ကိုယ့်အထင်နဲ့ ကိုယ်မှာ
ကိုယ့်ကုတင်က
ခြေတချောင်းပြတ်….
ရွှေနန်းထက် ရောက်ဖို့ထက်
သေပန်းမပျက်ဖို့ကိုပဲ စိတ်ဝင်စားမိတယ်….
မှန်ကို ကြည့်ရင်း
ရေပြင်ကို ငေးရင်း
ကိုယ့်အတွေး ကိုယ်ကြည့်ငေးရင်း
ဖြေးဖြေးချင်း ဆွဲမိတဲ့ကောက်ချက်မှာ
ကြောက်မက်စရာ ကြက်ခြေခတ်တွေက ပြည့်လို့ ..
နေ့ဖို့ချန်ထားတဲ့ ညစာမှာ
အသားပါမလား ငါးပါမလား
တရားပါမလား ဓါးပါမလား
အမှားပါမလား မြားပါမလား….
မျှားနေတဲ့ စိတ်ကူးထဲမှာ
စံပယ်တွေဖူးလို့ ပွင့်ချိန်တန်လှပေါ့….
ခေါင်းတမော့မော့နဲ့ 
လူတွေ လူတွေလို့ ကြွေးကြော်လိုက်တိုင်း
ကိုယ်ဘာကောင်လဲလို့  တွေးခေါ်မိတတ်ပြီ….
လူဟာ
လူသာမို့ 
လူလို့ 
ပီပီသသ
တလုံးတည်း ရေးချချင်ပါတယ်…..
ဆောင်းယွန်းလ..