ကဗျာ

လင်းသက်ငြိမ် – မြက်ပင်များ

လင်းသက်ငြိမ် – မြက်ပင်များ

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၅

လူကြီးမင်း ခန္ဓာကိုယ်က

အရမ်းကြီးထွားတာပဲ

လူကြီးမင်းခြေထောက်ကလေး

ခဏကြွပါ

လူကြီးမင်းရဲ့ ဂုဏ်ဒြပ်တွေက

အရမ်းများတာပဲ

လူကြီးမင်းခြေထောက်ကလေး

ခဏကြွပါ

လူကြီးမင်းရဲ့ စည်းစိမ်တွေက

အရမ်းကြွယ်ဝတာပဲ

လူကြီးမင်းရဲ့ခြေထောက်ကလေး

ခဏကြွပါ

လူကြီးမင်းရဲ့

ကုသိုလ်ကောင်းမှုတွေကလည်း

ဆိုင်းဘုတ်ကြီးကြီးတွေနဲ့

အရမ်း ကျက်သရေရှိတာပဲ

လူကြီးမင်းခြေထောက်ကလေး

ခဏကြွပါ

လူကြီးမင်းရဲ့တိုက်အိမ်ကြီးကလည်း

အရမ်းခမ်းနားတာပဲ

လူကြီးမင်းခြေထောက်ကလေး

ခဏကြွပါ

လူကြီးမင်းရဲ့မိန်းမကလည်း

အရမ်းချောတာပဲ

လူကြီးမင်းခြေထောက်ကလေး

ခဏကြွပါ

လူကြီးမင်းရဲ့နောက်ဆုံးပေါ်

ဖိနပ်ကလည်း

အရမ်းတန်ဖိုးရှိတာပဲ

လူကြီးမင်းခြေထောက်ကလေး

ခဏကြွပါ

လူကြီးမင်းနင်းထားတာ

ကျွန်တော်တို့ရဲ့ဘဝတွေပါ

လူကြီးမင်းနင်းထားတာ

ကျွန်တော်တို့ရဲ့အိပ်မက်တွေပါ

လူကြီးမင်းနင်းထားတာ

ကျွန်တော်တို့ရဲ့အနာဂါတ်တွေပါ

လူကြီးမင်းခြေထောက်ကလေး

ခဏကြွပါ

လူကြီးမင်းခြေထောက်ကလေး

ခဏကြွပေးပါလားဗျာ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts