ကဗျာ

မင်းကိုနိုင် – “ မွေးနေ့လက်ဆောင် ”

 

မင်းကိုနိုင် – “ မွေးနေ့လက်ဆောင် ”

(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၅

.

ဘတ်ဒေးကိတ် ဘယ်ဆိုင်က

မှာရမလဲ မေးတဲ့အခါ

ကျောင်းထဲ သပိတ်ကာလ

လှည်းတန်းဈေးက

အမေအိုတယောက် ကျွေးခဲ့သော

ငှက်ပျောသီးပိန်ပိန်လေးကိုပဲ စားချင်

.

မွေးနေ့လက်ဆောင်

ဘယ်အ၀တ်အထည်ကြိုက်လဲ

မေးတဲ့အခါ

တို့အရေးကာလ

မိုးထဲရေထဲ ၊ ဖားဥစွဲအောင်

မလဲတမ်းဆင်ခဲ့တဲ့

လည်ကတုံးအဖြူကိုပဲ ပြေးမြင်

.

မွေးနေ့လက်ဆောင်

ဘယ်အသုံးအဆောင် ရွေးမလဲ

မေးတဲ့အခါ

မေတ္တာတူမျှ မူလတန်းလက်ရေးနဲ့

ကလေးပန်းချီတွေပဲ ခုံမင်

.

မွေးနေ့လက်ဆောင်

ဘယ်ဆုတောင်း ပြည့်ချင်လဲ

မေးတဲ့အခါ

.

“ မေတ္တာနှင့် အိပ်ယာဝင်

မေတ္တာနှင့် အိပ်ယာထ

လိပ်ပြာလှ နေ့စဉ်

ကြောင်ကလေးတွေ ခုန်ပေါက်ပြေး

ခွေးကလေးတွေ အမြီးနံ့နံ့

ရှင်းသန့်သော လေထုမှာ

မိသားစုကမ္ဘာကို

ကဗျာသီချင်း ပန်းချီနဲ့

ယာခင်း အညီထက်

ကိုယ်တိုင် ထွက်ယက်ပျိုးလိုက်ချင်။…….။

.

#‎မင်းကိုနိုင်

[ 18-Oct-2015 ]

( မွေးနေ့ဆုတောင်းများအတွက် တဦးချင်း မပြန်နိုင်သည့်အပေါ်

ခွင့်လွှတ်ကြပါ ။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts