သွန်းခ – စိတ်ဓာတ်တွေ၊ စိတ်ဓာတ်တွေ
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၅
တစ်ညနေ အလုပ်ကပြန်လာတော့ မြေနီကုန်း ၊ ခုံးကျော်တံတားနားက ဓာတ်တိုင် အောက်ခြေမှာ မိန်းကလေး ၂ ယောက် တွေ့ခဲ့ရပါတယ်။ ကျွန်တော် ခပ်လှမ်းလှမ်းကနေ လှမ်းမြင်တာက ၂ ယောက်သား ဓာတ်တိုင်ပေါ်တက်ကြမလားလို့ပါ။ (တက်မယ်ဆိုလည်း သွားတားမလို့ပေါ့၊ ဒါမှမဟုတ်လည်း သက်ဆိုင်ရာနဲ့ တားခိုင်းသင့်၊ တားပေးရအောင်လို့လေ) တစ်ယောက်က ဓာတ်တိုင် အောက်ခြေ အုတ်ဖိနပ်ပေါ် တက်နေပြီး ကျန်တဲ့တယောက်က အောက်ကနေ တိပ် နဲ့ ကပ်ကြေးလှမ်းပေးနေတာပါ။ သူတို့ ကိုယ်ပိုင်လုပ်ငန်း လေးအတွက်လား၊ ဒီ့ပြင် လုပ်ငန်းရှင်အတွက်များလား … မကြည့်ဖြစ်လိုက်တဲ့ စီးပွားရေးကြော်ငြာ တစ်ခုကို ဓာတ်တိုင်ပေါ်တက်ကပ်နေကြပါရဲ့။ ဘယ်သူ့ဆီကခွင့်ပြုချက်ရယူဖို့လိုတယ်၊ မလိုဘူးထက် မိန်းကလေးတွေရဲ့ လုပ်အားမြင်ရတော့ စိတ်ထဲချီးမွှမ်းမိပါတယ်။ မကြာပါဘူး။ ကားလမ်းဒီဘက်ကူးလာတော့ ခုံးကျော်တံတားအောက်ခြေက တိုင်တွေမှာကပ်ထားတာတွေ ဖတ်ကြည့်မိပြန်ပါတယ်။
အဆောင်နေကလေးမလေး ၂ ယောက်က ရွှေ၊ ငွေတွေ ခိုးယူထွက်ပြေးသွားတာကြောင့် ဖုန်းနံပါတ် တစ်ခုရေးပေးထားပြီး ဆက်သွယ်ပေးပါပေါ့လေ။ ကလေးမလေး ၂ ယောက်ပုံလည်းပါ တယ်ခင်ဗျ။ ပြုံးပြုံးလေးတွေ။ အဲဒါများဗျာ၊ရဲသွားတိုင်ရောပေါ့တဲ့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးရှိနေတဲ့ဟာ။ လူတကာသိစေချင်လို့ နေမှာပေါ့လေ၊ ရဲတွေကိုတော့နောက်မှဘဲ အသိပေးမယ် စိတ်ကူးထားလားမှ မသိတာလို့ တစ်ယောက်တည်းတွေးနေမိရင်း (ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ)သူများပစ္စည်းအချောင်လိုချင်တဲ့စိတ် ဒီကလေးမတွေဆီမှာ ရှိနေတာ အန္တရာယ်ပဲ ဆိုတာပါ တွေးဖြစ်သွားပါတယ်။ စိတ်ဓါတ်တွေ၊ စိတ်ဓါတ်တွေ၊ အဲဒီစိတ်ဓါတ်တွေကြောင့်တော့ ခက်ဦးမယ်ပေါ့။
အိမ်အပြန်လမ်းမှာ အလုပ်ထဲကဆရာဝန်ကြီးတစ်ယောက်ရဲ့ ရင်ဖွင့်သံကိုပြန်ကြားယောင်နေမိပါတယ်။ ဆရာဝန်ကြီး က စာဖတ်ဝါသနာပါလွန်းပြီး၊ စာရေးတာကိုလည်း အင်မတန် အားပေးတဲ့ ဆရာဝန်ကြီးပါ။ ဖြစ်ချင်ခဲ့တာ မြန်မာစာအဓိကယူပြီး စာရေးဆရာမကြီး ဖြစ်ချင်ခဲ့တာ။ မိဘတွေက ဆရာဝန်ဖြစ်အောင် လုပ်ရမယ်ဆိုတာနဲ့ ဆေးကျောင်းတက်ဖြစ်ခဲ့ပါသတဲ့။ ပြီးခဲ့တဲ့အပတ်က သူ့အိမ်အပြန်လမ်းမှာ ကြုံခဲ့ရတာလေးပြန်ပြောပြရင်း လူတွေအကြောင်း အလုပ်ထဲမှာသုံးသပ်ဖြစ်ခဲ့ကြတာပါ။ စာချောအောင် ဆရာမကြီး အပြောတွေအနေနဲ့ပါ ထည့် ရေးပြပါရစေတော့။
“ကျွန်မ အဲဒီလူနာ တွေကုန်သွားမှ ထမင်းစားမယ်ရှင်။ ကုန်အောင်ကြည့်ပေးလိုက်ပါဦးမယ်။ ခုဘယ်နှနာရီ ထိုးပြီတုန်း၊ အင်း … အင်း … နေ့လည် ၂ နာရီ။ ရတယ်၊ ရတယ်။ ကုန်အောင်ကြည့်ပေးလိုက်ပါ့မယ်။ ဆေးယဉ်ပါးတီဘီ ရောဂါသည်တွေဆိုတာ တီဘီရိုးရိုးဖြစ်တဲ့ လူနာတွေနဲ့ မတူဘူးလေ။ စိတ်ခံစားမှု၊ ကိုယ်ခံစားမှုမျိုးစုံတွေနဲ့ ဘဝစုံတွေကနေ လာကြတာ၊ ဆေးသောက်ဖို့ မနည်းပြောပြီး ခေါ်လာရတာဆိုတော့ သူတို့နားလည်အောင် ဆေးကုရင်း ရှင်းပြလည်း နားထောင်ကြမှာပါ။ နောက်နေ့တွေတော့ စောစော လာကြလေ၊ ဆရာမတို့က ဆာနေရင်စား ထားနှင့်ကြနော်”
အန်တီဝင်းလို့ ဝန်ထမ်းတွေက ရင်းရင်းနှီးနှီးခေါ်ကြတဲ့ ဆရာဝန်ကြီးဟာ ဆေးယဉ်ပါးတီဘီလူနာတွေကို ထမင်းစားပျက်ခံပြီး ကြည့်ပေးတတ်သူပါ။ လပေါင်း ၂ဝ ဆေးသောက်ရတဲ့လူနာတွေကို သိပ်သနားစာနာပြီး ညှာလည်းညှာတာပါတယ် ။ပြောသမျှ ထိုင်နားထောင်ပေးပြီးမှ ဆေးကုတဲ့အလုပ်ကို ဆက်တတ်တာပါ။ လူမှုရေးပြဿနာတွေကို စိတ်ဝင်တစားနားထောင်ပြီး ဖြေရှင်းသင့်တာ ဖြေရှင်းပေးလေ့လည်း ရှိပါသေးတယ်။
“ဒုက္ခပဲ၊ အဲဒီတော့ ခင်ဗျားစီးပွားရေးတွေ ထိခိုက်တော့မှာပေါ့။ အေးလေ၊ ဖြစ်လာမှပဲ။ ပျောက်အောင်တော့ ကုနော်၊လူမသေ ငွေမရှားပါဘူး၊ နေကောင်းတော့ ပြန်ရှာပေါ့၊ ဆေးတော့ လ ၂ဝ ပြည့်အောင် သောက် နော်”
“ဟောတော့်၊ အဲဒီတော့ မင်းမိန်းမက ဆုံး၊ မင်းက အရက်တွေသောက်၊ ဟောဒီ ကလေးငယ်လေး ဘယ်သူက ကြည့်မလဲ၊ ရောဂါက ဖြစ်နေသေး၊ အဖေလုပ်တဲ့လူက မူးရူးနေမှဖြင့်ကွယ်၊ မင်း အရက်ဖြတ်လိုက်ပါလား”
“သလိပ် စစ်ကြည့်တော့ အဖြေတွေက ဆေးယဉ်ပါးတီဘီ ရောဂါပိုး ရှိနေသေးတယ်၊ အဲဒါ မင်း ကွမ်းယာက ဆက်စားနေမှာလား၊ တစ်ခါတလေ မရဘူး၊ ကွမ်းယာကြောင့် ဆေးယဉ်ပါးတီဘီရောဂါကုနေတဲ့ ဆေးတွေရဲ့အာနိသင်တွေ ထိခိုက်တယ်၊ မင်းကွာ ကွမ်းယာဖြတ်မှရမယ်၊ ဟောဒီမှာကြည့် … မင်းသလိပ်အဖြေတွေ၊ မင်းနဲ့အတူ ဆေးကုတဲ့ လူနာတွေရဲ့ သလိပ်စစ်အဖြေတွေ ကောင်းကုန်ပြီ၊ မင်းပဲ ကွမ်းစားနေလို့ မပျောက်နိုင်နေတာ၊ မင်းရောဂါ မပျောက်တော့ မင်းလည်း ဒုက္ခရောက်၊ တစ်အိမ်ထဲနေကြတဲ့လူတွေလည်း ရောဂါတွေ ကူးကုန်မှာပေါ့၊ လမ်းသွား လမ်းလာတွေကိုလည်း မင်းလိုက်ဖြန့်နေသလိုဖြစ်တော့မှာပဲ”
အဲဒီလို တစ်နေကုန်နီးပါး လူနာတွေကြည့်ပြီး ညနေစောင်းတော့ လူနာစာရင်း၊ အထက်အဆင့်ဆင့်တင်ပြရမယ့် အစီရင်ခံ ချက်တွေအတွက် မှတ်တမ်းလုပ်နေရတာနဲ့ တချို့ရက်တွေမှာ ညနေ ၅ နာရီအထိပါပဲ။ ဆေးရုံကနေ လိုင်းကားပဲစီးတတ်တဲ့ အန်တီဝင်း၊ ကားငှားစီးလည်း သူနေတဲ့လမ်းထိပ်ရောက်တော့ ကားလမ်းပိတ်တာနဲ့ ကားသမားကို ပြန်လွှတ်ပြီး လမ်းလျှောက် သွားတတ်သူပါ။
ဆရာဝန်ကြီး နေတဲ့နေရာကို ရန်ကုန်အင်းစိန် လမ်းမကြီးပေါ်က တစ်နေရာလို့ပဲ ဖော်ပြပါတော့မယ်။ တော်တော်လေးလမ်းပိတ်တတ်တဲ့နေရာပါ။ လမ်းသွယ်ပေမယ့် အင်းစိန်လမ်းမကြီးနဲ့ ပြည်လမ်းမကြီးဖောက်ထွက်လို့ ရနိုင်တဲ့ လမ်းသွယ် ၂ ခု ဆုံတဲ့နေရာလေးကြောင့် ကားတန်းပိတ်တာမျိုး မကြာခဏဆိုသလို ကြုံရတတ်ပါတယ်။ ယာဉ်မောင်းက ကျွမ်းကျင်ပေမယ့် စိတ်ဓါတ်တွေကြောင့် နေရာလုကြရင်း သူလည်းခရီးမတွင် ကိုယ်လည်း လိုရင်းမရောက် ဖြစ်တတ်တဲ့နေရာတွေထဲက တစ်နေရာပါပဲ။
တစ်ညနေအိမ်ပြန်အရောက်မှာတော့အမြဲတမ်း အေးအေးချမ်းချမ်းပြန်လာတတ်တဲ့ အန်တီဝင်း အိမ်ကသမီးတွေကို ဆူပါတော့တယ်။ မဆီမဆိုင် သမီးတွေ ကားမောင်းတတ်တာလည်း ပါသွားသေးတာပါ။ သမီးတွေက နားခိုင်းပြီး ဘာဖြစ်လာတယ်ဆိုတာ ပြောပါဦး … အမေရယ် ဆိုတော့မှ –
“ငါ့အေ၊ လမ်းမကြီးကနေ တောက်လျှောက်လမ်းလျှောက်ဝင်လာလိုက်တာ၊ လူတွေရော၊ ဆိုင်ကယ်တွေရော၊စက်ဘီးတွေရော၊ ကားတွေပိတ်တာနဲ့ မနည်း တိုးဝှေ့လာခဲ့ရတယ်။ တကယ့်ကို ကောက်ညှင်းထုပ် အစည်းကြီးအတိုင်းပါပဲ၊ တန်းစီပြည့်သိပ် ကျပ်ညပ်နေတာပါပဲ။ ငါ့မနည်း ခါးချိုး၊ ရင်ကော့၊ တင်ရှုံ့၊ ဗိုက်ရှပ်ပြီး လျှောက်လာလိုက်တာ ဟောဒီလမ်းဆုံရောက်တော့မှ အဖြေက ပေါ်တော့တယ်။ ကားကို ကိုယ်တိုင်မောင်းလာပြီး သမီးတို့ စားလို့ကောင်းတယ်ဆိုတဲ့ အသုတ်စုံဆိုင်မှာ ကျကျနန ထိုင်စားနေလိုက်ကြတာများ ငါသေသေချာချာ ကြည့်မိတော့ ဆံပင်တွေက ဆေးဆိုးထားသေးတာ။ ပြီးတော့ သူတို့ကားကို ရပ်ထားတာက ဘေးချရပ်တာ လည်းမဟုတ်၊ အသုတ်ကို စိမ်ပြေနပြေစားနေကြသအေ။ ပြီးတော့ ဟီးဟီးဟားဟား လုပ်နေကြရင်း နောက်တစ်ပွဲစီ ထပ်မှာစားနေကြသေးတာ။ ဟဲ့…. ဘယ့်နှယ်လုပ် ရပ်ကြည့်နေတာ ဟုတ်မလဲ၊ ကိုယ်မှ ရှေ့ဆက်လျှောက်လို့ကို မရတော့တာ သူတို့အသုတ်စားပြီး ကားမောင်းထွက်သွားမှပဲ လမ်းပွင့်သွားပါတယ်ဆို။ သမီးတို့လည်း ကားမောင်းတတ်တယ်ဆိုပြီး အဲဒီလိုမျိုးမလုပ်ကြစမ်းနဲ့။နောက် အဲဒီအသုတ်လည်း သွားမစားကြ ချေစမ်းပါနဲ့အေ”
သမီးတွေက ဘာပြန်ပြောလိုက်တယ်ဆိုတာ ရှည်မှာစိုးလို့ မရေးတော့ပါဘူး။ လူနာတွေကို ထမင်းစား အပျက်ခံပြီးကြည့်ပေးတတ်တဲ့ ဆရာဝန်ကြီး အန်တီဝင်းတစ်ယောက်ကတော့ သူများအသုတ်စားတာ မပြီးမချင်း လမ်းပိတ်လို့ရပ်စောင့်နေခဲ့ရတယ်။ အိမ်ရောက်တော့ စိတ်တိုပြီး ပြောမိပြောရာပြောချထည့်လိုက်တာပါ။ ခဏနေတော့မှ စိတ်ပြေပြီး …
“အေးဟဲ့၊ အသုတ်ဆိုင်နဲ့တော့ မဆိုင်ပါဘူးလေ။ သမီးတို့နဲ့လည်း မပတ်သက်ပါဘူး။ လူတွေကို အမေနားလည်ပေးနိုင်ပါတယ်၊ စိတ်ဓါတ်တွေကိုတော့ တော်တော်လေးကို ပြုပြင်ယူကြရဦးမယ် ထင်ပါရဲ့အေ”
ဟုတ်ပါတယ်။ ဘယ်စနစ် ဘယ်လိုပဲပြောင်းပြောင်း၊ လူတွေရဲ့ စိတ်နေစိတ်ထားတွေ မပြောင်းသ၍ကတော့ လုပ်ချင်တိုင်း လုပ်တဲ့လူတွေကလုပ်၊ ခံချင်တိုင်း ခံနေကြရတဲ့ဘဝတွေကလည်း ခံလက်စနဲ့ ဆက်သာခံကြပေရော့ပေါ့။ အဲဒီကြားထဲမှာ အုပ်ချုပ်တဲ့သူ ကမောက်ကမတွေနဲ့ ဆိုရင်တော့ အောက်ကျ နောက်ကျ နိုင်လိုက်ဦးမယ့် ဖြစ်ခြင်း။
စိတ်ဓာတ်တွေ၊စိတ်ဓာတ်တွေ။