ကဗျာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ငါလိုချင်တဲ့ တိုင်းပြည်

 

ငြိမ်းချမ်းအေး – ငါလိုချင်တဲ့ တိုင်းပြည်

မိုးမခ ။ စက်တင်ဘာ ၁၂၊ ၂၀၁၅

ငါ လိုချင်တာ

ဘာသာနဲ့လူမျိုး မပါတဲ့ တိုင်းပြည်..

လူမျိုးတွေ၊ ဘာသာတွေ

သက်သေခံစရာမလိုတဲ့ တိုင်းပြည်..။

စစ်ဗိုလ်ကြီးများ လမ်းညွှန်မှုအောက်က

‘Guided Democracy’ အင်ဒိုနီးရှား

ပထမဆုံး အရပ်သားစစ်စစ် သမ္မတလောင်းလေး တယောက်

မရွေးမကောက်ကြခင် ဘုရားဖူးခရီးလေးထွက်

‘ဟာဂျီ’ ဖြစ်ကြောင်း ပြခဲ့ရ..။

စစ်ဗိုလ်ကြီးများရဲ့ စည်းကမ်းဥပဒေများအောက်က

မ-ဘ-သ ရဲ့ သြဝါဒအောက်က

စည်းကမ်းပြည့်ဝလှတဲ့

မြန်မာ့နည်း မြန်မာ့ဟန်

အမျိုးသားရေးမာန်နဲ့

နာဇီဟန်အပြည့်

‘Disciplined Democracy’ မှာကျ

အတိုက်အခံ ဒီမိုကရေစီပါတီကြီးကအစ

မဲဆွယ်ပိုစတာဆိုင်းဘုတ်များမှာ

လူမျိုး၊ ဘာသာတွေ ရှေ့တန်းတင်လို့ပါ့လား..။

လူထုနဲ့ တန်တဲ့ အစိုးရ၊ စနစ်ပဲ

ရသတဲ့လား..

ဈေးပေါင်ကျိုး ဒီစကား

ငါ အင်မတန် မုန်းခဲ့..။

လူထုကို မှိုင်းတိုက်နေတဲ့

ရေပေါ်ဆီ လူတစုကိုသာ

ငါ ဖိထောင်းချင်ရဲ့..။

ငါ လိုချင်တာ

ဘာသာနဲ့လူမျိုး မပါတဲ့ တိုင်းပြည်..။

ငြိမ်းချမ်းအေး

 

စက်တင်ဘာ ၁၁၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts