အာဖရိကတိုက်က အာဏာလွှဲသူအတွက် စံပြခေါင်းဆောင်ဆု မပေးနိုင်တာ ၂ နှစ်ရှိပြီ

အာဖရိကတိုက်က အာဏာလွှဲသူအတွက် စံပြခေါင်းဆောင်ဆု မပေးနိုင်တာ ၂ နှစ်ရှိပြီ

မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၂၀၊ ၂၀၁၃

ဆူဒန်နိုင်ငံက တယ်လီဖုံးလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီး အီဘရာဟင်က ၂၀၀၆ ခုနှစ်ကစပြီး “အာဖရိကခေါင်းဆောင်မှု စံပြဆု” ထူထောင်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အာဖရိကတိုက်က အာဏာရသူ တိုင်းပြည်ခေါင်းဆောင်တွေ ဒီမိုကရေစီရွေးကောက်ပွဲ သက်တမ်းကုန်လို့ တိုင်းပြည်ကို ကောင်းမွန်စွာ ထူထောင်ပြီး နောက်အနိုင်ရ အစိုးရကို ငြိမ်းချမ်းစွာ အာဏာလွှဲပေးတဲ့ သူတွေကို ဂုဏ်ပြုငွေ ဒေါ်လာ ၅ သန်းတန် ဆုပေးတာ ဖြစ်ပါတယ်။

အာဏာရှင်တွေ ချယ်လှယ်လို့ ချွတ်ခြုံကျနေတဲ့ အာဖရိကတိုင်းပြည်တွေမှာ ဒီမိုကရေစီနဲ့ ခေတ်မီတိုးတက် ဖွံဖြိုးမှု ထွန်းကားအောင် ဒီမိုကရေစီခေါင်းဆောင်တွေ ပေါ်ထွန်းအောင်၊ အာဏာရှင်တွေလည်း စိတ်ကောင်းဝင်ပြီး အာဏာစွန့်ကြစေဖို့ အီဘရာဟင်က စီစဉ်တာ ဖြစ်ပါတယ်။

ထူထောင်ပြီး ၇ နှစ်အတွင်းမှာ ၄ ကြိမ်လုံးလုံး အဲသည်လို အာဏာလွှဲတဲ့ခေါင်းဆောင်ဆု မပေးနိုင်ခဲ့ဘူး လို့ ဆိုပါတယ်။ အခု ၂၀၁၂ နဲ့ ၂၀၁၃ ၂ နှစ်ဆက်တိုက်လည်း အာဖရိကနိုင်ငံတွေမှာ ဆုမပေးနိုင်ခဲ့ပါ။

၂၀၁၁ တုန်းက Cape Verde က သမ္မတ Pedro Verona ၊ 
၂၀၀၇ မှာ Mozambique က Joaquim Chissano၊ 
၂၀၀၈ မှာ Botswana က Festus Mogae တို့က ခေါင်းဆောင်မှုဂုဏ်ပြုဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
 တောင်အာဖရိက ခေါင်းဆောင်တွေဖြစ်တဲ့ မင်ဒဲလားနဲ့ ဒပ်စ်မွန်တူးတူးတို့ကိုတော့ သီးခြား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ ၂၀၀၉  နဲ့ ၂၀၁၀ မှာ ဆုချီးမြှင့်နိုင်ခြင်း မရှိဘူး၊ ခု ၂၀၁၂၊ ၂၀၁၃ မှာ စံပြခေါင်းဆောင် မတွေ့ခဲ့ပြန်ပါဘူး။ ဒါပေမယ့် အာဖရိကတိုက်နိုင်ငံတွေမှာ ၄၆ နိုင်ငံက တိုင်းပြည်အုပ်ချုပ်မှု တိုးတက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

(ကိုးကား – CNN, Daily Beast)