တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အပြောင်းအလဲကို လေသံကြားရုံနဲ့ ထိတ်လန့်နေသူတွေ



တူမောင်ညို  – အပြောင်းအလဲကို လေသံကြားရုံနဲ့ ထိတ်လန့်နေသူတွေ 

မိုးမခ၊ နိုဝင်ဘာ ၂၊ ၂၀၁၅
“— သစ်ရွက်လှုပ်ရှား — ချောက်ချားကုန်ပြီ  — လေတိုက်သံကြား — ကြောက်ဒူးတုန်ပြီ ”

ယနေ့ ရွေးကောက်ပွဲအကြိုကာလမြင်ကွင်းတွေကို ကြည့်ရင်း အထက်က သီချင်းစာသား နှုတ်ဖျားမှာ အလိုအလျောက်ရောက် လာပါတယ်။ သူတို့ဟာ “အပြောင်းအလဲ” ဆိုတာကို လေသံကြားရုံမျှနဲ့ သွေးလေချောက်ချားနေကြပါပကော။ ကြောက်ဒူးတုန်နေကြ ပါပြီပကော။

“အပြောင်းအလဲ”ကို မမြင်မတွေ့ရသေးသော်ငြားလည်း မပြောင်းလဲလိုသူတွေနဲ့ မပြောင်းလဲလိုတဲ့သဘောထား၊ ပြောစကား တွေကိုတော့ ပြည်သူအများ ပြက်ပြက်ထင်ထင် မြင်တွေ့ကြားသိနေကြရပါပြီ။

“ပြောင်းလဲချိန်တန်ပြီဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ကတော့ ပြောင်းပြီးပြီနောက်ထပ် ပြောင်းဖို့ကတော့ အခြားမရှိ တော့ဘူး၊ ကွန်မြူနစ်ပဲ ရှိတော့တယ်” တဲ့။ ဒီစကားကိုပြောတဲ့သူက နိုင်ငံတော်သမ္မတ၊ ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ ဆိုတဲ့သူရဲ့ သဘောထား နဲ့ပြော စကားပါ။ ဒီတော့ဒီသဘောထားနဲ့ ပြောစကားဟာ ကြံ့ဖွံ့အစိုးရ သဘောထား၊ ကြံ့ဖွံ့ပါတီရဲ့သဘောထားဖြစ်ပါတယ်။

ဒီသဘောထားနဲ့ပြောစကားမှာတင် သူတို့လိုလားတဲ့အပြောင်းအလဲ ဆိုတာနဲ့ သူတို့မလိုလားတဲ့အပြောင်းအလဲကို တွေ့မြင်နိုင် ပါတယ်။ သူတို့လိုလားတဲ့အပြောင်းအလဲဆိုတာက စစ်အာဏာရှင်စနစ်ကို “၂၀၀၈ အခြေခံဥပဒေ” နဲ့ ဖုံးကွယ်ပေးတဲ့ အပေါ်ယံအပြောင်း အလဲ၊ ကြံ့ဖွံ့အသင်းကနေ ကြံ့ဖွံ့ပါတီသို့ပြောင်းတဲ့ အပြောင်းအလဲ၊ ဗိုလ်သန်းရွှေထံကနေ ဗိုလ်သိန်းစိန် – ဗိုလ်ရွှေမန်း – ဗိုလ်မင်းအောင် လှိုင်တို့ထံ အာဏာအမွေလွှဲပေးတဲ့အပြောင်းအလဲမျိုးသာဖြစ်ပါတယ်။

သူတို့မလိုလားတဲ့အပြောင်းအလဲက အတိုက်အခံပါတီ ခေါင်းဆောင်မကြာခဏပြောနေတဲ့ “ကျွန်မတို့ အဓိက အပြောင်းအလဲ လုပ်ချင်တဲ့စနစ်က အာဏာရှင်စနစ်ကနေပြီး တာဝန်ယူမှုစနစ်ကို ပြောင်းလဲချင်တာပါ” ဆိုတဲ့ အပြောင်းအလဲမျိုးဟာ ကို သူတို့ အတွက် မရဏမောင်းသံဖြစ်နေတယ်လို့ထင်ပါတယ်။ “ပြောင်းလဲချိန်တန်ပြီ – အမှန်တကယ်ပြောင်းလဲဖို့” ဆိုတဲ့ စကားကို အတော်နားခါးနေပုံရပါ တယ်။

အခုတော့ ဟန်မဆောင်နိုင်တော့ပဲ သမ္မတ(ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ) ကိုယ်တိုင် ပါးစပ်ကနေ ဗြောင်ထုတ်ပြောလာပါပြီ။

အပြောင်းအလဲကို မလိုလားတဲ့ သဘောထားကို ဝန်ကြီး – ဝန်ကလေးတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ မဲဆွယ်ပွဲတွေမှာ ပြောနေကြတော့ အပြောင်းအလဲကို မလိုလားတာဟာ သာမန်သဘောထား ဆန္ဒတစ်ခုမျှသာ မကတော့ပဲ သူတို့ရဲ့အခိုင်အမာပေါ်လစီ ဖြစ်နေတာကို မြင်နိုင်ပါလိမ့်မယ်။

ဒါကြောင့် ဒီကနေမြင်တွေ့နေရတဲ့ ဒီကနေ့အဆက်မပြတ် ပေါ်ပေါက်လာနေတဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ညစ်ပတ်မှု၊ အစိုးရရဲ့ ကောက်ကျစ်မှုတွေ၊ လိမ်လည်မှုတွေ၊ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေ၊ ဓါးခုတ်အကြမ်းဖက်မှုတွေဟာ အထက်မှာဖော်ပြခဲ့တဲ့ ဆန္ဒတွေ၊ ဒီပေါ်လစီတွေနဲ့ သီးခြားကင်းလွတ်ပြီးပေါ်ပေါက်နေတာမဟုတ်ပါဘူး။ ဒီပေါ်လစီရဲ့တိုက်ရိုက်အထွက်ရလဒ်တွေပဲဖြစ်ပါတယ်။ မပြောင်း လဲလိုသူတွေရဲ့ဆန္ဒသဘောထားကို ထင်ဟပ်နေတဲ့ လက်တွေ့လုပ်ဆောင်မှုတွေပဲဖြစ်ပါတယ်။

ဒီလိုဉာဏ်နီဉာဏ်နက်မျိုးစုံ ညစ်ကွက်ညစ်နည်းအစုံအလင်နဲ့ အကြမ်ဖက်ထိုးနှက်တိုက်ခိုက်နေမှုတွေဟာ “အပြောင်းအလဲ” ကို စည်းရုံးဆော်သြနေတဲ့ အတိုက်အခံပါတီတွေနဲ့ အဲဒီပါတီတွေရဲ့ကိုယ်စားလှယ်လောင်းတွေ၊ ပါတီဝင်တွေနဲ့လှုပ်ရှားမှုတွေကို အဓိက ပစ်မှတ်အဖြစ်ထားလုပ်နေတာကို အထင်အရှားတွေ့မြင်နေရပါတယ်။

အပြောင်းအလဲ မလိုလားသူတွေဟာ အစိုးရ၊ စစ်တပ်၊ ရွေးကောက်ပွဲကော်မရှင်၊ ကြံ့ဖွံ့ပါတီ ထိပ်သီးတစ်စုနဲ့ နောက်တော်ပါ တစ်သိုက်ပဲဖြစ်ပါတယ်။ သူတို့ဟာ ဒီနေ့ရရှိထားတဲ့ အနေအထားကို မပြောင်းလဲချင်ပါဘူး။ ဒီနေ့ရထားတဲ့အနေအထားက သူတို့အတွက် သားစဉ်မြေးဆက် စားသာတဲ့အနေအထား၊ သူတို့အတွက် ထာဝစဉ်အပေါ်စီးရထားတဲ့ အနေအထားဖြစ်ပါတယ်။

စစ်တပ်ကို ဂုတ်ခွစီး ထားနိုင်တဲ့အနေအထား၊ ပြည်သူလူထုတစ်ရပ်လုံးကို အဖက်ဖက်က ဖိနှိပ်ထားနိုင်တဲ့အနေအထား၊ တိုင်းပြည်ရဲ့ အသက်သွေးကြော စီးပွားရေးလုပ်ငန်းမှန်သမျှကို စစ်ဗျူရိုကရက်ဟောင်း/သစ်များနဲ့ခရိုနီများ စိတ်ကြိုက်လက်ဝါးကြီးအုပ်ထားနိုင်တဲ့အနေအထား၊ နိုင်ငံရေး ပါတီများကို ချုပ်ကိုင်စေစားနိုင်တဲ့အနေအထား၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို ဖရိုဖရဲသွေးကွဲစေပြီး စစ်ရေးအရ ဝိုင်းပတ် ချုပ်ကိုင်ထားနိုင်တဲ့အနေအထား ဒီလိုအနေအထားတွေ လက်လွှတ်ဆုံးရှုံးသွားမှာစိုးတဲ့အတွက်  အပြောင်းအလဲကို သူတို့ ခါးသည်း နေ ကြတာပါ။ မပြောင်းလဲချင်ကြတာပါ။

ချုပ်ပြီးပြောရရင် သူတို့ ရာစုနှစ်ဝက်ကျော် ချုပ်ကိုင်ခဲ့တဲ့ “အာဏာ”ကို သူတို့စစ်အုပ်စု သားစဉ်မြေး ဆက် လက်ထဲကနေ ဘယ်သူ့ထံကိုမှ ခေတ္တဖြစ်စေ၊ ယာယီဖြစ်စေ၊ စတိဖြစ်စေ၊ အပေါ်ယံဖြစ်စေ၊  ၅ နှစ်မျှဖြစ်စေ ပြောင်းလဲသွားမှာ၊ ရွေ့လျားသွားမှာ လုံးဝ မလိုလားတာပဲဖြစ်ပါတယ်။

ဒါ့အပြင် “၂၀၀၈ အခြေခံဥပဒေ” ဘောင်ထဲကနေ  “ အာဏာရှင်စနစ်ကနေပြီး တာဝန်ယူမှုစနစ်ကို ပြောင်းလဲ”  ဖို့ ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ဘာကြောင့်လဲ။

ပထမအချက်က “၂၀၀၈ အခြေခံဥပဒေ” ရဲ့အနှစ်သာရဟာ “စစ်အာဏာရှင်စနစ်နဲ့သူ့ရဲ့အကျိုးစီးပွားကို အတိတ် – ပစ္စုပ္ပန် – အနာဂတ် ထိန်းသိမ်းကာကွယ်တိုးချဲ့ရေး”ဖြစ်ပါတယ်။

ဒုတိယအချက်က ဒီအနှစ်သာရကို ပြုပြင်ပြောင်းလဲစေနိုင်တဲ့ ဘယ်လိုပြဋ္ဌာန်းချက်မှ “၂၀၀၈ အခြေခံဥပဒေ”  မပါရှိ ပါဘူး။ ပြောင်းလဲလို့လည်း မရပါဘူး။ အခြေခံဥပဒေရဲ့ ဘယ်လိုအပြောင်းအလဲကိုမဆို ပြုလုပ်မယ်ဆိုရင် စစ်တပ်သဘောမတူဘဲနဲ့မရနိုင်ပါဘူး။ ဒါဟာ သော့ချက်အကျဆုံးကိစ္စဖြစ်ပါတယ်။

ဒါကြောင့်  အာဏာရှင်စနစ်ကို ပြောင်းလဲပစ်မယ့်သူဟာ “၂၀၀၈ အခြေခံဥပဒေ” ကို မဖျက်သိမ်းဘဲ တာဝန်ယူမှုစနစ်ကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

ဒီအချက်နဲ့ပတ်သက်ပြီး “၂၀၁၅ ရွေးကောက်ပွဲ” အတွေ့အကြုံနဲ့ရလဒ်က ကျနော်တို့ကို သင်ခန်းစာပေး သင်ကြားလမ်းပြပါ လိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts