လူများ၊ ရုပ်ပုံလွှာများ

မောင်သာမည – ဆရာဂျမ်းကို လွမ်းမိတယ်

Photo – Ko Oo

 မောင်သာမည – ဆရာဂျမ်းကို လွမ်းမိတယ်

(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၅

ဆရာဂျမ်း (ကဗျာဆရာကြီး တင်မိုး)နဲ နီးနီးကပ်ကပ် နှစ်ကြိမ်နေဖူးပါတယ်။ ပထမအကြိမ်က ၁၉၉၃ ခုနှစ်က အင်းစိန်တောရမှာ။ ဒုတိယအကြိမ်က ၂၀၀၆ ခုနှစ် ချင်းမိုင်မြို့ ၊ နေမာဟေမင်လမ်းက ရင်ပင်းကွန်ဒိုမှာ။ နှစ်ကြိမ်လုံးပဲ နှစ်လစီကြာခဲ့တယ်။

အတူနေခဲ့ရတဲ့ ကာလတိုင်းမှာ ကျနော်တို နှစ်ယောက်သား စကားတွေ တဖောင်ဖောင်ပြောရင်း အချိန်ကုန်ပါတယ်။ ဆရာက ပြောသူ၊ ကျနော်က နားထောင်သူ။ ဆရာက သူ့ ဘ၀အတွေ အကြုံတွေကို ပြောရင်း နိုင်ငံရေး ပညာရေး လူမှုရေး အနုပညာရေးတွေကို ထည့်သွင်း ပြော တတ်တယ်။ သူတွေ့ ကြုံခဲ့ရတဲ့ သူတွေအကြောင်း ပြောတတ်တယ်။ ပညာရှင်တွေ ၊စာရေးဆရာ ကဗျာ ဆရာတွေ၊ ပန်းချီ ရုပ်ရှင် ဂီတသမားတွေ၊ နိုင်ငံရေးသမားတွေအကြောင်း ပြောပြတဲ့အခါ နားထောင်လို မ၀အောင် ပြောနိုင်ပါ တယ်။ သူ သိတဲ့သူတွေထဲမှာ ထူးထူးခြားခြား သူတွေလည်း ပါတယ်။ စာအုပ်ဖတ်နေသူကြီးရဲ့ ဗေဒင်ဆရာတယောက်အကြောင်းကို ကျနော့်ကို ပြောပြရင်းနဲ အဲ့ဒီဗေဒင်ဆရာဆီကို ဖုန်းဆက်ပြီး ရယ်စရာတွေ ပြောခဲ့သေးတယ်။ 


မနေ့ က ဆရာ့သမီး မိုးချိုသင်းက ကျနော့်ဖေ့စ်ဘုတ်မှာ အဖေ့ကို လွမ်းလိုက်တာ ဆိုပြီး ရေးတာ ဖတ်ရတော့ ကျနော်လည်း လွမ်းမိတယ်လို ပြန်ရေးပါတယ်။ လွမ်းစရာကလည်း ရှိတယ်လေ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အစိုးရဖွဲ့ နိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်အရေအတွက်ကို ကျော်လွန်ရရှိသွားတဲ့အချိန်မှာ ဖျတ်ကနဲ ဆရာ့ကို သတိရမိ လိုက်တယ်။ ဆရာ အလွန်ယုံကြည်အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲကို မြင်ရရင် ဆရာဘယ်လောက်ပျော်လိုက်မလဲလို့ လည်း တွေးမိပါတယ်။ ဆရာဂျမ်းက ဒေါ်အောင် ဆန်းစု ကြည်ကို သိကျွမ်းခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကထဲ မ၀င်ခင် ကတည်း က ဖြစ်ပါတယ်။

တခါတော့ ဆရာဟာ မြန်မာအရေးအကြောင်း ဆွေးနွေးပွဲတစ်ခုကို ရောက်သွားပါတယ်။ အဲဒီပွဲမှာမြန်မာ့အရေးအကြောင်း ပြောဆိုကြတဲ့အခါ မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တစ်ယောက်နဲ ငြင်းခုန်ရတဲ့အကြောင်း သူက ပြန်ပြောပြပါတယ်။ 


အဲ့ဒီ ပညာရှင်ကဆရာဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လွန်းတယ်လို့ ပြောတဲ့ အခါ ဆရာက ဒီလို ပုဂ္ဂိုလ်မျိုးကိုမှ မယုံကြည်ရင် ဘယ်သူ့ ကို ယုံရမှာလဲလို ပြန်ပြောပါ တယ်။
အဲ့ဒီပညာရှင်ကဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ချောက်ထဲ ခေါ်သွားရင် ဆရာ ဘယ်လို လုပ်မလဲ၊ လိုက်သွားမှာလားဆိုတော့ ဆရာကကျုပ်ကတော့ လိုက်သွားမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးက ချောက်ထဲ ခေါ်သွားရင်တောင်မှ အဲ့ဒါဟာ အရမ်းခေါ် သွားတာ မဖြစ်နိုင်ဘူး၊ အကြောင်းရှိလို့ ခေါ်သွားတာပဲ ဖြစ်မယ်။ ကျုပ်ကတော့ ယုံယုံကြည်ကြည် လိုက်သွားမှာပဲလို ပြန်ပြောလိုက်တယ်။ဆရာကတော့ စံပါပဲလို အဲ့ဒီပညာရှင်က ခေါင်းကုတ်ပြီး ညည်းသတဲ့။ 

ဟုတ်ပါတယ်။ ဆရာဂျမ်းက သူယုံကြည်ရမယ့်သူအပေါ်မှာ လုံးဝ အစွန်းအပြောက်မရှိ ယုံကြည်တဲ့သူပါ။ 


သူယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ ထောက်ခံ လိုက်တဲ့အတွက် အောင်ပွဲကြီးရလိုက်တာကို ဆရာဂျမ်းသာ မြင်တွေ့ ခွင့်ရရင် ဘယ်လောက် ပျော်ရွှင်လိုက်မလဲ။ ဒီအတွေးနဲ ဆရာဂျမ်းကို လွမ်းတာပါ။ ( မောင်သာမည ဖေ့စ်ဘွတ်က ယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts