သုံးနားညီ
ဆောင်းလူ
အောက်တိုဘာ ၁၈၊ ၂၀၁၃
စိတ်နဲ့အတူ ဘ၀ကို အညှိုးအတေးကြီးကြီး ထားလိုက်တယ် …။ ပဉ္စလက်ဆန်တယ် …။ လောဂျစ်ဆန်တယ် …။ ရေဘ၀ဲကောင်လို လက် ခြောက်ဖက်မှမရှိတာ ..။ ဒါပေမယ့် ကြိုးခြောက်ချက်ကိုတော့ လက်နှစ်ဖက်နဲ့ ကောင်းကောင်း ရုန်းရင်းဆန်ခတ်တတ်တယ် …။ ကြိုးတွေက ကဗျာမပီ..စာမမှီ …။ စိတ်တွေက ကဗျာမပီ ..စာမမှီ ..။
တညလုံး ဒီကွင်းထဲမှာပဲ လှည့်ပတ် လှော်ခတ်နေလိုက်တာ …။ မနက်ရောက်မှ တက်ကျိုးနေမှန်းသိတယ် ..။ ကျိုးတဲ့တက်ကို စိတ်နဲ့ ပြန် ဆက်လိုက်တော့ … ခြေတဖက်မှာ အကြောတွေသေနေလို့ …။ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ..သွားရ လာရတာက …။
မနေ့က မိုးတွေရွာတယ် …။
ဒီနေ့ ပိုရွာတယ် …။
မိုးရွာတော့ ရေခံမလား စိတ်ကူးမိတယ် …။ စိတ်ကူးနဲ့ ခံလိုက်တဲ့ရေမှာ ဗက်တီးရီးယားတွေ ပေါက်ဖွားရှင်သန်နေလိုက်တာ ..။ သက်ရှိကမ္ဘာ တစ်ခုလုံးကို ကူးစက်လို့ ..။ ဗိုင်းရပ်စ်ကိုက်လို့ ထူးဆန်းလာတယ် …။
လမ်းတလျှောက် ..မျဉ်းကြားတွေ သစ်ဆန်းလာတယ် ..။ မီးခိုးထွက်နေတဲ့ မီးပွိုင့်တွေကို ခိုတွေ အုပ်စုဖွဲ့ သီချင်းဆိုနေတဲ့ကာလ … မျက်စိ ကစားမိရာ သုံးနားညီ ဘ၀ထဲမှာ … အပျော်မယ်တွေ ..ဟော .. တယောက် ..ဟော ..တယောက် …။ သိက္ခာနဲ့ အလဲအထပ်လုပ်ပြီးမှ လက်ထဲရောက်လာတဲ့ သိန်းထောင်ကျော်တန် ပါမစ်ကို မသိမသာ မျက်စပစ်ကြည့်လိုက်တယ် …။ အောက်ဖ် အော့ ဒိတ်ဖြစ်မှန်း သိသာ လွန်းတယ် ..။ ကြက်သီးထဖွယ် ခြတကောင် တရွရွတက်လာတယ် ..။
လူတွေ မျက်စိပေါက်ကျဉ်းလာတယ် ..။ အပိုမျက်လုံးတွေ ဆင်လာကြတယ် …။
လူတွေ ပါးစပ်ပေါက် ကျယ်လာကြတယ် …။ အပိုဆာတာတွေ သိပ်စားချင်လာကြတယ် …။
လူတွေ လက်တံရှည်လာကြတယ် …။ လက်လှမ်းမှီရာ ..လက်သရမ်းချင်ကြတယ် …။
ဆန့်ကျင်ဘက်မှာ တူညီစွာ …
အတ္တတွေ ပြူးကျယ်လာတယ် …။ ပြူးနိုင်သမျှ ..ကျယ်နိုင်သမျှ ..တတ်နိုင်သမျှ …
စိတ်ဓာတ်တွေ ဆုတ်ယုတ်လာတယ် …။ တတ်နိုင်သမျှ .. ဆုတ်နိုင်သမျှ …ယုတ်နိုင်သမျှ …
လောဘတွေ တက်တက်လာတယ် …။ တက်နိုင်သမျှ … ရသမျှ … နိုင်သမျှ …
မနေ့က ရွာလိုက်တဲ့မိုး .. အားလုံးကို ခွာချသွားမလားမှတ်တယ် … ကြေး (ဂျီး) အဟောင်းကျွတ်သွားတော့ ကြေး (ဂျီး) သစ်တွေက အ ထပ်ထပ် …။ ဘာမဆို ဖြစ်နိုင်လို့ ..သုံးနားစလုံးဟာ လောဂျစ်ဆန်တယ် …။
ဒီမနက်တော့ ထည့်သမျှ ၀င်တဲ့ ပါးစပ်ပေါက်မှာ အပ်ချည်ကြိုးတန်းလန်း ..သွေးအလိမ်းအလိမ်းနဲ့ … ဖြစ်မှ ဖြစ်ရလေ …