နီလာမိုးဆွေ – အနာဂတ် ပြည်မြန်မာ
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၅
(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၅
ဥသြသံကြားနေရပြီ
ကျောက်ချရပ်တန့်ထားသမျှ
ခြေအစုံက တုန့်ကနဲ့ တုန့်ကနဲ။
အသစ်အဆန်းတွေနဲ့
ရွေ့လာတဲ့ခေတ်ကြီးထဲမှာ
အပြန်လမ်းအတွက်
နေဝင်ချိန်နဲ့ နေထွက်ချိန် မသဲကွဲ
ခြေလှမ်းတွေက တုန့်ခဲ့ရတာလည်း အခါခါဘဲ။
လူမထွင်း နတ်ထွင်းခဲ့သမျှ
အနီစိတ်ကိုခေါက်သိမ်း
မဖြောင့်ဖြူးခဲ့တဲ့လမ်းမထက်မှာ
အချိန်မတန်ခင်
အိမ်မက်တွေကို ရှည်လျားစေခဲ့တယ်။
ခေတ်ကိုက အရောင်မျိုးစုံဖြာထွက်
ဝယ်လိုအားထက် ရောင်းလိုအားကများနေမှတော့
ဟောင်းနွမ်းတဲ့ လွယ်အိတ်လေးထဲက
တခါသုံးစာအုပ်လေးတွေ
ခေါင်းလောင်းသံနဲ့ဝေးခဲ့ပြီ။
ဟော…
ဥသြသံလား ဂျိုးကူသံလား
စွင့်မိတဲ့နားနောက်မှာ
ဇရာအိုရဲ့အပြုံးမျက်နှာ
နေရာအနှံမှာ လင်းလက်တောက်ပ
သံလွင်ခက်တွေ တရိပ်ရိပ်နဲ့
လောင်းရိပ်မမိဖို့ ဆုခြွေ
အနာဂတ်မှာ
ခေါင်းလောင်းသံတွေ ဘဝဂ်ညံစေသား။ ။
နီလာမိုးဆွေ
illustration : Toni Demuro