သရော်စာ

ရန်လိုကျွဲ – ပြည်သူ့ပါတီ


ရန်လိုကျွဲ – ပြည်သူ့ပါတီ

နိုဝင်ဘာ ၁၊ ၂ဝ၁၅

၂ဝ၁၅ မှာ ကျင်းပမည်ဟု  ကြေညာထားသော ရွေးကောက်ပွဲတို့က  ဘယ်လို ဖြစ်လာမယ်မှန်းမသိ၊   အဲဒါကြီးအတွက် အထူးပြုသင်တန်းတို့၊ ဆွေးနွေးပွဲတို့ကတော့ ရန်ကုန်နှင့် မြို့ကြီးတချို့တွင် ကျင်းပလျက်ရှိချေ၏။ ဆယ်ကျော်သက်ဘဝလွန်မြောက်၍ အသက် ၁၈ နှစ် ပြည့်သွားသူများကို ဟောပြောရန် ဖိတ်ကြားခံရသဖြင့် ကျွုန်ုပ်လည်း ဟောရ ပြောရပြန်လေ၏။ ခေါင်းစဉ်က   နိုင်ငံရေးပါတီများအကြောင်း။

ရန်ကုန်မြို့ တစ်နေရာတွင် ဟောပြောပွဲ စတင်လေပြီ။

“ဒီကနေ့တော့ နိုင်ငံရေးပါတီ နှစ်ခုအကြောင်း ပြောမှာဖြစ်ပါတယ်။ တစ်ခုက မြန်မာပြည်ရဲ့ သက်တမ်း အရင့်ဆုံး ပါတီ၊ နောက်တစ်ခုက လူအင်အား အများဆုံးပါတီဖြစ်ပါတယ်။  ကဲ… မဲပေးဖို့ အသက်ပြည့်သွားသူတွေကို မေးရမယ် ဆိုရင်…. သက်တမ်းအရင့်ဆုံး တစည ပါတီ ဆိုတာကို ကြားဖူးကြသလား”

လူငယ်များက ဟင့်အင်းဟု တညီတညွတ်တည်း ဖြေကြသည်။ ကိစ္စမရှိ။ သူတို့မသိမှ ရှင်းလင်းပြောဆို လေပေါရတာ ပိုကောင်းမည် မဟုတ်လော။

“အဲဒီ ပါတီကြီးက …၂ဝ ရာစု မြန်မာ့အာဏာရှင်စနစ် စွန့်ဦးတီထွင်သူကြီး ဦးနေဝင်း တည်ထောင်ခဲ့တဲ့ ပါတီကြီးပေါ့ကွာ။ အဲ… ဦးနေဝင်းဆိုတဲ့ နာမည်ကိုတော့ ကြားဖူးကြမှာပါ”

Snare အဖွဲ့ သီချင်းထဲက  ဘကြီးဖြိုးနဲ့ ဦးနေဝင်းကို ပြောတာလားဟု လူငယ်တစ်ယောက်က မေးခွန်းထုတ်၏။

“နိုး…နိုး…နိုး… အဲဒီ Hip Hop  သီချင်းကိုပြောတာ မဟုတ်ဘူး။ ငါပြောတဲ့ဦးနေဝင်းကြီးက Hip Hop သီချင်းတွေ မြန်မာပြည် မရောက်ခင် ကတည်းက  ဆုံးသွားရှာပြီ။ ဟိုတလောက သူရဲကောင်းစစ်သည်ဗိမာန်မှာတောင် သူကွယ်လွန်တဲ့ ၁၂ နှစ်ပြည့် အထိမ်းအမှတ် ဆိုပြီး   သွားပြီး ဂုဏ်ပြုကြသေးတယ်မဟုတ်လား”

ဘာကြောင့် တခမ်းတနား  ကျင်းပပြီး ဂုဏ်ပြုကြတာလဲဟု လူငယ်တစ်ယောက်က မေး၏။

“အင်း… This is a good question – ဒါဟာ မေးသင့်တဲ့ မေးခွန်းပဲ”

ဘာမှ မဖြေခင် ထိုသို့ ပြောလိုက်သဖြင့်  မေးခွန်းရှင်လည်း အနည်းနှင့် အများ ကျေနပ်သွားနိုင်သည်။ ထိုသို့ မသိမသာ မြှောက်ပင့်ပြောဆိုသော ဗျူဟာမှာ  ဒေးကာနက်ဂျီ၏ လူပေါ်လူဇော်လုပ်နည်းများထဲမှ နည်လမ်းတစ်ခု ဖြစ်သည်။   စကားဝိုင်းများ ဟောပြောပွဲများတွင် ရန်လိုကျွဲ သုံးလေ့ရှိသောနည်းဖြစ်၏။ This is a good question ဆိုသော အင်္ဂလိပ်စကားလုံး ညှပ်သုံးခြင်းကြောင့် တချို့သောသူတို့၏ အထင်ကြီးခံရမှုကို ရရှိမည်မဟုတ်လော။

“ဘာကြောင့် တခမ်းတနား ဂုဏ်ပြုကြတာလဲ ဆိုတော့ ဂုဏ်ပြုထိုက်လို့ပေါ့ကွာ။ သူ့လက်ထက်မှာ နိုင်ငံအတွက် ထူးခြားတဲ့ ဆောင်ရွက်ချက်၊ ကမ္ဘာ့ရှားပါးဆောင်ရွက်ချက်တွေထဲက တစ်ခုကတော့ ၄၅ ကျပ်တန်၊  ၉၀ တန်တွေ ထုတ်ခဲ့တာလို့ ဆိုရမယ်”

၉၀ တန်တော့ ငါတွေ့ဖူးတယ်၊ တကယ့် ဥာဏ်ကြီးရှင်ပဲ၊ ကောင်းလိုက်တဲ့စိတ်ကူး၊ ကမ္ဘာကျော်မှာ သေချာတယ် စသဖြင့် ဆယ်ကျော်သက်များ အချင်းချင်း ပြောဆိုကြကုန်၏။

“အေး…အဲဒီ ၄၅ ကျပ်တန် ထွင်ခဲ့သူက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုလည်း ထူထောင်ခဲ့တယ်။ မဆလ လို့ အတိုကောက် ခေါ်ကြတယ်။ သူ့ပါတီက အဲဒီခေတ်တုန်းကတော့ ပြိုင်ဘက် မရှိဘူး။ တစ်ခုတည်းသော ပါတီ ဆိုတော့ ရွေးကောက်ပွဲလုပ်တိုင်း သူတို့ချည်းပဲ နိုင်တယ်။ တစ်ယောက်တည်းပြေးတာ ပထမရသလိုပေါ့ကွာ။ လိုအပ်သမျှ ပြည်သူ့ဘဏ္ဍာထဲက ယူသုံး။ ပြည်သူပိုင်အဆောက်အအုံတွေ ယူသုံး။ ဒါက မြို့တိုင်းမှာ မြင်သာထင်သာရှိတဲ့အရာပါ။ အနှစ် ၂ဝ ဝန်းကျင် ကာလမှာ မဆလပါတီထဲ ဒီထက်မက သုံးကြ ဘုံးကြတာလည်း ရှိမှာပဲ”

လူငယ်တစ်ယောက်က … မဆလ ပါတီက သက်တမ်းရင့်တယ် ဆိုပေမယ့် တစ်ခါမှ မကြားဖူးပါဘူး ဟု   ဆို၏။

“ဘယ်ကြားဖူးပါ့မလဲ၊ သူတို့က နာမည်ပြောင်းလိုက်ပြီလေ။  ၁၉၈၈ စစ်တပ်က မလွဲမရှောင်သာ အာဏာသိမ်းပြီးချိန်မှာ   ပြောင်းလိုက်တာ။ မဆလ ဆိုတဲ့ အမည်ကနေ တစည ဖြစ်သွားတော့တာပဲ။ ဒါ… သူတို့ရဲ့ မဟာအမှားလို့ ဆိုရမယ်။ နာမည်ပြောင်းတာကို သတင်းစာထဲ မကြော်ငြာဘူးလေ။ ဒီတော့ အများပြည်သူက ဘယ်သိ၊ ဘယ်မှတ်မိမလဲ။ မမှတ်မိတော့ နာမည်ပြောင်းပြီး ၂ နှစ်အကြာမှာ လုပ်တဲ့ ရွေးကောက်ပွဲမှာ ခွက်ခွက်လှန်အောင် ရှုံးတာပဲ။ ခါတိုင်း ရာနှုန်းပြည့် နိုင်တဲ့ အဲဒီပါတီက ၁၉၉ဝ မှာ  တောင်ပြိုကမ်းပြို ရှုံးတာပဲ။

နာမည်မပြောင်းဘူးဆိုရင် အရင်လို ရာနှုန်းပြည့်နိုင်မှာ”

တစညပါတီဟု ပြောင်းလဲအပြီး ဆိတ်ငြိမ်စွာ လှုပ်ရှားခြင်း၊ ပါတီရုံးခန်းနေရာများအတွက် ခေါင်းမကိုက်ရခြင်း၊ နေတတ်ထိုင်တတ်သဖြင့် အစိုးရနှင့် ပုလဲပနံသင့်ခြင်း စသည့် နောက်ဆက်တွဲဖြစ်ရပ်များကိုလည်း ဟောပြောရှင်းပြရာ တက်ရောက်နားထောင်သူ လူငယ်တို့ လွန်စွာ စိတ်ဝင်စားကြကုန်၏။

သက်တမ်းအရင့်ဆုံးပါတီကြီးအကြောင်း ပြောဆိုပြီးနောက် လူအင်အား အများဆုံးသော  ပြည်ခိုင်ဖြိုးပါတီအကြောင်း ဟောပြောရာတွင်လည်း စိတ်ဝင်စားကြကုန်၏။

“ပြည်ခိုင်ဖြိုးပါတီဆိုတာ လူမှုရေးအသင်းကြီးတစ်ခုကနေ ဖြစ်လာတာပဲ။ ဟိုတုန်းက  တပ်မတော်ခေါင်းဆောင်ကြီးတွေ ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး အသင်းဆိုတာ မြို့ရွာအနှံ့ ရုံးကြီးရုံးငယ်တွေနဲ့ အခိုင်အမာ ရှိခဲ့တယ်။ သူတို့လည်း ပြည်သူပိုင်ငွေ၊  အဆောက်အအုံတွေနဲ့ တည်ထောင်တာပဲ”

ပြည်ခိုင်ဖြိုးအကြောင်းကိုတော့ အသေးစိတ် ရှင်းပြစရာ မလိုအပ်ပေ။ ယနေ့ခေတ်တွင် ပြည်ခိုင်ဖြိုးရွာဆိုပြီး  ပေါ်လာကြပြီမဟုတ်လော။ ရန်ကုန်တွင်လည်း ပြည်ခိုင်ဖြိုး ကျောက်တိုင်များကို ပလက်ဖောင်းဘေးတွင် စိုက်ထူထားတတ်သဖြင့် ဤနာမည် ဤတံဆိပ်အမှတ်အသားကို ခေတ်လူငယ်တို့ ကောင်းစွာ သိကျွမ်းသော အမည် ဖြစ်နေချေပြီ။ ကောင်းလေစွ။

“အဲဒီ လူမှုရေးအသင်းကြီးက ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းပါတယ်။ အသွင်ပြောင်း ရာမှာ သူတို့ကတော့ တစည ပါတီရဲ့ သင်ခန်းစာကို ယူတယ်။ နာမည်ကို မပြောင်းဘူးလို့ ဆိုရမယ်။ အသင်း ဆိုတဲ့ နေရာကို ပါတီလို့ အစားထိုးလိုက်တာလေးတစ်ခုပဲ။ ပြည်ခိုင်ဖြိုးအသင်းကနေ ပြည်ခိုင်ဖြိုးပါတီ ဖြစ်သွားတယ်။ နာမည်မပြောင်းတော့ လူတွေ

မျက်စေ့မလည်ဘူးပေါ့ကွာ။ ဟော… ၂၀၁၀ ရွေးကောက်ပွဲလည်း လုပ်ကရော တောင်ပြိုကမ်းပြို နိုင်ပါလေရော”

ပါတီကြီး နှစ်ခုအကြောင်း ဟောပြောမှုက ပြည့်စုံသလောက် ရှိသွားပြီ။ လူငယ်များလည်း ဟောပြောချက်ကို ကျေနပ်ပုံရကြသည်။

လူငယ်တစ်ယောက်က မေးခွန်းထုတ်သည် … “ရွေးကောက်ပွဲမှာ ဘယ်ပါတီကို အားပေးရမလဲ” ဟူ၏။

ပြည်သူတွေအတွက် ဆောင်ရွက်တဲ့ ပါတီ၊ ပြည်သူ့ပါတီကို အားပေးသင့်တာပေါ့ဟု ဖြေလိုက်ရာ တစ်ယောက်က  “ပြည်သူ့ပါတီ ဆိုတာ ဘယ်ပါတီလဲ၊ NLD ကို ပြောတာမဟုတ်လား” ဟု ဆိုလေ၏။

“တော်စမ်းပါကွာ၊  အဲဒီပါတီကို ကိုင်းကြီးကြီးမှာ သွားနားခိုင်းလိုက်။ NLD တို့ ဘာတို့မှာ လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတွေဟာ ပြီးခဲ့တဲ့ အနှစ် ၂ဝ လုံးလုံး ထောင်တွေထဲမှာပဲ သွားသွားနေ၊  သွားသွားသေနေကြတာ၊ သူတို့က ပြည်သူ့ပါတီ ဘယ်လိုဖြစ်နိုင်မလဲ”

ရန်လိုကျွဲ ထိုသို့ ပြောဆိုလိုက်သဖြင့် လူငယ်များကြား အနည်းငယ် ရုပ်ရုပ်သဲသဲ ဖြစ်သွားသည်။

လူငယ်တစ်ယောက်က “NLD ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ ပါတီ ဆိုတာ သိတယ်မဟုတ်လား။ အနယ်နယ်အရပ်ရပ်က  ပြည်သူတွေ သူ့ကို ထောက်ခံကြတယ်၊ ပါတီမှာ ဝင်ရောက်လှုပ်ရှားကြတယ် ဆိုတော့ ဒီပါတီကို ပြည်သူ့ပါတီလို့ အလိုအလျောက် နားလည်ရမယ် မဟုတ်လား” ဟု ဘုတော၏။

“ဟားဟားဟား….မြန်မာပြည်မှာ သမ္မတ တာဝန် ယူခွင့် မရှိတဲ့သူ ဦးဆောင်တယ် ဆိုမှတော့  အဲဒါက ပြည်သူ့ပါတီ ဖြစ်နိုင်ပါ့မလား။  သေချာ စဉ်းစားပါဦး”

ဒါဆိုရင် ဘယ်ပါတီတွေက ပြည်သူ့ပါတီတွေ ဖြစ်မလဲဟု လူငယ်များက ဝိုင်းဝန်း မေးခွန်းထုတ်လေ၏။

“စောစောက ကျွန်တော် ဟောပြောတဲ့ထဲမှာ ပါတဲ့ ပါတီကြီးနှစ်ခုက ပြည်သူ့ပါတီတွေပေါ့ဗျာ။ ပြည်သူတွေရဲ့ ဘတ်ဂျက်၊  ပြည်သူပိုင်ပစ္စည်းတွေနဲ့ ခပ်တည်တည် တည်ထောင်ထားတာ ဆိုတော့ အဲဒါတွေက ပြည်သူ့ပါတီ မဟုတ်ဘူးလား။

ဘယ်သူ ငြင်းချင်သေးသလဲ။ အဲ…ပြည်သူ့ပါတီကိုမှ မဲထည့်ချင်တယ် ဆိုရင်ဖြင့် ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာ အဲဒီ ပါတီတံဆိပ်တွေ လိုက်ရှာပြီး မဲထည့်အားပေးလိုက်ရုံပေါ့ကွာ”

ဟောပြောပွဲ ပြီးချေပြီ။ တက်ရောက်လာသူများလည်း ပြည်သူ့ပါတီကြီး နှစ်ခု အကြောင်းကို အချိတ်တိုတိုလေးနှင့် သိသွားကြလေပြီ။

စာသင်ကျောင်းတွင် မသင်ယူခဲ့ရသော အကြောင်းအရာများကို တစ်ထိုင်တည်း ကြားသိလိုက်ရသဖြင့် ကျေနပ်ကြောင်း၊ ဟောပြောရှင်းပြသည့်အတွက် ကျေးဇူးတင်ကြောင်း လူငယ်တို့က ဆိုကြကုန်၏။

ရက်များမကြာမီမှာပင် တစည နှင့် ပြည်ခိုင်ဖြိုး ပါတီကြီး နှစ်ခုလည်း ဟောပြောပွဲအကြောင်း သိရှိသွားကြသဖြင့် ဟောပြောသူ ရန်လိုကျွဲထံ လာရောက် ဆက်သွယ်ကြလေသည်။

သူတို့ ဆက်သွယ်လာသည့် အကြောင်းရင်းကား  ရွေးကောက်ပွဲ ကျင်းပသည့်အခါ သူတို့၏ မဲဆွယ်ရေးမန်နေဂျာအဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းလိုခြင်းကြောင့် ဟူသတည်း။


(၂၀၁၅ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်းပါ သရော်စာကို ထပ်မံ ဖော်ပြသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts