သူတို့အာဘော်

ဒန်ငြာရှိန်း – မီးမွှေးခဲ့သူ ဘယ်သူလဲဆိုတာ စာတတ်သူတိုင်း သိကြပါတယ်

Smoke rises as people look on in Meikhtila, March 21, 2013. The central

Myanmar town declared a curfew for a second night on Thursday after

clashes killed 10 people, including a Buddhist monk, and injured at

least 20, authorities said. Riots erupted in Meikhtila, 540 km (336

miles) north of Yangon, on Wednesday after an argument between a

Buddhist couple and the Muslim owners of a gold shop escalated.

REUTERS/Soe Zeya Tun (MYANMAR – Tags: CIVIL UNREST RELIGION) – RTR3F9XV

ဒန်ငြာရှိန်း – မီးမွှေးခဲ့သူ ဘယ်သူလဲဆိုတာ စာတတ်သူတိုင်း သိကြပါတယ်

(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅

ရခိုင်ပြည်နယ်မှာ မတည်ငြိမ်မှုတွေ စဖြစ်လျှင် ဖြစ်ခြင်း ဒါဟာ စစ်အစိုးရရဲ့ လက်ချက်ပဲဖြစ်တယ်ဆိုပြီး ပထမဆုံးထောက်ပြဝေဖန်ခဲ့ဖူးတဲ့အထဲ  မြန်မာမွတ်စလင်တွေ ပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက “ပဉ္စင်္သိခ ဆောင်းကြိုးပြတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရခိုင်အရေး ၊ တောင်ကုတ်လူသတ်မှုတွေအကြောင်းကို တင်ပြထားတဲ့ ဆောင်းပါးတွေ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ – အန္တီအစ္စလာမ် အကြမ်းဖက် အဓိကရုဏ်းကြီးကိုတော့ဖြင့် လက်ရှိစစ်တပိုင်းအစိုးရက ဟိုလူ့လက်ညှိုးထိုး ၊ ဒီလူ့လက်ညှိုးထိုး မလုပ်ဖို့ ၊ ကိုယ့်ခန္ဓာက ထွက်တဲ့မစင်ဟာ ကိုယ့်ကြောင့်သာဖြစ်တယ်ဆိုပြီး လက်သည်တရားခံသည် စစ်တပိုင်းအစိုးရဖြစ်ကြောင်း အထွေအထွေအလီလီသော ကျိုးကြောင်း သက်သေသာဓကတွေနဲ့ တင်ပြခဲ့ပါတယ်။

ကျွန်တော်တို့ ဒီလိုဖော်ထုတ်တင်ပြနေတဲ့အချိန်မှာတော့ ပြည်တွင်းအခြေဆိုက် leading media လို့ခေါ်တဲ့ မြန်မာမီဒီယာလောကရဲ့ ရှေ့ပြေးမီဒီယာတွေဖြစ်တဲ့ အလဲဗင်း ၊ သည်ဗွိုက်စ် စတဲ့မီဒီယာတွေကတော့ လက်သည်တရားခံကို မဖော်ထုတ်ဘဲ “မသီတာထွေးမုဒိန်းမှုနဲ့ ကိုယ့်အိမ်ကိုယ် မီးရှို့တဲ့ လုပ်ဇတ်” တွေကိုသာ တခမ်းတနားရေးသားဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့်လဲ မိတ္ထီလာ ၊ လားရှိုး စတဲ့နေရာတွေကနေ မန္တလေးမြို့ကြီးအထိ မွတ်စလင် အကြမ်းဖက်အဓိကရုဏ်းမီးကြီး ကူးစက်ပျံ့နှံ့ခဲ့ပါတော့တယ်။

အဲဒီအတွက် ဘယ်သူတွေက နိုင်ငံရေးအမြတ်ထွက်ခဲ့ကြသလဲ? မီဒီယာတွေလား ၊ ဒါမှမဟုတ် မိဘပြည်သူတွေလား ? စစ်တပိုင်းအစိုးရကသာ နိုင်ငံရေးအမြတ်ကို မြိုးမြိုးမျက်မျက် ရသွားခဲ့ပါတော့တယ်။

အလ်ဂျဇီးယားရဲ့ ဂျီနိုဆိုက်ဒ်သက်သေလား ၊ ယေးလ်တက္ကသိုလ်ရဲ့ သုတေသန ရလဒ်လား

ယခု အချိန်ကတော့ – စစ်တပိုင်းအစိုးရက မွတ်စလင်တွေကို အကြမ်းဖက်တဲ့ဝါဒ ဒါမှမဟုတ် မွတ်စလင်မုန်းတီးရေးနည်းလမ်းအားဖြင့် နိုင်ငံရေးအမြတ်ထွက်သွားခဲ့တယ်ဆိုတာ မြန်မာပြည်သူ ပြည်သားတိုင်း သိနားလည် မြင်သာတဲ့ အခြေအနေကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုက်အခံပါတီရဲ့ မဲဆွယ်ပွဲတွေမှာ ပြည်သူများက စစ်တပိုင်းအစိုးရ မှိုင်းတိုက်ထားတဲ့ မိုးလုံးပြည့်မုသာဝါဒတွေကို ယုံမှားသံသယနဲ့ မေးခွန်းတွေထုတ်ကြလို့လည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းခဲ့ရတယ်ဆိုတာလည်း လူတိုင်းအသိပါပဲ။

အမေစု အမေစုနဲ့ အဲန်အဲလ်ဒီကိုမှ သဲသဲလှုပ်ထောက်ခံနေကြတဲ့ ၉၀ ရာခိုင်နှုန်းသော ဖေ့စ်ဘွတ်ခ်သုံး မြန်မာ့လူတန်းစားဟာဆိုရင် ဒီကနေ့ အောက်တိုဘာ ၂၈ မှာတော့ ယေးလ်တက္ကသိုလ်ရဲ့ သုတေသနကို “အဲလ်ဂျဇီးယားသတင်းဌာန” ဆိုတဲ့ ကုလားအာရပ်ပိုင်မီဒီယာကြောင့် မျက်စိစုံမှိတ်ပြီး အတင်းကာရောငြင်းချက် ထုတ်နေကြပါတော့တယ်။ ၀မ်းနည်းစရာပါပဲ။ ဒီလိုအခြေအနေကို စစ်တပိုင်းအစိုးရက လိုချင်နေတာဖြစ်ပါတယ်။ အသိသတိရှိကြဖို့ လိုအပ်လှပါတယ်။

မြန်မာမွတ်စလင်တွေအပေါ် စစ်တပိုင်းအစိုးရရဲ့ မိုက်ရိုင်းပြုမူတံခွန်ထူမှုကို အဲလ်ဂျဇီးယားက ဖွင့်ချတဲ့နေရာမှာ ယေးလ်ဥပဒေတက္ကသိုလ်ရဲ့ စာတမ်းကို အခြေခံထားတယ်ဆိုတာ အထူးသတိချပ်ကြပါ။ ဒါ့ပြင် အဲလ်ဂျဇီးယားသတင်းဌာနရော ယေးလ်ဥပဒေတက္ကသိုလ်ရဲ့ သုတေသနစာတမ်းတွေက မြန်မာလူထုကြီးကို ရှုံ့ချပျက်ရယ်ပြုထားတာမျိုးမဟုတ်ဘဲ လူထုကြီးတရပ်လုံးအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့ အာဏာရှင်စစ်တပိုင်းအစိုးရကို အရေခွံ ခွာပြထားခြင်းသာဖြစ်ပါတယ်။ ဒီနှစ်ခုကို အသေအချာ ကွဲပြားစွာ နားလည်သုံးသပ်နိုင်ဖို့ လိုပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ အန္တီမွတ်စလင်အကြမ်းဖက်မှုတွေသည် စစ်တပိုင်းအစိုးရ လက်ချက်သာဖြစ်တယ်ဆိုတာကို ဖော်ထုတ်ပြခဲ့တဲ့ ယေးလ်တက္ကသိုလ်နဲ့ အဲလ်ဂျဇီးယား သတင်းဌာနရဲ့ လေသံအတိုင်း တသဝေမတိမ်းထွက်ပြခဲ့ဖူးသူ ရှိပါသလား

အထက်ပါမေးခွန်းရဲ့ အဖြေကတော့ – ဟုတ်ကဲ့ ရှိပါတယ်။ မြန်မာပြည်ရဲ့ leading media လို့ ခေါ်ရမယ့် အလင်းဗင်းဂျာနယ်က ဒေါက်တာ သန်းထွဋ်အောင်ပဲ ဖြစ်ပါတယ်။

“ဦးနေဝင်းတို့ဦးသန်းရွှေတို့လက်ထက်တုန်းကသာ fbookရှိနေခဲ့ရင် သူတို့ကိုထောက်ခံတဲ့လူတွေ profileပုံတွေ ပြောင်းလောက်ပြီ။ ဒို့ခေါင်းဆောင်တွေပဲလေ။ သူတို့တုန်းက ရိုဟင်ဂျာပြသနာ ဘာလို့နိုင်ငံတကာစင်ပေါ် ဘာလို့မရောက်ရတာလဲ။ သီတာထွေးလိုအသတ်ခံရတဲ့ လူမပေါ်လို့လား။ သူကိုသတ်တဲ့သူထောင်ထဲမှာ ဆွဲကြိုးချ သတ်မသေသွားလို့လား။ တောင်ကုတ်လူသတ်မှု့ကြီးလို လူအစုလိုက်အပြုံလိုက် လက်သည်မပေါ်အောင် သတ်တဲ့အမှု့ကြီးတွေ မရှိလို့လား။ ကြားဖြတ်ရွေကောက်ပွဲမှာ မရှုံးခဲ့လို့လား။ ဒေါသထွက်နေတဲ့လူအုပ်ကြီးတွေမရှိလို့လား။ fbook မှာ တောင်ရေးမြောက်ရေးရေးတတ်တဲ့ ဝန်ကြီးမရှိလို့လား။
လာပြောမနေပါနဲ့။ ငါတို့လူမျီိုး ငါတို့ဘာသာ နိုင်ငံတကာမှာ မျက်နှာငယ်အောင်။ ငါတို့ နိုင်ငံသိက္ခာ ကျအောင်လုပ်ခဲ့တဲ့ ဘာသာရေးမီးမွှေးခဲ့တဲ့ လူဟာ ဘယ်သူလဲစဉ်စားတတ်တဲ့ လူတိုင်းသိကြပါတယ်။” (https://www.facebook.com/than.h.aung.5/posts/1073036216041727)

ဒေါက်တာသန်းထွဋ်အောင် ဟာ သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာမှာ အထက်မှာ ဖော်ပြထားတဲ့အတိုင်းရေးသားခဲ့ပြီး မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေမှာ အာဏာရှင်စစ်အစိုးရကသာ အမြတ်ထွက်တယ်ဆိုတဲ့အကြောင်းကို အဲလ်ဂျဇီးယားနဲ့ ယေးလ်တက္ကသိုလ်တွေက ၈ လကျော်သုတေသနလုပ်ထားတဲ့ စာတမ်းရဲ့ အနှစ်ချုပ်အဆိုအတိုင်း သွယ်ဝိုက်စွာရေးသားထားခဲ့တာဖြစ်ပါတယ်။ “မီးမွှေးခဲ့သူ ဘယ်သူလဲဆိုတာ စဉ်းစားတတ်သူတိုင်းသိပါတယ်” ဆိုပြီးလည်း ဦးသန်းထွဋ်အောင်က ဆိုထားပါသေးတယ်။

သို့သော်လည်း ၀မ်းနည်းစရာကောင်းတာက ဦးသန်းထွဋ်အောင်လို စာတတ်တဲ့ ဆေးကုဆရာဝန်တစ်ဦး ဦးဆောင်တဲ့မီဒီယာက နိုင်ငံရေးအမြတ်ထွက်ဖို့ ဘာသာရေးမှိုင်းတိုက်နေတဲ့ “မသီတာထွေးအမှု” မှသည် မြန်မာပြည်ဖွား မြန်မာမွတ်စလင်တွေ အသက်ပျောက်ခဲ့ရတဲ့ တောင်ကုတ်၊ မိတ္ထီလာ၊ လာရှိုး စတဲ့ အဓိကရုဏ်းတွေမှာတော့ မှန်ကန်တဲ့သတင်းရေးသားပုံမျိုးနဲ့ လက်သည်တရားခံကို ကွင်းခနဲကွက်ခနဲပေါ်အောင်မချပြခဲ့ပါ။

အခုတဖန် အဲလ်ဂျဇီးယားသတင်းဌာနရဲ့ ဂျီနိုဆိုက်ဒ်သက်သေများကို တင်ပြထားတဲ့ဆောင်းပါးမှာလည်း ယူကေအခြေဆိုက် International State Crime Initiative (ISCI) ရဲ့ ဒါရိုက်တာနဲ့ လန်ဒန်တက္ကသိုလ်ရဲ့ ပရောဖက်ဆာ Penny Green ရဲ့ အဆိုကို အခုလိုကိုးကားထားပါသေးတယ်။

“President Thein Sein (of USDP) is prepared to use hate speech for the government’s own ends, and that is to marginalise, segregate, diminish the Muslim population inside Burma.”

မြန်မာပြန် – “ကြံ့ဖွံ့ပါတီ သမ္မတသိန်းစိန်က အမုန်းတရားတွေကို မိမိတို့အစိုးရအကျိုးအလို့ငှာ အသုံးချဖို့ပြင်ဆင်တယ်၊ (အဲသလိုအသုံးချပြီး) ပြည်တွင်းကမွတ်စလင်ထုကို ဖိနှိပ်ဖို့ ၊ အထီးကျန်ဖြစ်စေဖို့နဲ့ အရေအတွက်အားဖြင့် လျော့နည်းလာစေဖို့ ရည်ရွယ်ခဲ့တယ်။”

Penny Green က ဒီတင်မရပ်သေးဘဲ ဆက်ပြောပြန်တာက “It wasn’t communal violence. It was planned violence.” မြန်မာပြန် – “ဒါဟာ မတူကွဲပြားတဲ့ လူအုပ်စုအကြား ဖြစ်တဲ့ပြဿနာမဟုတ်ဘူး၊ ဒါဟာ ကြိုတင်ပြင်ဆင်အကွက်ချဆောင်ရွက်တဲ့ အကြမ်းဖက်မှုဖြစ်တယ်။”

(Ref: http://www.aljazeera.com/…/exclusive-strong-evidence-genoci…)

Penny Green က ဒီအဆိုတွေကို ၂၀၁၂ ကတည်းကပြောခဲ့တာပါ။ Penny Green ရဲ့ အဆိုမှားပါသလား၊ ဒေါက်တာသန်းထွဋ်အောင်ကတော့ မမှားတဲ့အကြောင်း သွယ်ဝိုက်စွာထောက်ခံခဲ့ပြီဖြစ်သလို NLD လိုလားတဲ့ မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လစ်တနာကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူထောက်ခံမှုကျဆင်းအောင် စစ်တပိုင်းအစိုးရက ခလောက်ဆန်နည်းမျိုးစုံသုံးကြိုးစားနေတယ်ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးရင်း ခုလို ထောက်ခံခဲ့ပါသေးတယ်။

“The violence is clearly well orchestrated and not as spontaneous as we are being led to believe. The answer is plain to see – the government is very worried about the support commanded by Suu Kyi. It wants to force her into a position where she has to make a pro-Rohingya public statement…” မြန်မာပြန် – “အကြမ်းဖက်မှုတွေက သေသေချာချာပြင်ဆင်ထားတာ သိပ်ထင်းရှားတယ်၊ ကျွန်တော်တို့ ယုံကြည်ရလောက်အောင် သဘာဝကျတဲ့ အထောက်အထားမရှိဘူး။ အဖြေက ရှင်းပါတယ်၊ လက်ရှိအစိုးရက ဒေါ်စုကြည်ရရှိထားတဲ့ လူထုထောက်ခံမှုကို စိုးရိမ်တယ်၊ အဲဒီတော့ သူထောက်ခံမှုကျသွားအောင် သူ့ကို ကျဉ်းထဲကြပ်ထဲ သွင်းပို့လိုက်ဖို့ အစိုးရက အလိုရှိတယ်။ ဒေါ်စုကြည်က ရိုဟင်ဂျာနဲ့ပတ်သတ်ပြီး တခုခု သတင်းထုတ်ပြန်လိုက်တာနဲ့ သူမရဲ့ ကျော်ကြားမှုကလည်း မှေးမှိန်သွားနိုင်တယ်။” (http://www.theweek.co.uk/…/burma-regime-inciting-rakhine-co…)

ဘာတေးလ်လစ်တနာကလည်း မွတ်စလင် အကြမ်းဖက်မှုတွေကို စစ်တပိုင်းအစိုးရက စနစ်တကျပြင်ဆင်ထား တာဖြစ်တယ်လို့ဆိုပါတယ်။

အခုကျွန်တော်တို့ သက်သေ ၃ ဦးရပါပြီ။ တစ်ဦးက ဦးသန်းထွဋ်အောင်၊ နောက်တစ်ဦးက Penny Green နဲ့ နောက်တစ်ဦးက ဘာတေးလ်လစ်တနာတို့ဖြစ်ပါတယ်။ ဒီသုံးဦးမှာ Penny နဲ့ ဘာတေးလ်လစ်တနာတို့က စစ်တပိုင်း အစိုးရအနေနဲ့ သူတို့အမြတ်ထွက်ဖို့ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်ရေးကို စနစ်တကျပြင်ဆင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ၂၀၁၂ ကတည်းက ဖော်ထုတ်ခဲ့ကြတာဖြစ်ပေမယ့် ဦးသန်းထွဋ်အောင်ကတော့ အောက်တိုဘာ ၂၆ ၊ ၂၀၁၅ နေ့စွဲနဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

အခုတဖန် အဲလ်ဂျဇီးယားနဲ့ ကမ္ဘာကျော် ယေးလ်တက္ကသိုလ်တို့က သူတို့သုံးဦးရဲ့ အဆိုအတိုင်း သက်သေသာဓကများနဲ့ ဦးသိန်းစိန်စစ်တပိုင်းအစိုးရကို ပြစ်တင်ယိုးမယ်ဖွဲ့တဲ့အခါကြတော့ မြန်မာပြည်က ပရိုဒီမိုကရေစီတွေက လိုလားပုံမပြကြတာ ဘာလို့များလဲဆိုတာ ထူးဆန်းနေပါတော့တယ်။

ဦးသန်းထွဋ်အောင်အဆို ခဏငှားသုံးရရင်ဖြင့် – ကမ္ဘာကျော်ယေးလ်တက္ကသိုလ်ရဲ့ credibility ခေါ် ယုံကြည်စိတ်ချရမှုကို ပညာတတ်သူတိုင်း သဘောပေါက်နားလည်ကြပါတယ်ခင်ဗျား။

၂၀၁၅ မြန်မာ့ရွေးကောက်ပွဲကြီးမှာ စစ်တပိုင်းအစိုးရအတွက် အဓိက အကြပ်အတည်းဖြစ်စေတာ ဘယ်အကြောင်းလဲ

၂၀၁၅ မြန်မာအထွေအထွေရွေးကောက်ပွဲကြီးမှာ မဲလိမ် ၊ မဲခိုး၊ မဲညစ်၊ မသမာမှုသုံးမဲဆွယ်တာတွေ ဒါတွေအားလုံး တခုမှ လုပ်လို့မရအောင် စစ်တပိုင်းအစိုးရကို အဓိက ဖိအားပေးနိုင်တာ ဘယ်သူတွေလို့ ထင်ပါသလဲ။ ၁၉၉၀ ရလဒ်ကို အကြောင်းအမျိုးမျိုးနဲ့ ခေါက်ပြခဲ့တဲ့ စစ်တပိုင်းအစိုးရကို ၂၀၁၅ ရွေးကောက်ပွဲကြီး တရားမျှတဖို့အတွက် အဓိက တွန်းအားပေးနိုင်တာ ဘယ်သူတွေဖြစ်ကြပါသလဲ။ ပြည်တွင်းအားတွေလား၊ ပြည်ပအားတွေလား?

အဖြေကရှင်းပါတယ်။ ပြည်ပအားတွေသာဖြစ်ပါတယ်။

၁) ဥရောပပါလီမန် ဒုတိယဥက္ကဌ ၊ မြန်မာ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် Alexander Graf Lambsdorff က ဥရောပသမဂ္ဂစောင့်ကြည့်လေ့လာရေးအဖွဲ့ကို တနိုင်ငံလုံးစေလွှတ်ထားပြီး နိုဝင်ဘာလကုန်အထိ အချိန်ပြည့်စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။ (http://myanmar.mmtimes.com/…/national-news/16304-2015-10-21…)

၂) အမေရိကန်သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေး ထိပ်တန်းအကြံပေး တဦးဖြစ်တဲ့ Ben Rhodes က သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အားလုံးပါဝင်ရေးနဲ့ ထင်သာမြင်သာရှိပြီး ပွင့်လင်း မြင် သာ မှုရှိတဲ့ အများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ ပြောဆိုခဲ့တဲ့အပြင် ရွေးကောက်ပွဲအတွက် အမေရိကန်အစိုးရရဲ့အဓိက စိုးရိမ်မှုက နိုင်ငံရေးမှာ ဘာသာရေးက ၀င်နှောက်နေခြင်းပဲဖြစ်ပြီး (ပြည်သူ ပြည်သား တွေကြား) မလုံခြုံမှုတွေကနေ အကြမ်းဖက်မှုတွေ မတည်မငြိမ်မှုတွေ ဖြစ်သွားနိုင်ကြောင်းလည်း သူက သတင်းထောက် တွေနဲ့ တွေ့ဆုံရာမှာ ပြောဆိုခဲ့ပါသေးတယ်။ (http://burma.irrawaddy.org/news/2015/10/21/97588.html)

၃) ဗြိတိသျှ သံအမတ်ကြီး အင်ဒရူးပက်ထရစ်ကတော့ မြန်မာ့ရွေးကောက်ပွဲ တရားမျှတဖို့အတွက် သူကိုယ်တိုင် ဗွီဒီယိုဖိုင်ရိုက်ကူးပြီး မြန်မာပြည်သူပြည်သားတွေအနေနဲ့ ရွေးကောက်ပွဲတရားမမျှတမှာကို စိုးရိမ်နေတဲ့အကြောင်း၊ (တရားမျှတမှု ရှိစေဖို့အတွက်) နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ ၂၀၀ ခန့်ကို စေလွှတ်မှာဖြစ်ကြောင်း၊ မြန်မာပြည်သား ၅ ထောင်ခန့်ကိုလည်း မိမိတို့စရိတ်နဲ့ လေ့လာစောင့်ကြည့်ရေးသင်တန်းများ ပေးထားပြီးဖြစ်ကြောင်း၊ ဒါကြောင့် အနာဂတ်ပြောင်းလဲဖို့ မဲရုံများစီအရောက်သွားမေးပေးကြပါလို့ နှိုးဆော်ပါကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။ (https://www.facebook.com/skynetdthofficial/videos/1237145179644217/?pnref=story)

အထက်ပါအကြောင်း ၃ ခုနဲ့တင် မြန်မာစစ်တပိုင်းအစိုးရအတွက် ရွေးကောက်ပွဲတရားမျှတမှု ဖြစ်အောင် ကျင်းပပေးဖို့ လုံလောက်တဲ့ ဖိအားတွေဟာ ပြည်ပနိုင်ငံတွေကသာ ပေးနိုင်တယ်ဆိုတာ ထင်ရှားနေပါတယ်။ ပြည်တွင်းမှာတော့ မြန်မာစစ်တပိုင်းအစိုးရက လက်နက်အားကိုးနဲ့ ကြောက်အောင် ချောက်မှာဖြစ်လို့ ပြည်တွင်းဖိအားက မရှိသလောက်ပါပဲ။

အတိုက်အခံပါတီက ရွေးကောက်ပွဲရလဒ်အတွက် ဘယ်သူ့ကို အားကိုးသလဲ
“၁၉၉၀ ကနေ ယနေ့အထိ မြန်မာ့ဒီမိုကရေစီအရေးတွက် ကမ္ဘာ့ကုလသမဂ္ဂနဲ့ အင်အားကြီး ဒီမိုကရေစီနိုင်ငံများက နှစ်ပေါင်း ၃၀ ခန့် တစိုက်မတ်မတ် ရပ်တည်ပေးထားခဲ့ကြောင်း၊ အဲဒီလို ရပ်တည်ပေးမှုရဲ့အကျိုးဆက်ကြောင့် အစိုးရက အာဏာကို ကိုင်ထားချင်သလို ကိုင်ထား၍မရသည်အား သဘောက်ပေါက်ခဲ့ကြောင်း ၊ ရွေးကောက်ပွဲတွင် တရားမမျှတပါက ကမ္ဘာက လက်ခံမည်မဟုတ်ကြောင်း၊ ၁၉၉၀ ကအတိုင်း မဖြစ်ဖို့ ပြည်သူက NLD အား ပြတ်ပြတ်သားသား ထောက်ခံရမည်သာဖြစ်ကြောင်း” ၊ စသဖြင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ (https://www.facebook.com/IrrawaddyBurmese/videos/1098985666812251/?hc_location=ufi)

၁၉ ၉ ၀အတိုင်း NLD နိုင်ပေမယ့် အာဏာလွှဲမပေးရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေခဲ့တာပါ။ ဒီအဖြေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည် ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန် ၊ ယူကေနဲ့ ဥရောပနိုင်ငံတွေကို အားကိုးနေတယ်ဆိုတာကို သွယ်ဝိုက်စွာ ရည်ညွှန်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဒီတော့ – မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများသာမက သာမာန်ထောက်ခံသူ ပြည်သူများအနေနဲ့ ကုလနဲ့ အနောက်နိုင်ငံတွေရဲ့ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ထုတ်ပြန်မှုတွေကို ယုံကြည်အားကိုးတန်ဖိုးထားကြရတော့မှာ ဖြစ်ပါတယ်။

သို့သော် ၀မ်းနည်းဖို့ကောင်းတာက မြေပြင်အခြေအနေကို အကြိမ်များစွာ လာရောက်လေ့လာခဲ့ဖူးတဲ့ ကုလသံတမန် ယန်းဟီးလီနဲ့ ကွင်တားနားတို့ရဲ့ အဆိုတွေကတော့ မြန်မာ့လူထုအကြား မဟုတ်မမှန် သတင်းရယ်လို့သာ ပျံ့နှံ့လျက်ရှိနေဆဲပါ။

မြန်မာ့လူထုအကြား double standard ဆိုတဲ့ ကုလားသတင်းကိုတော့ဖြင့် ကုလနဲ့ အနောက်တိုင်း သတင်းဌာနတွေပြောတာ မယုံနဲ့ ၊ NLD သတင်းနဲ့ ရွေးကောက်ပွဲ သတင်းကိုတော့ဖြင့် ကုလနဲ့ အနောက်တိုင်း ပြောတာယုံ ဆိုပြီး တနေရာတမျိုး မတူညီတဲ့ ပေတံတွေနဲ့ တိုင်းတာမယ်ဆိုရင်ဖြင့် အမှားကြီး မှားကြတော့မှာ ဖြစ်တယ်လို့ စေတနာရှေ့ထား သတိပေးချင်ပါတယ်။

ကုလားအရေးနဲ့ပတ်သတ်ပြီး ပြတ်သားစွာ ဆန့်ကျင်ရပ်တည်ခဲ့လို့ နာမည်ကြီးခဲ့တဲ့ အလဲဗင်းမီဒီယာဂရုရဲ့ ဂုရုကြီးကရော ရွေးကောက်ပွဲတရားမျှတရေးအတွက် ဘယ်သူ့ကို အားကိုးပါသလဲ။

“UN US CHINA ASEANအားလုံးကဒီရွေးပွဲကိုတည်တည်ငြိမ်ငြိမ်လုပ်ဖို့diplomatic pressure ပေးထားတယ်။” ဆိုပြီး ဦးသန်းထွဋ်အောင်က အောက်တိုဘာ ၂၆ နေ့စွဲနဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။ (https://www.facebook.com/than.h.aung.5/posts/1084304508248231)

ဦးသန်းထွဋ်အောင်ကြီး ကုလနဲ့ အမေရိကန်တို့ရဲ့သတင်းထုတ်ပြန်မှုတွေကို ဒီတကြိမ်မှာတော့ဖြင့် ယုံကြည်တော့မှာပါ။ သို့သော် ကုလားသတင်းကိုတော့ဖြင့် ကုလက ထုတ်ထုတ်၊ အမေရိကန် ကမ္ဘာကျော်တက္ကသိုလ် ယေးလ်က ထုတ်ထုတ် ယုံကြည်နိုင် ၊ မယုံကြည်နိုင်ဆိုတာက သံသယ ပွားစရာဖြစ်နေဆဲပါ။

မြန်မာပြည်သူလူထုအကြား အမြင်မှန်တွေ ရှင်သန်ကြီးထွားဖို့ ၊ မြန်မာ့မြေက သစ္စာတော်ခံ ကုလားတွေအပေါ် အမြင်ကြည်လာဖို့အတွက် ရွေးကောက်ပွဲအလွန်မှာ NLD နဲ့ ဥသျှောင်မီဒီယာတွေ ဘယ်လို ခြေလှမ်းတွေ လှမ်းကြမလဲဆိုတာ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျား။

Reference – http://www.aljazeera.com/news/2015/10/exclusive-strong-evidence-genocide-myanmar-151024190547465.html

(မိုးမခမှတ်ချက် – စာရေးသူ ဒန်ငြာရှိန်း သည် M-Media Group တွင် စာရေးလေ့ရှိသည့် ကလောင်ရှင်တဦးဖြစ်သည်။ ၎င်း၏ စာများ – http://www.m-mediagroup.com/?s=%E1%80%92%E1%80%94%E1%80%B9%E1%80%BB%E1%80%84%E1%80%AC%E1%80%9B%E1%80%BD%E1%80%AD%E1%80%94%E1%80%B9%E1%80%B8 )



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts