ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) အတွေးအမြင်

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဝေဖန်ရေးကို မကြောက်ကြပါနဲ့

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဝေဖန်ရေးကို မကြောက်ကြပါနဲ့

(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၅

ဘယ်သူ့ကိုရယ်လို့ စွပ်စွဲရည်ညွှန်းတာ မဟုတ်ဘူး။ ဘယ်သူမဆို ကိုယ့်လိပ်ပြာ ကိုယ်သန့်အောင်လို့ ၊ ယနေ့ ကိုယ့်ရဲ့ ကြံစည်,ပြောဆို,လုပ်ကိုင်နေတဲ့ ကံသုံးပါတို့နဲ့ ပတ်သက်လို့ –

” ဆရာကလဲ သာသနာ့ဝန် ထမ်းနေတာလား? အာဏာ့ဝန် ထမ်းနေတာလား? ဒကာကလဲ- သာသနာ့ဒါယကာဖြစ်အောင် လုပ်နေတာလား? ဒါယကာ့ သာသနာဖြစ်အောင် လုပ်နေကြတာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ကြ …” လို့ တိုက်တွန်းတဲ့စာလေးတပုဒ်ရေးလိုက်တော့-

ခင်မင်ပြီးသားအရှင်လေးတပါးက- “အရင်က တခြားစာတွေကြောင့် လေးစားခဲ့ပေမယ့်၊  ဒီစာကို ဖတ်ပြီးနောက် လေးစားထိုက်သူစာရင်းထဲက ပယ်ဖျက်လိုက်ပါပြီ”

လို့တုန့်ပြန်လာပါတယ်။

ဒီစာကို ရေးရတာဟာ- ညောင်လေးပင်တောရ ဆရာတော်ဘုရားကြီးရဲ့- “မောင်ပဉ္စင်းတို့.. တာဝန်တွေကို လိုက်ရှာမနေကြနဲ့၊ ရောက်လာတဲ့တာဝန်ကိုသာ ကျေပွန်အောင်ကြိုးစားကြ၊ သာသနာ့တာဝန်တွေက အရွယ်အားလျှော်စွာ တိုးတိုးလာကြမှာ”

ဆိုတဲ့ သြဝါဒလေးကို အလေးထားမိလို့ စိတ်ကူးရလာတာပါ။

(ဆရာတော်ဘုရားကြီးပြောတဲ့- “ရောက်လာတဲ့တာဝန်” ဆိုတာ- သာသနာ အတွက် ရောက်လာတဲ့တာဝန်လား၊ အာဏာအတွက် ရောက်လာတဲ့တာဝန်လား … လို့ စဉ်းစားကြဖို့သတိပေးတဲ့သဘောပါ)။

ဘယ်သူ့ကိုမှ၊ ဘယ်လိုမှ၊ ဘယ်တော့မှ မစွပ်စွဲခဲ့ဖူးဘူး။ စွပ်စွဲဆဲလဲ မဟုတ်ဘူး စွပ်စွဲလတ္တံလဲ လုံးဝ မဟုတ်ဘူး။ ပုဂ္ဂလဓိဋ္ဌာန် မဘက်၊ ဓမ္မဓိဋ္ဌာန် သက်သက်မျှသာ။ ဒါ … ကျွန်ုပ်သစ္စာ သာသနာတော်အတွက်ကလွဲလို့ ဘယ်ပုဂ္ဂိုလ်, ဂိုဏ်း, ပါတီအတွက်နဲ့ ဘာအတွက်မှ မဟုတ်ဘူး။

ရိုးသားမှန်ကန်တဲ့ တရားတော်ရဲ့ အထူးခြားဆုံး ဂုဏ်ထူးတံဆိပ်က- “ဧဟိပဿိက ၊ လာလေ.၊ ကြိုက်သလို ဝေဖန်လှည့်”ပါပဲ။

ဒါကြောင့်- လိပ်ပြာသန့်ချင်သူတိုင်း အကျိုးပြုဝေဖန်ရေးကို ကမ်းလက်နဲ့ ကြိုပါ။

အပ္ပမာဒေန သမ္ပာဒေထ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts