ကဗျာ

မြင့်ဦးဦးမြင့် – ငါ့မှာ ဂျိုကာ မပါဘူး

  မြင့်ဦးဦးမြင့် – ငါ့မှာ ဂျိုကာ မပါဘူး
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅

နွေနေ့လည်ခင်းတစ်ခုပေါ့
ဘာရယ်မဟုတ်ဘူး ပျင်းလိုက်တာ
သီချင်းနံ့လေးတောင် မကြားရဘူး။

မူးလို့ရှူစရာဆိုလို့ ကိုယ်ပိုင်အိပ်မက်မရှိ
(ဒီအသက်ကြီးကို)
စိတ်ပျက်လက်ပျက် ကြည့်နေရတာကြာပြီ
နာရီလက်ယာရစ်သွားတာကို အမှန်တရားလို့ခေါ်သလား။
ခုတ်သားစ တွေများတဲ့ ရာသီဆိုပါတော့
စိတ်ကို ဖော့ ဖော့ ထားရတယ်
ငေါတော့တော့ မကြည့်ပါနဲ့ မိတ်ဆွေ။

ငွေသံကြားရုံနဲ့
ဘဝတစ်ခုလုံး ပုံပေးချင်သူတို့
အို့ အို့ အို့ အို့ ခေါ်သံမှာ
မံမံ (ထမင်း) ပါတယ်
ဗလာမပါ ကံစမ်းမဲပါတယ်
အသည်းအားတိုးဆေးပါတယ်
အရိုးအရင်းလေးတွေလည်း ပါတာပေါ့ကွယ်။

ရယ်သံအားလုံး အနုပညာမြောက်ချင်သူပါ
ဘာသာစကားတစ်မျိုးပဲ တတ်ရုံနဲ့ မလုံလောက်သေးဘူးလား
ရင်ခုန်သံကို ကြော်ငြာမထိုးပါရစေနဲ့
(ကိုယ့်ကိုယ်ကို)
ကဗျာဆန်ဆန် ဖွဲ့နွဲ့ကြကြေးဆိုရင်…။

ရင်ဘတ်ချင်းထပ် လောင်းရဲတယ်
လူတိုင်းမှာ ဝှက်ဖဲ ကိုယ်စီရှိပေမယ့်
ဆွဲဖဲနဲ့တော့ အလှည့်တိုင်း မဒေါင်းနိုင်ဘူး။  ။

*JOKER –  လူရွှင်တော်၊ လူနောက်၊ ဂျိုကာဖဲချပ်

နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၅ ခုနှစ်။
မြင့်ဦးဦးမြင့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts