မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – “ မြို့ နယ်စည်းရုံးရေး ကော်မတီရဲ့  ဆုံးဖြတ်ချက်(သို့)ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ”

(၂၀၀၅ ခုနှစ်က ဦးလွင်နဲ့ ဦးအောင်ရွှေတို့ ဓာတ်ပုံ၊ ဧရာဝတီဝက်ဆိုက်)


အုန်းနိုင် – “ မြို့ နယ်စည်းရုံးရေး ကော်မတီရဲ့  ဆုံးဖြတ်ချက်(သို့)ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ”

၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ခြင်း (၁၈)

(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၅

မြို့ ပြန်ရောက်တော့ မြို့ နယ်စည်းရုံးရေးကော်မတီ အစည်းအဝေးလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပယ်တဲ့ ကိစ္စကို ဆွေးနွေးကြပါတယ်..။ အဲဒီအချိန်မှာ ကျနော့်ပေါင်က အခြေအနေအတော်ဆိုးနေပါတယ်..။ ထိုင်လို့မရ..ထလို့မရ..။ မတ်တပ်အနေအထားနဲ့ အိပ်နေတဲ့အနေအထားက အသက်သာဆုံးအနေအထားမို့ ဆွေးနွေးပွဲမှာ ကျနော်က တုံးလုံးလှဲရင်လှဲ..၊ မတ်တပ်ရပ်ရင်း ဆွေးနွေးရင် ဆွေးနွေးဖြစ်နေပါ တယ်..။ အဲဒီအချိန်မှာ ဒေါ်စုကို အဖွဲ့ချုပ်က ထုတ်ပြန်တဲ့အကြောင်း ကြေညာတဲ့ ကြေညာချက်(၃/၉၁)ကိုလည်း ရရှိပြီမို့ ဒီစာကိုပါ ထည့်သွင်းဆွေးနွေးရပါတယ်..။

ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပယ်ရတဲ့အကြောင်း ရှင်းလင်းတဲ့ကြေညာချက်မှာ ရွေးကောက်ပွဲကော်မရှင်က ဦးအောင်ရွှေနဲ့ ဦးလွင် တို့နှစ်ယောက်ကို လူကိုယ်တိုင်ခေါ်ပြီး ပြောတယ်လို့ ပါပါတယ်..။ သူတို့ကို ပြောရာမှာ န၀တ အတွင်းရေးမှူးက သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားချက်များ အရ ဒေါ်အောင်ဆန်းစုကြည်သည် နိင်ငံတကာအဖွဲ့အစည်းများနဲ့ ဆက်သွယ်ခဲ့ကာ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းသူများနဲ့ အဆက်အသွယ်ရှိတာတွေကြောင့် အရေးယူအပြစ်ပေးနိုင်ကြောင်း.. ။ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုလည်း ဖျက်သိမ်းပစ်နိုင်ကြောင်း..၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဆက်လက်တည်ရှိနေချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့မှ ထုတ်ပယ်ရမည်ဖြစ်ကြောင်း  ၊နှုတ်အားဖြင့် ခေါ်ယူသတိပေးကြောင်း..၊ ဒါကြောင့် (၁၁.၁၂.၉၁)နေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့  ဆွေးနွေးစဉ်းစားကာ ဒေါ်အောင်ဆန်းစုကြည်အား ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တယ်…။ (၁၂.၁၂.၉၁) နေ့မှာ ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြား ခဲ့တယ်..။လို့ ပါရှိပါတယ်..။

ကျနော်ရန်ကုန်က ကြားခဲ့တဲ့ အထဲမှာတော့ ဗဟိုအလုပ်အမှုဆောင်ဟာ ဒေါ်စုကို ထုတ်ပယ်ကြောင်း ကော်မရှင်ကို အကြောင်း ကြားခဲ့ပေမဲ့  အဖွဲ့ အတွင်းမှာတော့ ဘယ်သူ့ကိုမှ မပြောပဲ ကြိတ်ကြိတ်ကလေး နေခဲ့တယ်..။ ဗဟိုဦးစီးအဖွဲ့ဝင်တွေကိုတောင် တစုံတရာ မသိစေရဘူး..။ တရားဝင်အသိပေးဖို့ ဆိုတာ ဝေးရောတဲ့.. ။ကော်မရှင်က ၁၆ရက်နေ့ ကြေညာလိုက်မှပဲ အကုန်သိကုန်ပြီး..ဆူပွက်ကုန်တာတဲ့…။

ကျနော်တို့မြို့ နယ် ကော်မတီမှာ ဆွေးနွေးကြတဲ့အခါ ကော်မရှင်က စာနဲ့ပေနဲ့ တိတိကျကျညွှန်ကြားတာလည်း မဟုတ်.. ။နှုတ်နဲ့ ခေါ်ပြောတာပဲ ရှိတယ်.. ။ပြီးတော့ အောက်မှာ စီစီလို့ ခေါ်တဲ့ ဗဟိုဦးစီးအဖွဲ့ရှိသေးတယ်..။ ဒါကို ချပြရမယ်..။ ဦးအောင်ကြီးကိစ္စတုန်းက စီစီ အဆင့် မဲခွဲပြီးမှ ဆုံးဖြတ်တယ်..။ အခု..စီစီတောင် ချမပြပဲ..ဗဟိုအလုပ် အမှုဆောင်က ကြိတ်ပြီး ဆုံးဖြတ်လိုက်တယ်ဆိုတာ လွန်လွန်းတယ်..။ စီအီးစီဟာ တာဝန်မဲ့လွန်းတယ်..လို့ အားလုံးယူဆကြပါတယ်..။ စီစီကို ချပြရင် ကန့်ကွက်ချက်တွေနဲ့ တွေ့ပြီး မဲခွဲနေရရင် အဆုံးအဖြတ်မကျမှာ စိုးရိမ်နေပုံရတယ်..။ ဒီလို ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ပစ်ဖို့ နှောင့်နှေးမှု ရှိနေမှာကို ဗဟိုအလုပ်အမှုဆောင် ကိုယ်တိုင်ကကို စိုးရိမ်နေပုံရပါတယ်..။ ဒါဟာ ရုတ်တရက် ကော်မရှင်က ခေါ်ပြောမှဖြစ်လာတဲ့ ပြသနာမဟုတ်ဘူး.. ။အောက်ခြေမြို့ နယ်တွေက အမျိုးမျိုးကန့်ကွက်နေတဲ့ ကြားက ဗဟိုအလုပ်အမှုဆောင်မှာ အချိန်တော်တော်ကြာကတည်းက ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပစ်ပယ်ရေး လမ်းစဉ်ဘဲ..။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ မြို့ နယ်က လက်မခံနိုင်ဘူးလို့ အားလုံးသဘောတူကြတယ်..။

ဒါပေမဲ့  ကျနော်တို့မြို့ နယ်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့  ဆုံးဖြတ်ချက်ကို လက်မခံဘူးဆိုတာကိုတော့ ဗဟိုကို ပြန်လည်တင်ပြမနေတော့ဘူး..။ ဒီလို ပြန်လည်တင်ပြလောက်အောင် ဗဟိုအလုပ်အမှုဆောင်ဟာ မထိုက်တန်တော့ဘူး..။စိတ်လည်းမချရတော့ဘူး..။ဒီလိုတင်ပြရင် ဗဟိုဆန့်ကျင်တဲ့ မြို့ နယ်အဖြစ် အာဏာပိုင်တွေကို အကြောင်းကြားပြီး အရေးယူခိုင်းတာမျိုးတောင် လုပ်ချင်လုပ်တော့မှာ..။ ဒီကိစ္စကို တပြည်လုံးအတိုင်းအတာအနေနဲ့ ဘယ်လိုတုန့်ပြန်ကြဦးမယ် မသိသေးတော့ တခြားမြို့ နယ်အောက်ခြေအဖွဲ့ တွေနဲ့အဆက်အသွယ်ရှိဖို့အတွက် မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးကိုတော့ ဆက်ဖွင့်ထားမယ်.. ။ဒေါ်အောင် ဆန်းစုကြည်ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ဘဲ ဆက်ဖွင့်မယ်..။ ဦးအောင်ရွှေဦးဆောင်တဲ့ အဖွဲ့ချုပ်မဟုတ်ဘူးလို့ အားလုံးသဘောတူဆုံးဖြတ်ကြပါတယ်..။ ဒီလို ဆုံးဖြတ်ရပေမဲ့ စိတ်ကတော့ မကောင်းကြပါဘူး ။ရွေးကောက်ပွဲကြီးမှာ အနိုင်ရအောင် စည်းစည်းရုံးရုံးနဲ့ သီးခံပြီး လုပ်ခဲ့ကြလို့ ပြည်သူလူထု တခဲတနက် ထောက်ခံထားတဲ့ အဖွဲ့ ကြီးကို ဒီလူတသိုက်ကြောင့် နောက်ခိုင်းလိုက်ကြ ရမှာကိုတော့ မလိုလားကြပါ..။

(အပိုင်း၁၉..တော်တဲ့သူက နော်ဗယ်ဆုရတယ်..ကို ဆက်ပါမယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts