော်ဘီလုပ်ရန်  ၂၀၁၀ က အမေရိကန်ဒေါ်လာ ၁၅ သန်းမျှ သုံးစွဲခဲ့ကြသည်၊   ယခုအခါ ထိုပမာဏ မှာ ၂ ဆကျော် တိုးပွား ခဲ့ပြီး ၄၂ သန်း မျှရှိသည်ဟုခန့်မှန်းသည်။
အမေရိကန် စီးပွားရေး၏ ဗဟိုရ် ချက်မသည် အရှေ့ဘက်ကမ်းမှ အနောက်ဘက်ကမ်းသို့ ပြောင်းသွားပြီ ဟုမှတ်ချက်ပေးကြသည်။

ယခင်ကတိုင်းပြည်မှ တော်ပေ့ ဆိုသည့် ဘွဲ့ရလူငယ်များသည် Wall Street မှ ဘဏ်ကြီးများ၊ဘဏ္ဍာ ရေးဆိုင်ရာ   ကုမ္ပဏီများ၌ အလုပ်ဝင်ကြသည်၊ ယခုမူ အချို့ဘဏ်များမှ စီအီးအိုများ သည်ဆီလီကွန်း တောင်ကြားမှ ကုမ္ပဏီများ သို့ ပြောင်းရွေ့နေကြပြီဖြစ်သည်၊ အခြား ကမ္ဘာကျော် ကုမ္ပဏီကြီးများ မှ စီအီးအို၊ စီအက်(ဖ)အို များမှာ လည်း အလားတူ ပြောင်းရွှေ့နေကြသည်။
ယခုအခါအဆင့်မြင့် စက်မှုကုမ္ပဏီများမှ စီအီးအို များမှာနိုင်ငံစီးပွားရေးကိုကိုင်လှုပ်သူများဖြစ်နေကြပြီး ၀ါရှင်တန်နှင့် ကီလိုမီတာ ၄၀၀၀ အဝေးတွင် အလုပ်လုပ်နေကြရာ မြို့တော်ဝါရှင်တန်၏ အရှုပ်အထွေးများမှ ကင်းဝေးရာ နေရာတွင် အလုပ်လုပ်နေကြခြင်းဖြစ်သည်။

ဆီလီကွန်တောင်ကြားရှိ အသစ်ကိုရှာဖွေနေကြသူများ၊ ရဲရဲ ၀င့်ဝင့် စွန့်စားနေသူများကို ငွေအရင်းအနှီးထုတ် ပေးနိုင်သော သူဌေးကြီးများကလည်း ကူညီထောက်ပံ့မှုပေးရန် အဆင်သင့်ရှိနေတတ်သည်။

ဆီလီကွန်တောင်ကြား၏ဂျီဒီပီ မှာ ၅၃၅ ဘီလီယံမျှရှိရာ နိုင်ငံပေါင်းများစွာ၏ ဂျီဒီပီ ထက်သာလွန်နေပေ သည်၊ တဦးချင်း Per Capita ဂျီဒီပီမှာ ဇူးရစ်နှင့် အော့စလို ပြီးလျင် တတိယအကြီးဆုံးဖြစ်သည်။
နိုင်ငံပေါင်းများစွာမှ ခေါင်းဆောင်းကြီးများအနေဖြင့် ဆီလီကွန်တောင်ကြား သို့သွားရောက်လေ့လာနေ ကြခြင်း မှာ မိမိတို့နိုင်ငံတွင်လည်း ဆီလီကွန်းတောင်ကြား ၏ပုံစံကို ယူခါ စက်မှုလုပ်ငန်းအသစ်များ ထူထောင် နိုင်ရေးအတွက်လည်းဖြစ်ပါလိမ့်မည်၊ လူငယ်ခေါင်းဆောင်များနှင့် တိုင်ပင်နှီးနှောခြင်းဖြင့် အောင် မြင်သော လုပ်ငန်းများထူထောင်ရန် အကြံဥာဏ်များ ရရှိလိုကြခြင်းပင်ဖြစ်ပါလိမ့်မည်၊ နည်းဥပဒေ၊ အကောက်ခွန်နှင့် Infra structure တည်ဆောက်ရေးသည် ဆီလီကွန်တောင်ကြား ၌ အကောင်းဆုံး ဥပမာ နမူနာများရှိကြပါသည်၊

မိမိတို့နိုင်ငံမှလုပ်ငန်းရှင်များနှင့်ချိတ်ဆက်ပေးနိုင်လျင်နှစ်ဦးနှစ်ဖက် အကျိုးဖြစ် ထွန်း ရန်ရှိပါသည်။
ဆီလီကွန်တောင်ကြားတွင်နေထိုင်ကြသူများ၏ သုံးပုံတပုံမှာ အာရှတိုက်သားများဖြစ်ပါသည်၊ ထိုအာရှတိုက် သားများသည် ရာထူးအဆင့်ဆင့်တွင် ရှိနေကြပြီး တချိန်တွင် စီအီးအို များ ဖြစ်လာကြပါလိမ့်မည်၊  Google, Microsoft, Adobe ကုမ္ပဏီကြီးများ၏ဥက္ကဌ များမှာအိန္ဒိယ နိုင်ငံသားများဖြစ်ရာ သူတို့နှင့်ဆွေးနွေးခြင်းဖြင့် ၀န်ကြီးချုပ် မိုဒီအဖို့ အကြံဥာဏ်ကောင်းများစွာ ရရှိနိုင်ပါလိမ့်မည်၊

ဝန်ကြီးချုပ်မာမိုဟန်ဆင်း လက်ထက်က အမေရိကန်မှ နျူးကလီးယား ဓါတ်ပေါင်းဖို ၀ယ်ရန်ကိစ္စကို သဘောတူလက်မှတ်ရေးထိုးခဲ့ဘူးသည်၊ ဆယ်နှစ်ကျော် ကြာလာသည့်တိုင် ဤကိစ္စမှာဖြစ်မလာခဲ့ပေ၊ ကွန်ဂရက် လွှတ်တော်က ညုကလီးယားလက်နက် မပြန့်ပွား ရေး ကိစ္စကိုအကြောင်းပြခါ အချိန်ဆွဲနေ သည်ဟုဆိုကြသည်၊ ကွန်ဂရက်လွှတ်တော်ကို လွှမ်းမိုးနိုင်သူတို့မှာ စီးပွားရေး သမားများသာ ဖြစ်သည် ဟုထောက်ပြကြသည်၊ သမတ နည်းတူ ပါဝါသြဇာရှိသော ကွန်ဂရက်ကို စည်းရုံးရန် နည်းလမ်းများ ကို သိရှိရန် အမေရိကန်နိုင်ငံရေးကိုလည်းနားလည်ကြရန်လိုပါသည်၊

ကမ္ဘာ လှည့်ခရီးသည်များမှာလည်း ဤဒေသသို့အရောက်လာခါ ကမ္ဘာကျော် (Brand) တံဆိပ်များဖြစ်သည့် ထိုကုမ္ပဏီ များ၏ရုံးများရှေ့တွင်အမှတ်တရဓာတ်ပုံရိုက်ကြသည်၊   နိုင်ငံခေါင်းဆောင်ကြီးများအဖို့မှာလည်း ထိုကုမ္ပဏီအုပ်ချုပ်သူများနှင့် စကားလက်ဆုံ ဆွေးနွေး ကြသည်မှာ ဖက်ရှင်ဖြစ်နေပေသည်။

Wall Street မှ ဘဏ်ကြီးများသည် တကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကြပ်အတည်းကို ကိုဖြစ်စေ ခဲ့ကြပြီး နာမည်ပျက်ခဲ့ကြသည်၊ အမေရိကန်စက်မှု ထုတ်ကုန် လုပ်ငန်းမှာထို နာမည်ဆိုးများမရှိပေ၊ ဆီလီကွန် တောင်ကြား ၏အနာဂါတ် လုပ်ငန်းတိုးတက်ကျယ်ပြန့် လာရေးမှာလည်း မျှော်လင့်ချက်အပြည့်ရှိနေ ဆဲပင် ဖြစ်သည်။

(၃)

အင်တာနက်ခေတ်နှင့် ဖေ့(စ)ဘွတ်ခေတ်ကြီးတွင် သတင်းအချက်အလက်ဆိုသည်မှာ နေရာပေါင်းစုံ အလုပ်ပေါင်းစုံအတွက်ရှိနေပြီးဖြစ်သည်၊ စီးပွားရေး စက်မှုလက်မှု လုပ်ငန်းထူထောင်ရေးတို့အတွက် နည်းပညာဆိုသည်မှာလည်း ရှိနေပြီးဖြစ်သည်၊ လိုအပ်ချက်ကို ရှာဖွေတတ်ရန်သာလိုပါသည်၊ ဆီလီကွန်း တောင်ကြား သို့လာပါလျင် ထိုလုပ်ငန်းများ ထူထောင်ရန် အတွက် အကြံကောင်း ဥာဏ်ကောင်း ပေးနိုင်သူတွေ မြောက်များစွာရှိမှာသေချာပါသည်၊ ထိုအချက်ကို အထက်ဖေါ်ပြပါ ခေါင်းဆောင်ကြီးများ သိထားကြပြီးဖြစ်ဟန်တူသည်၊

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts