Photo – NLD Chairperson Office |
ဖိုးစနေ – သတ္တိ ဆိုတာ ချိုနဲ့လားဟေ့
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၅
မနှစ်၊ နှစ်လယ်လောက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး နဲ့ မြို့ကြီးတချို့တွင် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ အကျိုးဆက်အနေနဲ့ ပြည်သူလူထု ၅ သန်းကျော် ပါဝင်လက်မှတ်ရေးထိုးပြီး အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်သို့ တင်ပြနိုင်ခဲ့သည်။ ဒါက လွှတ်တော်ပြင်ပ ပြည်သူလူထုရဲ့ ဆန္ဒကို နည်းလမ်းတကျ တင်ပြခြင်း ဖြစ်သည်။
တခါ၊ လွှတ်တော်တွင်းမှာလည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် အာဏာရပါတီကြီးက ဦးဆောင်ပြီး အဆိုပြုကြ၊ ဆွေးနွေးကြ၊ ကော်မတီတွေ ကော်မရှင်တွေဖွဲ့ကြ၊ ဥပဒေကြမ်းတွေရေးဆွဲကြ လုပ်နေသည်။ ပြည်သူလူထုကလည်းဆန္ဒရှိ၊ လွှတ်တော်ကြီးကလည်း လုပ်နေပြီဆိုတော့ ဘာများလိုပါသေးသနည်း။ အခင်းအကျင်းက ရှင်းနေသည်။ “ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်ကဖေါ်ဆောင်ရွက် ” ဆိုတဲ့  ဆောင်ပုဒန်ဲ့လည်း အပိုအလိုမရှိ ကွက်တိဖြစ်နေပြီ။ ဆန္ဒနဲ့ ဘဝ တထပ်တည်းကျနေမှတော့  ပြီးပြီပေါ့။ ပြည်သူလူထုအနေနဲ့ အဖြေကိုစောင့်ရန်သာ ရှိတော့သည်။
ဒါပေမဲ့ … ၊ ဒါပေမဲ့ အဖြေကတော်တော်နဲ့ ထွက်မလာ။ ဒီတော့  ပြည်သူလူထုမှာ မရေမရာဖြစ်ရသည်။ သောင်မတင်ရေမကျ ဖြစ်ရသည်။ ရေစုန်မျောပြန်ပြီလားဟု အတွေးရောက်ကာ စိုးရိမ်စိတ်တွေ ဝင်လာကြရသည်။ ဟော အခုတော့ အဖြေထွက်လာပါပြီ။ ဒီတော့မှ ခဲလေသမျှ သဲရေကျ ဖြစ်ရတော့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အပါအဝင် အရေးကြီးပုဒ်မများ ပြင်ဆင်နိုင်ရန် လွှတ်တော်တွင်းမဲခွဲ ဆုံးဖြတ်ရာမှာ လိုအပ်တဲ့ မဲအရေအတွက် မရတဲ့အတွက် အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ကြီးက လောက်လောက်လားလား ဘာမှဆောင်ရွက်မပေးနိုင်ခဲ့။ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သဘောတရားအရ ပြည်သူလူထုကသိပြီးသားပါ။ သိလို့လည်း ဖြစ်သင့်ဖြစ်ထိုက်တာ အတိုင်းအတာတစ်ခုအထိ ဖြစ်လာစေဖို့ ယုံယုံကြည်ကြည်နဲ့ ရိုးရိုးသားသား ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ခုတော့ သဘောတရားအရသာမက လက်တွေ့ပါ မြင်ကြရပြီ။ အာဏာရဲ့ မူလပိုင်ရှင်အစစ်အမှန်ဟာ ပြည်သူလူထုသာဖြစ်သည်ဟု စာအုပ်ကြီးက ဆိုသည်။ အခုတော့ ပြည်သူလူထုရဲ့ ဘဝအမှန်ကို လက်တွေ့ မြင်ကြရပြီ။ ပြည်သူလူထုရဲ့ မျှော်လင့်ချက်ကို အကောင်အထည်ဖေါ်ဆောင်ရွက်မည်ဟု လွှတ်တော်ကြီးကကြွေးကြော်သည်။ အခုတော့ လွှတ်တော်ကြီးရဲ့
ပကတိအရှိကို သိကြရပြီ။
အမှန်ကတော့  လွှတ်တော်ဆိုတာ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ပြည်သူ့ကိုယ်စားလှယ် ဆိုတာကလည်း မဲဆန္ဒနယ်အသီးသီးက ပြည်သူအများကို ကိုယ်စားပြုရတာပါ။ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးစီ တစ်ဦးစီဟာ၊ မဲဆန္ဒနယ် တစ်ခုစီ တစ်ခုစီက ပြည်သူအများကို ကိုယ်စားပြုထားတာပါ။ အများအတွက် တစ်ယောက် ( one for all ) ပေါ့။ အခုတော့ လွှတ်တော်ကြီးကလည်း တစ်ကျပ်မတ်တင်းဆိုတော့ တစ်ယောက်အတွက်အများ ( all for one ) ဖြစ်ရပြီပေါ့။ ဒီလိုဖြစ်မှာကို ကြိုမြင်လို့လည်း အခြေခံဥပဒေပြင်ဆင်ရေး လူထုဆွေးနွေးပွဲများပြုလုပ်စဉ်က “အမှန်တရားကို သတ္တိရှိရှိ ရင်ဆိုင်ဖို့” ကျယ်ကျယ် လောင်လောင် တိုက်တွန်းခဲ့ခြင်းဖြစ်မည်။ ခုတော့ အမှန်ဖြစ်သင့်တာက ဖြစ်မလာခ့။ဲ ဒီတော့ သတ္တိမရှိလို့ များလားဟု မေးစရာဖြစ်လာသည်။ ဒါမှမဟုတ် သတ္တိကို အကောက်အယူလွဲနေလို့ များလား။
ကမ္ဘာကျော်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး ကတော့  “အကျဉ်းအကြပ်နဲ့ ကြုံတဲ့အခါ ဂုဏ်သိက္ခာရှိရှိနဲ့ အမှန်တရားဘက်က ရပ်တည်ရဲတာ သတ္တိပေါ့” ( grace under pressure ) လို့ပြောထားသည်။ မြန်မာ့လက်တွေ့ နိုင်ငံရေးဘဝနဲ့ နှိုင်းယှဉ်ကြည့်သင့်သည်။
တပ်မတော်အရာရှိဟောင်း လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦးကတော့ သတ္တိကို အခုလို အဓိပ္ပါယ်ဖွင့်သည်။ “သတ္တိကတော့ရှိတာပေါ့ဗျာ၊ သတ္တိရှိလို့ စစ်သားလုပ်နေတာပေါ့” ဟူလို။
မြန်မာ့သမိုင်းတွင် တောင်ငူခေတ် ဘုရင်တပင်ရွှေထီးလက်ထက်၊ ဘုရင့်နားထွင်းမင်္ဂလာသဘင်ကို ဟံသာဝတီဘုရင့်နယ်မြေ ရွှေမော်ဓေါဘုရားရင်ပြင်တွင် ဆင်ယင်ဖို့ စီစဉ်သည်။ တစ်ပါးသော ဘုရင့်နယ်မြေဖြစ်လို့ သတ္တိပြောင်သော စစ်သည်များကိုသာ ရွေးချယ်လိုက်ပါစေသည်။ ရွေးချယ်ပုံက လက်မကိုအပ်စိုက်ပြီး တူနဲ့ ရိုက်ရွေးသည်။ မတွန့်သူကိုမှ ဝံ့သူအဖြစ် ရေွး ချယ်သည်။ တွန့်သူကိုကား ရွံ့ သူဖြစ်၍ ပယ်သည်။ ဘုရင်တပင်ရွှေထီးကိုယ်တော်တိုင်ရဲ့ ကိုယ်ရံတော်ရဲမက် ဗလရဲထင်ကား အပယ်ခံရသည်။ ဒီအခါ ဗလရဲထင်က သူ ရဲရင့်ကြောင်းကို သူ့ဗိုက်သူခြွဲပီး အူဆွဲထုတ်ပြသည်။ မင်းပရိတ်သတ်များက အံ့အားသင့်နေကြသည်။ ဘုရင်တပင်ရွှေထီးကတော့ မှတ်ချက်ချသည်။ “ငါ့ရဲမက်က
မိုက်တော့ အမိုက်သား။ ဒါပေမဲ့ သတ္တိမရှိဘူးကွ” တဲ့။ တချို့က သေရဲတာ သတ္တိ လို့ဆိုသည်။ တချို့ကတော့ ရှင်ရဲတာ သတ္တိဟုယူဆသည်။ တချို့ကျပြန်တော့လည်း တည့်တည့်ပစ်ပြီး သတ်ရဲတာကိုတောင် သတ္တိယောင်ယောင် ကြွေးကြော်ခဲ့ဖူးသည်။
စဉ်းစားဆင်ခြင်စရာကောင်းသည်။
အလယ်ခေတ် အတွေးအခေါ်ပညာရှင် ဒန်တီ ရဲ့ အဆိုတစ်ခုရှိသည်။ “ချစ်ချစ်တောက် ပူလောင်နေသော ငရဲပြည်သည် လူအများ ဒုက္ခပင်လယ်ဝေနေချိန်တွင် ကိုယ့်အတွက် အနေအစားချောင်သလို အသက်ရှင်တတ်သူများအတွက်သာဖြစ်သည်” ဟုဆိုသည်။
၁၇ ရာစုပညာရှင် သောမတ်စ်ကာလိုင်း ကလည်းပြောထားသည်။ “ကျွန်ုပ်တို့ ချီးမြှောက်ဂုဏ်ပြုရမည့် ရဲစွမ်းသတ္တိဆိုသည်မှာ သင့်တင့်လျှောက်ပတ်စွာ သေဆုံးရမည့် သတ္တိ မဟုတ်၊ လူပီသစွာသိက္ခာရှိရှိ အသက်ရှင်နေထိုင်ရမည့် သတ္တိဖြစ်သည်” ဟုဆိုသည်။
ကိုယ့်အတွက် သေရဲတာသည် မိုက်မဲခြင်းဖြစ်၏။ အများအတွက် သေရဲတာသည် ရဲရင့်ခြင်းဖြစ်ကြောင်း သမိုင်းအထောက်အထားများက သက်သေပြနေသည်။ ကိုယ့်အတွက် ရှင်ရဲတာသည် အတ္တကြီးခြင်းဖြစ်၏။ အများအတွက်ရှင်ရဲတာသည် သတ္တိရှိခြင်းဟု ကောက်ယူနိုင်သည်။ ဒီတော့ သေရဲတာ၊ ရှင်ရဲတာက အဓိကမဟုတ်။ တစ်ယောက်အတွက်လား (all for one)၊ အများအတွက်လား (one for all) ဆိုတာကသာ
အဓိကဖြစ်သည်။ တစ်ဖွဲ့၊ တစ်စု၊ တစ်ယောက် အတွက်လား။ တစ်တိုင်းပြည်လုံးအတွက်လား ဆိုတာကသာ အဓိကဖြစ်သည်။ အတ္တသည် သူရဲဘောကြောင်ခြင်းကို ကိုယ်စားပြု၏။ ပရသည် သတ္တိရှိခြင်းကို ညွှန်ပြပေသည်။
ဗါတီကင်နန်းတော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးအတွက် အထူးဝတ်ပြုဆုတောင်းပွဲတစ်ခုတွင် ပုပ်ရဟန်းမင်ကြီး ဖရန်စစ္စက စစ်မက်ဖြစ်ပွားနေတဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းတို့ရဲ့ ခေါင်းဆောင်နှစ်ဦးကို တွေ့ဆုံပြီး “စစ်တိုက်ရတာထက် ငြိမ်းချမ်းရေးရအောင်လုပ်ရတာက ပိုပီး ရဲစွမ်းသတ္တိလိုအပ်တယ်” ဟုပြောခဲ့ဖူးသည်။ ပုပ်ရဟန်းမင်းကြီးရဲ့ စကားက စဉ်းစားစရာကောင်းသည်။
၁၉၅၃ ခုနှစ်။ အဲဒီအချိန်က နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်တဲ့  ဦးနု ဟာ မန္တလေးမြို့က သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှ ကို အပြစ်မြင်ပြီး ပုဒ်မ ၅ နဲ့ ထောင်ချခဲ့သည်။ နောက်ပိုင်း သူ့အမှားကိုသိတော့မှ ဦးနု က ဦးလှ ကို တောင်းပန်ဖို့ ကြိုစားခဲ့သည်။ တောင်းပန်ဖို့ စကားများကို စဉ်းစားစီစဉ်ပြီး အကြိမ်ကြိမ် ကြိုးစားသော်လည်း မတောင်းပန်ဖြစ်ခဲ့။ ၁၉၈၂ ခုနှစ်၊ ဦးလှ မကွယ်လွန်မီ လပိုင်းအလိုကျမှ မန္တလေးဘူတာကြီးတွင် အမှတ်မထင်တွေ့ကြ၍ ဦးနုက ဦးလှ ကို တောင်းပန်ဖြစ်အောင် တောင်းပန်လိုက်သည်။ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မတောင်းပန်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးနု က “ကျနော် သတ္တိကြောင်နေတဲ့အတွက် တခါမှ ပြောမထွက်ဖြစ်ဘူး” ဟုဆိုသည်။ ဦးနု စကားက အမှားကိုဝန်ခံပြီး အမှန်ကိုပြင်ဖို့ သတ္တိလိုကြောင်း ပြနေသည်။
မနှစ်၊ ဧပြီလလယ်လောက်က တောင်ကိုရီးယားနိုင်ငံတွင် ခရီးသည်တင်သင်္ဘောတစ်စင်း နိုင်ငံအနောက်ပိုင်း အင်ချွန်းဆိပ်ကမ်းမှ ဂျေဂျူးအပန်းဖြေကျွန်းသို့အသွား မတော်တဆ တိမ်းမှောက်နစ်မြုပ်သွားခဲ့သည်။ နောက်ဆုံးစာရင်းအရ သေဆုံးသူ ၃ဝဝ ကျော်ခန့် ရှိပြီး အများစုမှာ ကျောင်းသူ ကျောင်းသားကလေးများဖြစ်ကြသည်။ ကယ်တင်နိုင်ပါလျက် အခန်းတွင်သာနေရန် သင်္ဘောတာဝန်ရှိသူများက ညွှန်ကြားခဲ၍့ မသေသင့်ပဲ သေခဲ့ကြရသည်။ သင်္ဘောဝန်ထမ်းများကမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဒီဖြစ်စဉ်တွင် အသေအပျောက်များခြင်း၊ သေဆုံးသူအများစုမှာ ကလေးများဖြစ်ခြင်း၊ မသေသင့်ပဲ သေဆုံးရခြင်းတို့ကြောင့် လူအများ စိတ်မကောင်းဖြစ်ကြသည်။ စိတ်ဝင်စားကြသည်။ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘယ်သူ့မှာတာဝန်ရှိသလဲ ဆိုပြီး မေးခွန်းတွေထုတ်လာကြသည်။ ဒီတော့ တာဝန်သိသူများက တာဝန်ရှိကြောင်း ထုတ်ဖေါ်ဝန်ခံကြသည်။ သတ္တိကောင်းကြပါပေသည်။
ပထမ။ ကျောင်းသူကျောင်သားကလေးများကို ကြီးကြပ်စောင့်ရှောက်ရန် လိုက်ပါလာသော ဒုကျောင်းအုပ်ကြီးက ငါအသက်ရှင်နေသမျှ ငါ့ကျောင်းသားများ အသက်ရှင်ရမည်။ အခုကျောင်းသားကလေးများကသေပြီး ငါက အသက်ရှင်နေသည်။ ငါတာဝန်မဲ့ရာကျသည်ဟု ဆုံးဖြတ်ကာ
အသက်စွန့်ပြီး ကိုယ့်တရားကိုယ်စီရင်သွားခဲ့သည်။ စိတ်မကောင်းစရာဖြစ်သော်လည်း အရှေ့တိုင်းသားတို့ရဲ့ တာဝန်နဲ့ပတ်သက်တဲ့ ဓလေ့ ဖြစ်သည်။
ဒုတိယ။ တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ပြင်တွင် ရေယာဉ်ဝန်ထမ်းများရဲ့ ပေါ့ဆမှုကြောင့် ပုဂ္ဂလိကသင်္ဘောတစ်စီး နစ်မြုပ်သွားပြီး ကလေးများနဲ့ ပြည်သူအများ သေဆုံးရခြင်းမှာ မိမိတွင်တာဝန်ရှိသည်ဟုဆိုကာ ဝန်ကြီးချုပ်က တာဝန်မှ နှုတ်ထွက်သွားခဲ့သည်။
တတိယ။ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး က ပြည်သူအများ သေဆုံးရသည့်အတွက် ဝမ်းနည်းကြောင်းနဲ့ မိမိအစိုးရအဖွဲ့ တွင် တာဝန်ရှိကြောင်း တစ်တိုင်းပြည်လုံးသို့ ကမ္ဘာသိ ဝန်ခံကြေငြာသွားခဲ့သည်။
စတုတ္ထ။ သင်္ဘောနစ်မြုပ်ရာတွင် တာဝန်ပျက်ကွက်ပြီး ကိုယ်လွတ်ရုန်း ခဲ့ကြသော ရေယာဉ်မှူးနဲ့ ရေယာဉ်ဝန်ထမ်းများက ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူခဲ့ကြသည်။
တောင်ကိုရီးယားနိုင်ငံရဲ့ လူမှုပတ်ဝန်းကျင်ကား သာယာကြည်လင်ပြီး နေပျော်ဘွယ် ကောင်းလှပါဘိတောင်း။ သူတို့ရဲ့ နိုင်ငံရေးယဉ်ကျေးမှုကား ဂုဏ်အဆင့်မြင့်မားပြီး တည်ကြည်ခန့်ငြား လှပါဘိတောင်း။
ကျောင်းသားဘဝက ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်ကို သတိရသည်။ ခေါင်းစဉ်က “ယုံကြည်ရဲတဲ့ သတ္တိ” ဖြစ်သည်။ လိုရင်းကို အကျဉ်းချုပ် ကောက်နှုတ်ပြပါမည်။ ဆပ်ကပ်ပွဲတစ်ခုတွင် ကောင်းကင်ဘားကစားတဲ့  ပြကွက်ကိုပြသည်။ ကောင်းကင်အမြင့် လေထဲတွင် လွှဲလိုက်၊ လက်လွှတ်လိုက်၊ ရှေ့ဂျွမ်းထိုးလိုက်၊ နောက်ဂျွမ်းပစ်လိုက်၊ တဖက်ကဖမ်းလိုက်နဲ့ အသဲယားစရာ ကစားပြသည်။
ဆပ်ကပ်ပွဲကို ရှေ့တန်းမှကြည့်နေတဲ့ သားအမိနှစ်ယောက်အနက် သားငယ်က မိခင်ဖြစ်သူကိုမေးသည်။ “မေမေ၊ သူတို့ မကြောက်ဖူးလား ဟင”် တဲ့။ မိခင်ကဖြေဖို့ တုံ့ဆိုင်းနေစဉ်မှာပင် ကပ်လျက်နောက်တန်းမှလူကြီးက ဖြေလိုက်သည်။
“မကြောက်ဖူး ကလေးရဲ့၊ သူတို့မှာ အချင်းချင်း ယုံကြည်မှုရှိတယ်။ ငါ ဒီဘက်က လက်လွှတ်ပီး ဂျွမ်းပစ်လိုက်ရင် ဟိုဘက်က ငါ့ကိုမိအောင်ဖမ်းမယ်ဆိုတာ ယုံကြည်ပီးသားလေ။ ဒါကြောင့် သူတို့မကြောက်ဖူး။ သတ္တိရှိတယ်” တဲ့။ ဆောင်းပါးရဲ့ဆိုလိုရင်းက ဒါပဲဖြစ်သည်။
သတ္တိရှိရန် ယုံကြည်မှုရှိဘို့လိုသည်။ ယုံကြည်မှုရှိရန် ဂုဏ်သိက္ခာရှိသော ပတ်ဝန်းကျင်လိုသည်။ လိမ်လည်လှည့်ဖျားသော၊ ကောက်ကျစ်စဉ်းလဲသော၊ နိမ့်ကျယုတ်ညံ့သော ပတ်ဝန်းကျင်တွင် ယုံကြည်မှုရှိရန် မဖြစ်နိုင်။ ယုံကြည်မှုမရှိလျှင် သတ္တိရှိပါဦးမည်လော။ သတ္တိမရှိပဲနှင့် အသို့လျှင် အမှန်ကိုရင်ဆိုင်ဝံ့အံ့နည်း။
နိုင်ငံရေးဆိုတာ ထင်သလောက် မရိုးရှင်းဘူးဟု တချို့က ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း ကတော့ “နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင်လုပ်သူတို့သာလျှင် ယုတ်မာခြင်း ဖြစ်ပေ၏” ဟုမိန့်ကြားထားသည်။
အမှားနဲ့အမှန် ခွဲခြားရန်မှာ ပညာရဲ့ ကိစ္စဖြစ်သည်။ ပညာရှိမှ အမှန်ကိုသိနိုင်သည်။ အမှန်တရားကိုရင်ဆိုင်ရန် သတ္တိလို၏။ သတ္တိရှိရန် ယုံကြည်မှုရှိဖို့လိုသည်။ ယုံကြည်မှုရှိရန် ဆိုသည်မှာ ကောင်းမြတ်သောပတ်ဝန်းကျင်တွင်သာဖြစ်နိုင်၏။ အမှန်တရားကို သတ္တိနဲ့ ရင်ဆိုင်ရာတွင်လည်း စေတနာမှန်ဖို့ အရေးကြီးပါသည်။ ပညာနဲ့ အမှန်ကိုသိ၊ သတ္တိနဲ့ ရင်ဆိုင်ရှင်း၊ အရင်းခံက စေတနာပါမှ အရာရာ အောင်မြင်နိုင်သည်။ ပညာက နတ္ထိ၊ သတ္တိက ဗလာ၊ စေတနာကလည်း ခေါင်းပါး ဆိုရင်တော့ အောင်မြင်ရေးက ဝေးပြီပေါ့။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အပါအဝင် အရေးကြီးပုဒ်မများ ပြင်ဆင်ရန် လွှတ်တော်တွင်း၊ လွှတ်တော်ပ နည်းလမ်းတကျ ကြိုးစားခြဲ့ကသော်လည်း မအောင်မြင်ခ့။ဲ ဘာကြောင့်ပါလဲ။ အဖြေကို ပြည်သူလူထုက မျက်ဝါးထင်ထင် မြင်ခဲ့သိခဲ့ကြပြီးဖြစ်သည်။ ပြည်သူလူထုမျှော်လင့်ချက်ကို အကောင်အထည်ဖေါ် ဆောင်ရွက်မည်ဟု ကြုံးဝါးထားသော လွှတ်တော်ကြီးကလည်း ကျပ်မပြည့်လေတော့ ဘာမှအားကိုးလို့ မရနိုင်တော့။ ဒီတော့ ပြည်သူလူထုက ဥစ္စာရှင်လို ဥစ္စာရှင်ခဲရန်သာ ရှိတောသ့ ည်။ အာဏာရဲ့ ပင်ရင်းပိုင်ရှင်အစစ်အမှန်မှာ ပြည်သူလူထုသာဖြစ်သည်ဟု ဆိုထားသည်မဟုတ်လော။ ကိုယ့်အာဏာကို ကိုယ်တိုင် မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ အသုံးချရန်သာရှိတော့သည်။ လူထုကလည်း တကယ်ပြင်မယ် ပြောင်းမယ်ဆိုရင် ဘာလုပ်ရမည်ကို ကောင်းကောင်း သိနေကြပါပြီလေ။
ပညာရှိသော၊ သတ္တိရှိသော၊ စေတနာမှန်သော ခေါင်းဆောင်များကိုသာ လူထုက လက္ခံ၏။ စစ်မှန်သော လူထုခေါင်းဆောင်တို့သာ ထွန်းပြောင်သောသမိုင်းကို ဖန်တီးနိုင်သည်။ မဲညစ်သောသမိုင်းကို ရေးသားသူတို့ကား ဆိုးယုတ်သူများသာတည်း။ ထွန်းပြောင်သောသမိုင်းကိုဖန်တီးဖို့ ပြည်သူလူထုအပေါင်းတို့၊ ဒီတစ်ပွဲမှာတော့ သတ္တိရှိရှိ ဆင်နွှဲလိုက်ကြပါကုန်လော့။ ။
စက်တင်ဘာ ၈၊ ၂ဝ၁၅
စာညွှန်း –
– လယ်တီပဏ္ဍိတ ဦးမောင်ကြီး (မဟာဝိဇ္ဇာ) ရေး တပင်ရွှေထီး ဝတ္ထုတော်ကြီး။
– ၂ဝ၁၄ ခုနှစ်၊ ဇွန်လ ၉ ရက်ည ဗီအွိုအေ သတင်းထုတ်လွှင့်ချက်။
– အောင်စွမ်း ရေး သမိုင်းကြောင်းကိုခြေရာကောက်၍။
– မြန်မာ့အလင်း သတင်းစာဟောင်းများ၊ ဧပြီ၊ မေ၊ ဇွန်၊ ၂ဝ၁၄။
– ဗိုလ်ချုပ်အောင်ဆန်း မိန့ခ်ွန်းများ(၁၉၄၅ – ၁၉၄၇)စာပေဗိမာန်ထုတ် ပြည်သ့လူ က်စွစဲာစဥ။်
– သိပ္ပံစိုးလှ မြန်မာဘာသာပြန် ခေါင်းဆောင် နှင့် သတ္တိ။ (Profiles in Courage by John F.
Kennedy)
– The Courage to Trust by Ardis Whitman.