ကဗျာ

လင်းသက်ငြိမ် – လက်ပံတန်း

လင်းသက်ငြိမ် – လက်ပံတန်း
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၅

စကားလုံးတွေ မသိမ်မွေ့နိုင်ဘူး
စိတ်ဓာတ်တွေ မပျော့ပြောင်းနိုင်ဘူး
တောက်ခေါက်သံတွေကို
အလုံပိတ်မထားနိုင်ဘူး
အာဏာရှင်က အာဏာရှင်
အရိုက်အရာကို ဆက်ခံတော့
သူပုန်တွေကလည်း သူပုန်အမွေကို
ဆက်ထိန်းသိမ်းရပေါ့
သမိုင်းဟာ စစ်ဖိနပ်အောက်မှာ
နာလန်မထနိုင်တာ
အားလုံးသိတဲ့အတိုင်းပဲ
လက်နက်မဲ့ကို လက်နက်နဲ့
နှိပ်စက်တာလည်း
အားလုံးမြင်ကြတဲ့အတိုင်းပဲ
မင်းတို့စကား ဆင်စွယ်ဆိုတာ မှားတယ်
မိန်းမရွှင်တစ်ယောက်ရဲ့ဈေးခေါ်မှုပဲ
လူလိမ်တစ်ယောက်ရဲ့ သေနင်္ဂဗျုဟာပဲ
ခိုးကြောင်ခိုးဝှက်ကနေ
ပြောင်ပြောင်တင်းတင်း ရက်စက်ပြတာ
လူထုကိုစော်ကားခြင်းဖြစ်တယ်
ဥပဒေကို အဓမ္မကျင့်ခြင်းဖြစ်တယ်
မဆူဆူအောင်မီးထိုး
မပွက်ပွက်အောင် အဖုံးပိတ်
တရိပ်ရိပ်နဲ့ အသက်တွေချွေပြတယ်
တဖိတ်ဖိတ်လက်အောင် ယုတ်မာတယ်
မျက်ရည်စက်တွေက ကျိန်စာ
သွေးစက်တွေသက်သေ
ဘယ်တော့မှ ကမ္ဘာမကြေဘူး
တော်သလင်းလရဲ့ ခွေးဝဲစားတွေ
အသားထဲက လောက်ကောင်များ
အမျိုးဖျက်များ၊ အမျိုးယုတ်များ
တွေ့ရာသင်္ချိုင်းမှာ စာရင်းတို့ထားလိုက်ပြီ
မင်းတို့သေရင်တောင်
မင်းတို့ရာဇဝင်မရှင်စေရဘူး
ဟေ့
မျက်နှာဖုံးအောက်က မိစ္ဆာတွေ
တော်လှန်ရေးကို သတ်လို့မရဘူးကွ
အမှန်တရားကို အရောင်ဆိုးလို့မရဘူးကွ
စကားလုံးတွေနဲ့ တည်ထောင်ထားတဲ့
မင်းတို့အဖွဲ့အစည်းအတွက်
ခေတ်အဆက်ဆက်
ကျိန်စာစူးစေရမယ်
လူမဆန်မှုဟာ မင်းတို့ရဲ့အမှတ်တံဆိပ်
တိရိစ္ဆာန်ထက် နိမ့်ကျတဲ့စိတ်ဟာ
မင်းတို့ရဲ့အမှတ်အသား
ငယ်နာမည်ကော ကြီးနာမည်မှာပါ
ပါးစပ်ထဲထည့်ဖို့ ရွံရှာစရာပဲ
မင်းတို့ဓာတ်ပုံတွေကို တံတွေးနဲ့ထွေးမယ်
မစင်နဲ့ပက်မယ် မီးပုံရှို့မယ်
လောလောဆယ်
မင်းတို့လက်ထဲမှာ ဓားရှိတယ်
လောလောဆယ် ငါတို့ဘက်မှာ
တရားပဲရှိတယ်
လက်နက်မဲ့တွေကိုသတ်ပြီး
အောင်ပွဲခံပါ
မူးမူးရူးရူးနဲ့ ပန်းကောင်းတွေကို
အညွန့်ချိုးပါ
မင်းတို့အမေရဲ့လင်ငယ်တွေ
ကျေနပ်အောင် ခွန်အားပြပါ
ကမ္ဘာ့အလယ်မှာ မင်းတို့လူ့အဖြစ်ကို
အောက်တန်းအကျဆုံး မှတ်ပုံတင်ပါ
ငါတို့ကို သတ်လို့ရတယ်
ငါတို့ယုံကြည်ချက်ကို သတ်လို့မရဘူး
ငါတို့ဟာ အမြဲတမ်း ရှင်သန်နေမယ့်
သူရဲကောင်းတွေ
ငါတို့ဟာ အမြဲတမ်းလင်းထိန်နေမယ့်
အလင်းတန်းတွေ
ငါတို့ဟာ အမြဲတမ်း တလူလူလွင့်နေမယ့်
အလံတွေ
ငါတို့ရဲ့ကြွေးကြော်သံဟာ
မင်းတို့အတွက် အိပ်မပျော်တဲ့တေး
ငါတို့ရဲ့ ယုံကြည်ချက်ဟာ
မင်းတို့ရဲ့ထိုင်ခုံ​တွေကို ခုတ်ပိုင်းတဲ့ဓား
အတုံ့အလှည့်ဆိုတာ အတိအကျပွင့်​လာမယ့်
အမှန်​တရားပဲ
နာကျည်းမှုကို နှလုံးသားရိုက်​သွင်းခဲ့
ရက်​စက်​မှုကို ဦး​ခေါင်းထဲ စူးစူးနစ်​နစ်​ပစ်​သွင်းခဲ့
အမုန်းစိတ်​ကို​တ​မြေ့​မြေ့​လောင်​ကျွမ်း​စေခဲ့
မင်းတို့​ရဲ့ မနက်ဖြန်​​တွေကို​ ခြောက်​ခြား​စေမယ့်
အော်​သံ​တွေ ကမ္ဘာတည်​သ​ရွေ့ရှိ​နေမယ်
မပျက်​မစီးတည်​ရှိ​နေမယ်
ဆက်​လက်​တည်​ရှိ​နေ​စေရမယ်​။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts