တူမောင်ညို သူတို့အာဘော်

တူမောင်ညို – အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နိုင်ပါစေ

တူမောင်ညို  – အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နိုင်ပါစေ
မိုးမခ ။ စက်တင်ဘာ ၁၅၊ ၂၀၁၅

စစ်တပိုင်းအစိုးရက မယုံကြည်မှုနဲ့သံသယကို တမင်ညစ်ပတ်မှုတွေ အကွက်ကျကျ ပေါင်းစပ်ပြီး  (၂၀၁၅)ရွေးကောက်ပွဲကို ရုပ်လုံးဖော်နေတာ ဖြစ်ပါတယ်။ တမင်မှားထားတဲ့မဲစာရင်း၊ (ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်က ၃၀% ပဲမှန်နိုင်တယ်လို့ပြောနေတယ်) ဒီလိုမဲစာရင်းနဲ့တရားမျှတ၊ လွတ်လပ်၊ သန့်ရှင်းသော ရွေးကောက်ပွဲဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။  ဖြစ်နိုင်တယ်လို့/ ယုံကြည်တယ်လို့ ပြောတယ်ဆိုရင် အဲဒီလိုပြောတဲ့ လူကို စိတ်ရောဂါအထူးကုဆရာဝန်နဲ့အလျင်အမြန် ကြပ်မတ်ကုသရလိမ့်မယ်။

မှန်ကန်တိကျတဲ့မဲစာရင်းပြုစုဖို့ အချိန်လုံလောက်စွာရခဲ့တယ်။ လူနဲ့ငွေလည်း ပြည့်ပြည့်စုံစုံရှိတယ်။ ဒီလို အခြေခံအချက် အလက်တွေပြည့်စုံနေလျက်နဲ့ မဲစာရင်းမှားကို ထုတ်ပြန်တာဟာ တမင်ညစ်ပတ်တာသာဖြစ်တယ်။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ဟာ ယခင်စစ်အစိုးရထိပ်သီးတွေထဲက တစ်ဦး၊ ကြံ့ဖွံ့ပါတီထိပ်ပိုင်းခေါင်းဆောင်ဖြစ်တယ်ဆိုတာတွေကြောင့် မယုံကြည်ရတဲ့အပြင် အခုလို မဲစာရင်းမှားတွေ ထုတ်ပြန်နေတော့ မယုံကြည်မှုနဲ့သံသယက ပိုပြီးတိုးလာပါတယ်။

မဲစာရင်းမှားယွင်းမှုကို အတိုက်အခံပါတီနဲ့ မဲဆန္ဒရှင်ပြည်သူတွေက မိမိနာမည်မဲစာရင်းထဲပါမပါ စစ်ဆေးနေရတာ၊ မပါရင် ပါလာအောင် သက်ဆိုင်ရာကော်မရှင်ရုံးခွဲတွေမှာ အမှားပြင်/အမှန် ဖြည့်လုပ်နေရတာက ပြည်သူတွေရဲ့အေးချမ်းစွာမဲဆန္ဒပေးနိုင်ရေးကို တမင်ဖျက်လိုဖျက်ဆီးလုပ်နေတာသာဖြစ်ပါတယ်။ ပြည်သူတွေကို တမင်အလုပ်ပေးနေတာဖြစ်ပါတယ်။ အတိုက်အခံပါတီကို တမင် တကာ သောကပွားအောင်လုပ်နေတာသာဖြစ်ပါတယ်။ အတိုက်အခံပါတီခမျာ“ဆားသည်က ခွေးမောင်း”ဆိုတာလို မဆိုင်တဲ့ အလုပ် တွေ လုပ်နေရပြီး ဗျာများနေရပါတယ်။

တိုင်းနဲ့ပြည်နယ် ၁၂ ခုလောက်မှာ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရလို့၊ ရေဘေးခြိမ်းချောက်မှုဆက်ပြီးရှိနေသေးလို့ ၊ စပါးအပါအဝင် စိုက်ပျိုးသီးတွေပျက်စီးခဲ့ရလို့၊ ပြန်လည်စိုက်ပျိုးရေး၊ စားဝတ်နေရေး၊ ပြန်လည်ထူထောင်ရေးသောကရတက်ပွေနေလို့ မဲစာရင်းဆိုတာ မဲပေးဖို့ဆိုတာတွေ  ပြည်သူတွေ အာရုံမရောက်နိုင်ပဲဖြစ်နေရပါတယ်။

လူတိုင်း မယုံကြည်မှုနဲ့သံသယပွားနေရတာတွေထဲမှာ ကြီးမားတဲ့အချက်တစ်ခုက ရွေးကောက်ပွဲကို ကတိပေးပြောကြားထား တဲ့နေ့ရက်မှာ တကယ်ပဲကျင်းပဖြစ်ပါ့မလားဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ မုချဆတ်ဆတ် ကျင်းပဖြစ် မယ်လို့ ဘယ်သူအာမခံဝံ့သလဲ။ ကော်မရှင်ဥက္ကဋ္ဌက အကြိမ်ကြိမ်နေတာပဲဆိုတာကို ဘယ်သူ အခိုင်အမာ ယုံကြည်လက်ခံရဲသလဲ။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်တဲ့ အခွင့်အာဏာဟာ ကော်မရှင်လက်ထဲမှာရှိတဲ့ကိစ္စပဲ။ အချိန်မရွေးပြောင်းနိုင်ရွှေ့နိုင်တယ်။ အကြောင်းပြ ချက်ဆိုတာ သူတို့အဖို့ ပါးစပ်ကပေးဖို့မခက်သလို၊ လိုချင်တဲ့အကြောင်းပြချက်ကိုလည်း ဖန်တီးလိုက်ဖို့လည်း ငှက်ပျောသီး အခွံနွှာရတာ ထက် လွယ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို အကြောင်းပြပြီး မဲဆန္ဒနယ်တွေလျော့နည်းသွားနိုင်ပါတယ်။ (NCA) စာချုပ်မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးနိုင်မယ့်အလားအလာက မရှိသလောက်နည်းပါးနေပါတယ်။ ဒီလိုရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ နယ် မြေတွေတိုးများလာတာဟာ အတိုက်အခံဒီမိုကရေစီအင်အားစုကို ထိခိုက်နစ်နာစေပါတယ်။ အတိုက်အခံရဲ့ မျှော်မှန်းချက်က ကြီးမား ပါတယ်။ ရာနှုန်းပြည့်နိုင်ရေးဖြစ်ပါတယ်။ အားနာစွာနဲ့ ပြောရရင် ရာနှုန်းပြည့်နိုင်ရေးဆိုတာ ဆန္ဒပါ။ ဆန္ဒနဲ့လက်တွေ့ စရွေးကိုက်ဖြစ်ဖို့ ဆိုတာ ဒုလ္လတရားတစ်ခုဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့တည်ဆဲဥပဒေမှန်သမျှက သူတို့စိတ်ကြိုက်ရေးထားတာ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက သူတို့ဘက်သားသူတို့လူ။ အုပ်ချုပ်ရေးယန္တယားအဆင့်ဆင့်က သူတို့လက်ထဲမှာရှိပါတယ်။ ဒီလို ရေခံမြေခံပေါ်မှာ ရာနှုန်းပြည့် နိုင်ဖို့မလွယ်ကူပါဘူး။

ကနဦး ကိုယ်စားလှယ်လောင်းစိစစ်ရေးမှာလည်း အတိုက်အခံဘက်က အကျအဆုံးများပါတယ်။ ကြံ့ဖွံပါတီက အပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်းရယ်လို့မကြားမိပါဘူး။ မွေးဖွားစဉ်မိဘ နိုင်ငံသားမဖြစ်တဲ့ နေပြည်တော်ကောင်စီဝင် ဦးသိန်းညွန့် ကို သက်ဆိုင် ရာကော်မရှင်က ဗြောင်ပဲ ကင်းလွတ် ခွင့်ပေးခဲ့တာပါ။ ဒီထက်မတရားတာရှိအုံးမလား။ တချို့ပါတီက ကိုယ်စားလှယ်လောင်းတွေဟာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်အမတ် တွေဖြစ်ပါတယ်။ ဒါပေမယ့် မိမိကိုမွေးဖွားစဉ်မှာ မိဘနိုင်ငံသားမဖြစ်ဘူးဆိုတဲ့အချက်နဲ့ ပယ်ချခံ ထားရပါတယ်။

ဒီတော့ အတိုက်အခံများအဖို့ ဝင်ပြိုင်ရတဲ့ နေရာ ၇၅% မှာ တတိတိနဲ့ပွန်းပဲ့နေရပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် လည်း  (ငွေသုံးစွဲမှုနဲ့ ကန့်ကွက်မှုတွေ) စိစစ်တာတွေ နောက်ထပ် တဆင့်ပြီးတဆင့်လာအုံးမှာပါ။ right to recall ဆိုတဲ့ ဥပဒေကို နောက်ဆုံးကျင်းပမယ့် လွှတ်တော်မှာ ပြဋ္ဌာန်းလိုက်ရင် နောက်ထပ်ညစ်ပတ်စရာအကွက်တစ်ခုရသွားအုံးမှာဖြစ်ပါတယ်။

ကာချုပ်ရဲ့ အသားတင် ၂၅% ကတော့ သပိတ်ဝင်အိပ်ဝင်ပဲ။ ဘယ်တော့မှ ဘယ်လိုအကြောင်းအချက်နဲ့မှ လျော့စရာမရှိဘူး။ တစ်ဦးချင်းလဲလှယ်မလား။ အုပ်လိုက်လဲလှယ်မလား။ ဘယ်အချိန်လဲချင်သလဲ။ အချိန်မရွေးလဲလှယ်ခွင့်အပြည့်အဝရှိတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုတာ သူတို့ လက်ထဲက အရာပါ။ သူတို့သဘောမတူဘဲ မပြင်ဆင်နိုင်ပါဘူး။  ၇၅% အပြည့်အဝအနိုင်ရလည်း မပြင်ဆင် နိုင်ပါဘူး။

နောက်ကိစ္စတစ်ခုက စစ်တပ်ထဲကမဲတွေက ဘယ်ပါတီရဲ့ မဲပုံးထဲကို ရောက်သွားမလဲ။ စစ်တပ်ကြီးထဲက စစ်ဗိုလ်စစ်သား တယောက်ချင်းတင်မက  မိသားစု အလိုက်ပါ စဉ်းစားရမှာပါ။  စစ်တပ်ထဲမှာ  အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားမိသားစု တစ်စုမှာ မဲပေးနိုင်မယ့်သူဦးရေ( ၁၈နှစ်ပြည့်ပြီးသူ) ဟာ အနည်းဆုံး ၃ ယောက်ရှိမယ်ဆိုတဲ့နှုန်းနဲ့ တွက်ကြည့်ပါ။ ဒီမဲတွေ ဘယ်ပါတီကိုပေးမလဲ။ စစ်တပ်ကနေ အငြိမ်းစားအနားယူသွားတဲ့ စစ်ဗိုလ်ကြီး ဖုတ်ပူမီးတိုက် ကြံ့ဖွံ့ပါတီထဲ ဝင်သွားကြသလိုပါပဲ။  စစ်တပ်ထဲက မဲမှန်သမျှဟာ ကြံ့ဖွံပါတီကိုပဲပေးမှာသေချာပါတယ်။ စစ်တပ်ဆိုတာ အမိန့်တည်ဆောက်ထားတဲ့အဖွဲ့အစည်းပါ။ စစ်တပ်ထဲက လူတွေဟာ သူ့ထက် တဆင့်မြင့်တဲ့သူရဲ့ အထက်အမိန့်ကို ခြွင်းချက်မရှိနာခံတာပါ။ ကာချုပ်အမိန့်ကို စစ်တပ်တတပ်လုံးက နာခံရပါတယ်။ ဒီတော့ စစ်တပ်က ဘယ်ပါတီကိုမဲပေးမလဲဆိုတာ ရှင်းပါတယ်။ ဗိုလ်ချုပ်ကြီးတွေ ဘယ်ပါတီ ကနေဝင်ပြီး အရွေးခံသလဲဆိုတာကို ကြည့်လိုက်ရင်အဖြေက ရှင်းပါတယ်။

ဒါကြောင့် (ဗိုလ်)ဦးဝေလွင် က မဲဆွယ် စကားပြောရာမှာ “မဲရဖို့ မျက်နှာချိုသွေးရတဲ့ဟာမျိုးတော့ ငါ့တစ်သက်ဘယ်တော့မှ မလုပ်ဘူးလို့ ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်ပါတယ်”လို့ ဗြောင်ကျကျပဲပြောပါတယ်။ ရှင်းပါတယ်၊  ပြည်သူအပေါ်ထာဝစဉ် ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျလာသူတွေဟာ ပြည်သူတွေကို မျက်နှာချို ဘယ်သွေးမှာလဲ။ စစ်တပ်ကအနားယူ စစ်ဗိုလ်ဟာ တာဝန်ရ စစ်တပ်ပါတီ ထဲဝင်တယ်။ စစ်တပ်ကလူတွေက တာဝန်အရ အထက်အမိန့်အရ မဲပေးလိမ့်မယ်ပေါ့။ ဘယ်သူ့ကိုမျက်နှာချိုသွေးစရာမလိုဘူး။

ဒီလိုအခြေအနေအချက်အလက်တွေကြောင့်  အတိုက်အခံပါတီဟာ ၁၉၉၀ရွေးကောက်ပွဲမှာတုန်းကလို “မင်္ဂလာဒုံ” လိုနေရာ မျိုးတွေမှာ အောင်ပွဲခံဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် တပ်ဆိုတဲ့နေရာမှာ စစ်တပ်တင်မကပါဘူး။ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ် ဆိုတာ တွေရဲ့မဲတွေကိုပါထည့်တွက်ရလိမ့်မယ်။ မီးသတ်တပ်ဖွဲ့ကမဲလည်း ကြံ့ဖွံ့ထဲပဲထည့်နိုင်တယ်လို့ ထည့်တွက်ထားသင့်တယ်။

ဒီလို ပြည်သူလူထုမဲစာရင်းတွေသာ တမင်ညစ်တဲ့အမှားတွေသောက်သောက်လဲနေပေမယ့်၊ စစ်တပ်တွေ ရဲတပ်တွေထဲက မဲစာရင်းတွေကတော့ အမှားအယွင်းတွေရှိနေတယ်လို့ကြားမိပါသလား။

နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ ရွေးကောက်ပွဲကိုလည်း သတ်မှတ်ထားတဲ့ရက်မှာ အတိအကျကျင်းပနိုင်ပြီ၊ အတိုက် အခံပါတီကလည်း မျှော်မှန်းထားသလို တောင်ပြိုကမ်းပြိုနိုင်ပြီ ဆိုကြပါစို့ (အနိုင်ရပြီလို့ ဆိုကြပါစို့)။ အနိုင်ရပါတီထံ အာဏာကို အထစ် အငေါ့မရှိ၊ အတားအဆီးမရှိ ချောမောပြေပြစ်စွာ လွှဲပြောင်းပေးပါ့မလား။ ဒီလိုပေးပါ့မယ်လို့ တိတိကျကျ ဘယ်သူအာမခံမှာလဲ။

သမ္မတလား၊ ကာချုပ်လား၊ ကော်မရှင်ဥက္ကဋ္ဌလား။

အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြောင်းပေးမယ်။ တပ်က စစ်တပ်လျားပြန်မယ်လို့ ပြောခဲ့တဲ့ ကာချုပ်ဟောင်း ဗိုလ်စောမောင် ကံကြမ္မာကို မှတ်မိကြအုံးမှာပါ။  ပြောခဲ့တဲ့ကတိစကားကြောင့်  ဗိုလ်စောမောင်ခမျာ  (နဝတ) ဥက္ကဋ္ဌကနေ ဖြုတ်ချခြင်းခံရပါတယ်။ အစဉ် အဆက်ကာချုပ်များစာရင်းကနေတောင်ပယ်ချထားတာခံရတယ်လို့ကြားရပါတယ်။ အစဉ်အဆက် ကာချုပ်တွေရဲ့ ဓါတ်ပုံတွေ ချိတ်ဆွဲ ထားပေမယ့် ကာချုပ်ဟောင်းဦးတင်ဦး (ဒီချုပ်နာယက) နဲ့ ကာချုပ်ဟောင်း ဗိုလ်စောမောင်တို့ပုံတော့မပါဘူးလို့ ကြားရပါတယ်။

စစ်အုပ်စုဟာ အာဏာနဲ့ပတ်သက်လာရင် သူတို့ကာချုပ်ကို လည်းဖြုတ်ချဖို့ဝန်မလေးဘူး။ လွှတ်တော်ဥက္ကဋ္ဌကိုလည်း ရဲလုံခြုံရေးနဲ့ ညတွင်းချင်းဝိုင်းပြီး အရာကနေ ချနိုင်တယ်ဆိုတာ ကျနော်တို့ သိမှတ်ထားကြပါလိမ့်မယ်။

အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နိုင်ပါစေ၊  ရရှိလာတဲ့ အနိုင်ရလဒ်လည်း အထစ်အငေါ့မရှိ လက်ဝယ်ပိုင်ပိုင် ရရှိပိုင်ဆိုင်နိုင်ပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တူမောင်ညို – အတိုက်အခံပါတီ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့်နိုင်ပါစေ
  1. ဟုတ်ပါတယ်။
    သံသယ စိုးရမ်စိတ်တွေ အများကြီးပါပဲ၊ ကချင် ဗိုလ်ချုပ်ဂွမ်မော် အစိုးရညစာစားပွဲ သီချင်းတက်ဆိုသလို “မျော်သာမျော်သည်မယုံကြည် ..ဘုရားမှာစနေထောင့်ပန်းလှုမည်” သီချင်းပဲ ဆိုနေ အင်အယ်ဒီကို မဲပေးသူတွေ များလှပါတယ်။ ကမ္ဘာ့ အာဏာလွဲပြောင်းမှု ဖြစ်ရပ်အားလုံးကို ဆန်းစစ်ရင် ၃၀% မဲရထားရင် အာဏာရပါတီက လွှဲပြောင်းပေးလေ့ရှိတယ် လို့ဆိုပါတယ်။

    ဒီအစိုးရကို ရွေးကောက်ပွဲအမှန်အကန် လုပ်ပေးဖို့ နောက်ကွယ်ကလူကြီး ပြောနေပါပြီ။ ပြောတဲ့အတိုင်း လုပ်မလုပ်တော့ စောင့်ကြည့်ရမှာပါ။ ၂၅ရာနှုန်း စစ်တပ်အာဏာ ပေးထားတဲ့ လွှတ်တော်မှာ အတိုက်ခံများ၊ ပြည်သူများ ညီညွတ်ရင် (မကြမ်းရင်၊ မဆဲရင်) စစ်တပ်၂၅ရာနှုန်း ၁၉၈၈ လိုမလုပ်ရဲတော့ပါဘူး။ ထောင်ထွက်ပေါင်းများစွာ ရာဇဝတ်မှုများလုပ်နေတာလဲ ကာကွယ်နိုင်ပါတယ်။ ပြည်သူ့အင်အား အသုံးချကြမှာပါ။

Comments are closed.