(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၅
အတွေးအမြင်၊အမှတ် ၂၀၉၊ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။
၂၀၀၉ ခုနှစ်၊ မတ်လတွင်ကျင်းပသော ဒုတိယအကြိမ် ထေရဝါဒတက္ကသိုလ်များအသင်းကြီး၏ ညီလာခံသို့ သီတဂူဆရာ တော်ကြီး၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှ စာရေးဆရာ (၃၀) ကျော်တို့သည် မှန်လုံကားကြီးဖြင့် သွားရောက်ကြသည်။ ကားပေါ်တွင် ဆရာမောင်စိုးထိုက် (သုံးဆယ်) နှင့် ရှေးကပြုလုပ်ခဲ့သည့် စာရေးဆရာများ၏ ပြဇာတ်များအကြောင်းကို စကားစပ်မိသည်။ နတ်သျှင်နောင်၊ မြဝတီမင်းကြီး ဦးစ၊ ဦးပုညနှင့် တောင်သမန်လယ်စား မောင်ဖေငယ် ပြဇာတ်တို့အကြောင်း ဖြစ်၏။ အဓိကဇာတ်ဆောင်များမှာ ဆရာသုခနှင့် ဆရာရွှေညာမောင်တို့ဖြစ်ကြောင်း၊ သူတို့နှစ်ဦးသာ အဓိကဇာတ်ဆောင် နေရာမှ တစ်လှည့်စီ ပါဝင်ကပြခဲ့ရကြောင်း၊ ထိုစဉ်က စာရေးဆရာမရှားသဖြင့် မင်းသမီးမေနွဲ့၊ သီတာခင်ထွေး စသည်တို့ကို အကူအညီတောင်း၍ ကခဲ့ကြရကြောင်း၊ တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်တွင် ဒိုင်းခင်ခင်နေရာ၌ နောင်အခါ ပထမဆုံး မြန်မာအမျိုးသမီးလေတပ်ဗိုလ်ဖြစ်လာမည့် မလှသန်း (တက္ကသိုလ်သက်နှံ) ကို အကူအညီတောင်း၍ ကခဲ့ရ ကြောင်း၊ ယခုခေတ် စာရေးဆရာများ ပြဇာတ်ကမည်ဆိုလျှင် မင်းသမီးတမျှလှပသည့် စာရေးဆရာမများပေါလွန်း၍ အလွန် အဆင်ပြေမည်ဟု ရောက်တတ်ရာရာများကို စကားလက်ဆုံကျခဲ့ကြပါသည်။
တလောက ဖိုင်တွဲအဟောင်းများတွင် စာရေးဆရာစိန်ခင်မောင်ရီရေးထားသည့် “တောင်သမန်လယ်စား မောင်ဖေငယ်ပြ ဇာတ်” ဆောင်းပါးကိုပြန်ဖတ်ရင်း စာရေးသူကြည့်ဖူးခဲ့သည့် တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်အကြောင်းကို ပြန်တွေးမိ၏။ ၁၉၅၂ – ၅၃ ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် “ တောင်သ မန်လယ်စားမောင်ဖေငယ်” ပြဇာတ်ကခဲ့ကြသည်။ ပန်းဆိုးတန်း ဝင်းဝင်းရုံတွင်ဖြစ်၏။ ဦးလေဖြစ်သူ ဒဂုံပဦးဘတင်ကြောင့် သွားရောက်ကြည့်ရှုခဲ့ရခြင်း ဖြစ်သည်။
တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်မှာ စာရေးဆရာမကြီး ဒဂုံခင်ခင်လေး၏ “ စာဆိုတော် ” နန်းတွင်းဝတ္ထုတော်ကြီးကို အဓိကကျောရိုးယူ၍ ကပြခြင်းဖြစ်သည်။ ဇာတ်လမ်းမှာ အများသိကြပြီးဖြစ်သည့် မောင်ဖေငယ်နှင့် ဒိုင်းခင်ခင်တို့၏ ဇာတ် လမ်းပင် ဖြစ်သည်။ မန္တလေးနေပြည်တော်ဝယ်မောင်ဖေငယ်သည် ဒိုင်းအတွင်းဝန်နှင့် ဝန်ကတော်တို့၏ မွေးစားသားအဖြစ် နေထိုင်လျက်ရှိရာ ဒိုင်းဝန်၏အိမ်တွင်ပင်ရှိသော အခြားမွေးစားသမီးဖြစ်သည့် ခင်ခင်ကြီးခေါ် ဒိုင်းခင်ခင်အား မေတ္တာ သက်ဝင်၍ ချစ်ခင်နေပုံ၊ ခင်ခင်ကြီးမှာ ငယ်လွန်းလှသေးသဖြင့် မောင်ဖေငယ်ကမပြောရက်ဘဲ အလိုလိုက်ကာ အကြိုက် ဆောင်ထားပုံ၊ ထိုအတွင်း မင်းတုန်းမင်းတရား မကျန်းမာဖြစ်ရာမှ ဆင်ဖြူရှင်မိဖုရားက မင်းတရားကြီး၏သားတော်များအား ဖမ်းဆီးချုပ်နှောင်ထားပုံ၊ သီပေါမင်းသားလေးကို လူပျိုတော် မောင်မောင်တုတ်က ကြေးတိုက်အတွင်းမှ ထမ်းထုတ်ခဲ့ပုံ၊ နောင်မင်းတရားကြီး နတ်ပြည်စံပြီး သီပေါမင်းသား ဘုရင်ဖြစ်လာပုံ၊ မောင်မောင်တုတ် တန်ခိုးထွားလာပုံ၊ မင်းညီမင်းသားများ အသတ်ခံရ၍ နန်းတွင်းရေးရှုပ်ထွေးလာပုံများ ပထမပိုင်းတွင်ကပြ၍ ဇာတ်ကိုပျိုးပြီး နောက်ထိုအချိန်တွင် အရှင် (၂) ပါး၏ အပျိုတော်ဖြစ်လာသော ဒိုင်းခင်ခင်အား သီပေါမင်း မျက်စိကျပုံ၊ မောင်မောင်တုတ်၊ မောင်ဖေငယ်တို့နှင့် တိုင်ပင်ပုံ၊ မောင်ဖေ ငယ်သည် မိမိချစ်နေသူဖြစ်သော်လည်း သူကောင်းစားလို၍တစ်ကြောင်း၊ အရှင်အပေါ်တွင် သစ္စာရှိစွာ အမှုထမ်းလို၍ တစ် ကြောင်း သီပေါမင်းစံရာ ပန်းခုံတော်အတွင်း၌ ဒိုင်းခင်ခင်အား ယောက်ျားလေးလိုဝတ်ဆင်စေကာ သီပေါမင်းထံ မကြာခဏ ပို့ပေးခဲ့ရပုံ။
ထိုအတွင်း မိဖုရားကြီးစုဖုရားလတ်က အကြောင်းစုံသိ၍ လက်ဦးမှုယူကာ မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့အား အ ကြောင်းရှာကာ ဖမ်းဆီးခဲ့ပုံ၊ ဒိုင်းဝန်နှင့် ဒိုင်းဝန်ကတော်ကြီးတို့ပါ သမီးဒိုင်းခင်ခင်နှင့်အတူ ဖမ်းဆီးခံရပုံ၊ ထောင်ထဲတွင် ရနောင်မောင်မောင်တုတ် သတ်သေသွားသည်ကို သတင်းပေါ်လာပုံ၊ မောင်ဖေငယ်အား မိုးကောင်းသို့ပို့လိုက်ပုံ၊ ဒိုင်းခင်ခင် အားလည်း သန္ဓေရှိလေသဖြင့် မင်းဆက်ပြတ်မည်ဟုဆိုကာ မသတ်သေးဘဲထားကြပုံ၊ နောက်ဆုံးတွင် ဒိုင်းခင်ခင်အား သတ်လိုက်ကြပုံ၊ မောင်ဖေငယ်အားလည်း ဗန်းမော်သို့ခေါ်သွားပြီး သတ်လိုက်ပုံ၊ မောင်ဖေငယ်သည် ချစ်သူနှမ ဒိုင်းခင် ခင်ကြီး သေသည်ကိုမသိရှာဘဲ “ချစ်ရသူ ခင်ခင်ငဲ့” ချီတေးထပ်ကိုရေးကာ သေပွဲဝင်သွားပုံ စသည်ဖြင့် ဇာတ်ကို အဆုံး သတ်ထားပါသည်။ အလွမ်းဖြင့် ဇာတ်သိမ်းထား၏ ။
စာရေးသူ မှတ်မိနေသည်မှာ နောက်ဆုံးဇာတ်သိမ်းခန်းဖြစ်သည်။ ဗန်းမော်ဝန်၏ တောင်စွယ်နေကွယ်လျှင် သတ်စေဟူသော အမိန့်အရ မောင်ဖေငယ်ကို မြို့ပြင်ထုတ်လာကြပုံ၊ တောင်စွယ်နေကွယ်မည့်အချိန်ကို စောင့်နေကြခိုက် မောင်ဖေငယ်အဖြစ် သရုပ်ဆောင်သူ ဆရာသုခက ပြောငိုအဖြစ် စကားပြောလိုက်၊ တေးထပ်များကိုဆိုလိုက်ဖြင့် သရုပ်ဆောင်ပုံ၊ တေးထပ်များ တွင် …
“မင်းဆိုသမျှ ကွင်းရှောင်မယ်၊ ထမင်းတောင် စားချင်ဘူးကွယ့်လေး” ဟူသည့် သီပေါမင်းအား စိတ်နာပုံတေးထပ်ကို ပြော လိုက်၊ ဆိုလိုက်ပြီး တောင်စွယ်တွင် နေကွယ်ပြီဖြစ်သောကြောင့် သေအံ့ဆဲဆဲတွင် သီချင်းတစ်ပုဒ်ကို နောက်ဆုံးဇာတ်သိမ်း အဖြစ် သီဆိုရသေးပုံ၊ ထိုသီချင်းမှာ “သက်လျာခင် ” ဟုဖြစ်ပြီး ရေးသူမှာ စာရေးဆရာအောင်လင်းဟု နောင်မှာသိရပါသည်။ တောင်စွယ်နေကွယ်သည့်အခန်း၌ တောင်စောင်းဝယ် နေလုံးနီနီရဲရဲကြီး တဖြည်းဖြည်းချင်းကျလာပုံဖြင့် ဆရာသုခ၏ သီ ချင်းသံကို မှိုင်းမှိုင်းညို့ညို့ လွမ်းဆွတ်ကြေကွဲဖြစ်အောင် ပြုလုပ်ထားသည်။ ယခုတိုင် မှတ်မိနေပါသေးသည်။
ဒိုင်းခင်ခင် မလှသန်းသီဆိုသော အလွမ်းသီချင်းတစ်ပုဒ်လည်းရှိသေးသည်။ စာရေးဆရာသန်းဆွေ ရေးသားပြီး စာဆိုမောင် မောင်လတ်က အသံသွင်းပေးသည်ဟု ဆိုသည်။ သီချင်းအမည်မှာ “တစ်ညချမ်းဝယ်” ဖြစ်သည်။ ဤပြဇာတ်တွင် စုဖုရား လတ်အား တစ်လင် တစ်မယားဝါဒ လက်ကိုင်ပြုသူအနေဖြင့် ဖော်ပြဖူးသည်။ ထိုအတွက် “စုဖုရားဝါဒ” ဟူသောအမည်ဖြင့် သီချင်းကို စာရေးဆရာ တက္ကသိုလ်ကြည်မာရေးပြီး မေနွဲ့က စုဖုရားလတ်အဖြစ်သရုပ်ဆောင်ရင်း သီဆိုရသည်။ နောင်အခါ ရုပ်ရှင်မင်းသားဖြစ်လာသည့် ဗိုလ်ဗကိုနှင့် မေနွဲ့တို့ နှစ်ပါးသွားဟန်သီဆိုသော “တစ်လင်တစ်မယားဝါဒ” သီချင်းကိုမူ စာ ရေးဆရာ သောတမောင်ကရေးသည်ဟု ဆိုပါသည်။ ဒဂုံခင်ခင်လေးကသမိုင်းမှ တကယ့်အဖြစ်အပျက်မှာ မူလပင်ကိုဇာတ် လမ်းအနေဖြင့် ဇာတ်နာသောဇာတ်လမ်းဖြစ်ရာ စာရေးဆရာများက ပြဇာတ်အသွင် တင်ဆက်ကပြကြသောအခါ လူကြိုက်များလှသည်။ဆက်တင်အခမ်းအနားကို ဆရာဒဂုံ၊ ဆရာတင်က ဝင်းဝင်းရုံ ဝိုင်းတော်သားများဖြင့် ပြင်ဆင်ပေးသည်ဟု ဆိုပါသည်။ သီပေါမင်းနှင့် ဒိုင်းခင်ခင်တို့တွေ့ကြသည့် ပန်းခုံတော်အခန်းမှာ ယခုတွေးကြည့်မိသောအခါ အလွန်သဘာဝကျ သည်ကို မှတ်မိနေပါသည်။
ဆရာစိန်ခင်မောင်ရီ ရေးထားသည့်ဆောင်းပါးတွင် ၁၉၅၂-၅၃ ခုနှစ်ခန့်က စာရေးဆရာအသင်းအမှုဆောင်အဖွဲ့တွင် နာ ယကအဖြစ်ဖြင့် သခင်ကိုယ်တော်မှိုင်း၊ ဆရာလင်း၊ ဦးဖေမောင်တင်၊ ဦးနု (ထိုစဉ်က ဝန်ကြီးချုပ်)၊ ဦးသိန်းဟန်နှင့် ဦးဝန် တို့ဖြစ်ကြောင်း၊ ဥက္ကဋ္ဌဇဝန၊ ဒု-ဥက္ကဋ္ဌ လှသမိန်၊ ရေနံမြေ ဒေါ်ခင်စု၊ အတွင်းရေးမှူး အောင်လင်း၊ တွဲဘက် စိန်ခင်မောင်ရီ၊ ငွေထိန်း လင်းယုန်နီ၊ စာရင်းစစ် တင်စိုး၊ အမှုဆောင်လူကြီးများမှာ တက္ကသိုလ်နေဝင်း၊ မင်းအောင်၊ မြင့်ဆွေ၊ ဒေါင်းနွယ်ဆွေ၊ သော်တာဆွေ၊ မြသန်းတင့်၊ ကြည်ကြည်ဝင်းနှင့် ရွှေပိန်သောင်း(ဥက္ကဋ္ဌဟောင်း ) တို့ဖြစ်ကြကြောင်း စာဆိုတောိဗဟိုကောင်စီ မှာ လက်မှတ်ရောင်းအဖွဲ့၌ ရေနံမြေ ဒေါ်ခင်စု၊ နတ်နွယ်၊ ခင်နွယ်တင်၊ ယုဝတီခင်ဦးတို့ဖြစ်ကြောင်း၊ ဟောပြောပွဲအဖွဲ့တွင် လှသမိန်၊ မြသန်းတင့်၊ အောင်လင်း၊ လင်းယုန်နီ၊ မျိုးမြင့်၊ ညိုညိုလေး၊ ခေတ္တရာဦးညွန့်ရွှေတို့ဖြစ်ကြောင်း၊ ပြန်ကြားရေးအဖွဲ့မှာ မြသွင်၊ သာဂဒိုး၊ ဝင်းမြင့်တို့ဖြစ်ကြောင်း တွေ့ရပါသည်။
ပြဇာတ်အဖွဲ့အတွက် ပြဇာတ်တာဝန်ခံမှာ ဥက္ကဋ္ဌ ဇဝန၊ ဇာတ်ညွှန်း မဟာဆွေ၊ သုခ၊ အောင်ဗလ၊ စိန်ခင်မောင်ရီ၊ ဒါရိုက်တာ သုခ၊ တွဲဘက် စိန်ခင်မောင်ရီ၊ ဇာတ်ခုံမှူး တက္ကသိုလ်နေဝင်း၊ တူရီယာတာဝန်ခံ အောင်လင်း၊ အဝတ်အစားတာဝန်ခံ ဝင်း မြင့်၊ အိုးဝေတင်အောင်၊ သယ်ယူပို့ဆောင်ရေးတာဝန်ခံ ဣန္ဒာနွယ်၊ ဝိုင်းတော်တီး စိန်နွဲ့အဖွဲ့၊ ကာလပေါ်တူရိယာအဖွဲ့ အေဝမ်းခင်မောင်အဖွဲ့၊ သန်းဆွေ (တက္ကသိုလ်)၊ သိန်းလွင်နှင့် ဆန်းအဖွဲ့သားများက ကူညီကြသည်ဟုဆိုသည်။ ပြင်ပအကူ အညီအတွက် အခမ်းအနားကို ဒဂုံဆရာတင်နှင့် ပန်းချီဘိတ်ကြည်၊ တင်လှတို့က ကူညီ၍ အဝတ်အစားအကူအညီအတွက် သက်နှင်းဘရားသား ရုပ်ရှင်ကုမ္ပဏီနှင့် တန်းမြင့်ရုပ်ရှင်ကုမ္ပဏီတို့က အကူအညီပေးကြသည်ဟု ဆိုပါသည်။
တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်တွင် ပါဝင်သူများစာရင်း၌ တောင်သမန်လယ်စားမောင်ဖေငယ်အဖြစ် သုခ၊ မောင်မောင်နွဲ့အဖြစ် ဇဝန၊ရနောင်မောင်မောင်တုတ်အဖြစ် ဝဇီရာ၊ သီပေါမင်းအဖြစ် ဗိုလ်ဗကို၊ ကင်းဝန်မင်းကြီးအဖြစ် ဒဂုံ ဦးစန်းငွေ၊ ခန်းပတ်မင်းကြီးအဖြစ် စိန်မင်းသား၊ ရွှေပြည်ဝန်ကြီးအဖြစ် ဣန္ဒာနွယ်၊ တိုင်တားမင်းကြီးအဖြစ် ငွေဥဒေါင်း၊ ဗန်းမော်ဝန်အဖြစ် ဦးစံလှထွန်း၊ ဒိုင်းအတွင်းဝန်အဖြစ် ဦးခင်မောင်လတ်၊ ဗိုလ်မှူးများအဖြစ် ဒဂုံငမောက်နှင့် ညိုညိုလေး၊ နန်းတွင်းစစ်သည်တော်များအဖြစ် တက္ကသိုလ်စန်း၊ ပေတိုး၊ တက္ကသိုလ်မြင့်မောင်နှင့် နန်းငွေ၊ အရပ်သားများအဖြစ် လင်း ယုန်နီ၊ အောင်လင်း၊ ကြည်မျိုးလွင်၊ ဝင်းမြင့်၊ နေဝင်း၊ တက္ကသိုလ်ချစ်ဆွေတို့က သရုပ်ဆောင်ကြသည်။ ဒိုင်းခင်ခင်အဖြစ် မလှသန်း (တက္ကသိုလ်သက်နှင်း)၊ ဒိုင်းဝန်ကတော်အဖြစ် ဒေါ်ခင်မျိုးချစ်။ ဆင်ဖြူမရှင်အဖြစ် သီတာခင်ထွေး၊ စုဖုရားလတ် အဖြစ် မေနွဲ့၊ စုဖုရားလေးအဖြစ် တက္ကသိုလ်ကြည်မာတို့က ပါဝင်သရုပ်ဆောင်ကြသည်။
စာရေးဆရာပြဇာတ်တွင် ပါဝင်ကပြကြသူ စာရေးဆရာများသည် ဇာတ်ခုံကိုစိမ်းမနေဘဲ မိမိတို့ကျရာအခန်းကို နိုင်နိုင်နင်း နင်း ကပြကြသူများဖြစ်သည်။ ပြဇာတ်တိုင်း ဝန်ကြီးနေရာကို ကန်ထရိုက်ယူထားသကဲ့သို့ နှစ်စဉ်ပင် ဝန်ကြီးလုပ်ရသူ ဒဂုံ ဦးစန်းငွေ၊ ငွေဥဒေါင်းနှင့် ဒဂုံရွှေမျှား၊ စိန်မင်းသား၊ ဣန္ဒာနွယ်တို့သည် ဝန်အထာကျအောင် ကပြနိုင်သူများဖြစ်သည်ဟု ဦး လေးတင် (ဒဂုံပဦးဘတင်) က ပြောပြပါသည်။ ကပြကြရသည်မှာ ရာဇဝင်ဇာတ်ဖြစ်သော်လည်း ပြဇာတ်အဖြစ်ကရခြင်း ဖြစ်၏။ ဇာတ်ဟန်လည်းမပါစေဘဲ သဘာဝထက် အနည်းငယ်သာသာကဲကဲကလေး သရုပ်ဆောင်ကြရလေရာ စာရေးဆရာ များသည် တတ်နိုင်ကြပါပေသည်။ စာပေဟောပြောနေကျဖြစ်သဖြင့် စကားပြောအခန်းများတွင် စာရေးဆရာများသည် ပီပီသသ၊ ခန့်ခန့်ညားညား ပြောနိုင်ကြလေသည်။ မောင်ဖေငယ်အဖြစ်သရုပ်ဆောင်သော သုခအနေဖြင့် နဂိုက ရုပ်ရှင်မင်း သားဖြစ်ရာ အထူးပြောဖွယ်ရာ မရှိတော့ချေ။ ရုပ်ရည်အားဖြင့် အားနည်းနေသည်ကိုသာ (မင်းသားရုပ်မပေါက်သည်ကို ဆိုလိုခြင်း ဖြစ်သည်) ပြောစရာ ရှိသည်။ မင်းသား၏လက်စွဲ လူရွှင်တော်အဖြစ် သရုပ်ဆောင်ရသောဇဝနသည် မောင်ဖေငယ် ပြဇာတ်တွင် သူငယ်ချင်းမောင်မောင်နွဲ့အဖြစ် ကပြရလေရာ ဆရာ၏ ခေတ်နှင့်ယှဉ်သော ဟာသသောလုံးများကြောင့် ပရိ သတ်မှာ တဝါးဝါးရယ်နေကြရသည်။ ရနောင်မောင်မောင်တုတ်အဖြစ်သရုပ်ဆောင်သော ဝဇီရာသည် အသားဖြူဖြူ၊ အရပ် ထောင်ထောင်မောင်းမောင်း ၊ ရုပ်ရည်ချောမောသူဖြစ်၍ နန်းဝတ်နန်းစားနှင့် အလွန်လိုက်ဖက်၍ ကြည့်ကောင်းလှသူဖြစ်သည်။ ရနောင်မောင်မောင်တုတ်၏ စရိုက်အတိုင်း ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း သရုပ်ဆောင်ရသည်။ ဆရာဇဝနက နိုင်ငံရေးပြက်လုံး၊ ခေတ်ပြက်လုံး၊ ဟိုဆော် သည်ဆော်ပြက်လုံးများဖြင့် ပရိတ်သတ်ပွဲကျအောင် သရုပ်ဆောင်သွားသည်။ သီပေါမင်းအဖြစ် သရုပ်ဆောင်သူမှာ ဗိုလ်ဗကို ဖြစ်သည်။ နဂိုက စကားပြောကောင်းလှသူဖြစ်သဖြင့် လူထုအောင်သံ ရုပ်ရှင်မင်းသား ဖြစ်ရာမှ နောက်ပိုင်းတွင် တကယ့်ရုပ်ရှင်မင်းသား ဖြစ်သွားလေသည်။
စာရေးသူအနေနှင့် ဤပြဇာတ်နှင့်ပတ်သက်၍ အထူးပြောချင်သည်မှာ ဦးခင်မောင်လတ်နှင့်ဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံ ပါဝင်သရုပ်ဆောင်ထားကြခြင်းဖြစ်သည်။ သူတို့အနေဖြင့် ပြဇာတ်သရုပ်ဆောင်ခြင်းနှင့် ပြဒါးတလမ်း၊ သံတလမ်း ဖြစ်ကြသည်။ သို့သော် တတ်သည့်ပညာမနေသာဆိုသည့်အတိုင်း ကူညီကြရလေရာ ဒေါ်ခင်မျိုးချစ်တို့မောင်နှံ၏ သရုပ်ဆောင်မှုများကို ယခုအထိ မျက်စိထဲတွင် မြင်ယောင်နေပါသည်။ ဒိုင်းဝန်ကတော်ကြီးမှာ မီးယပ်ကျိုးကျိုးနေသူဖြစ်ရာ လမ်းလျှောက်လျှင် ထော့နင်းထော့နင်းဖြင့် အတွဲဖြင့် လျှောက်ရပါသည်။ ဒေါ်ခင်မျိုးချစ်ကလည်း ဤပုံစံဖြင့် သရုပ်ဆောင်သွားလေရာ လူတိုင်း သဘောကျကြသည်။ ဦးခင်မောင်လတ်ကလည်း ဤပြဇာတ်တွင် ငိုချင်းတပုဒ်ပင် သီဆိုပြသွားသေးသည်။ ဒိုင်းဝန်က တော်၊ သမီး ဒိုင်းခင်ခင်နှင့် မောင်ဖေငယ်တို့ အဖမ်းခံရစဉ် သီဆိုရခြင်းဖြစ်ရာ…
“ … သက်ရွယ်တော်ကြီး၊ စိတ်ပုတီးနဲ့…စံရိပ်ကြီးပျော်မယ်၊ ကြံစည်ရည်မှန်း ကြမ္မာနွယ်ပြီး… ”
စသည်ဖြင့် ရင်ထုပြီး ငိုချင်းကို ပိုင်ပိုင်နိုင်နိုင် ဆိုသွားလေရာ ပရိတ်သတ်အလွန်ပွဲကျပါသည်။ ဤနေရာတွင် ဒိုင်းဝန်ကြီးအဖြစ် အခြားသူသရုပ်ဆောင်က ဤမျှသဘောကျမည်မဟုတ်ဟုထင်ပါသည်။ ဦးခင်မောင်လတ်လိုလူမျိုးက သရုပ်ဆောင်ပြီး ငို ချင်းကို ပိုင်ပိုင်နိုင်နိုင် ချသွားလေသောကြောင့် သဘောကျကြခြင်း ဖြစ်ပါသည်။
စာရေးသူတို့နှင့်အတူ ပွဲကြည့်နေသောစာရေးဆရာမကြီး ဒဂုံခင်ခင်လေးက…
“သူတို့လင်မယား ဒိုင်းဝန်နှင့် ဒိုင်းဝန်ကတော်အဖြစ်ကသွားကြတာ သူတို့ဟာ ဒိုင်းဝန်လင်မယားနှင့် ဆွေမျိုးတော်တယ် ဆိုတာ သိမှသိကြပါရဲ့လား ” ဟု ပြောသွားပါသည်။ ဤစကားနှင့်ပတ်သက်ပြီး နောင်ဆယ်နှစ်ကျော်ကျော်အကြာမှ ဦးဝိစာရ လမ်း၊ အင်ဗွိုင်းခန်းမတွင် စိန်မဟာသဘင်က ဤဇာတ်လမ်းကို ပြန်ကကြသောအခါမှ အန်တီခင် (ဒဂုံခင်ခင်လေး) က စကားဆက်၍ ပြောပြပါသည်။
“ဘိုးတော်ဘုရားလက်ထက်ကစပြီး ဘကြီးတော်လက်ထက်တိုင်အောင် မင်းခစားဖြစ်ကြတဲ့ ဦးကျော်ခေါင်နှင့် ဦးကျော်ရွေး ဆိုတဲ့ ညီအစ်ကိုရှိကြတယ်။ ဦးကျော်ခေါင်ဟာ ဘိုးတော်ဘုရားလက်ထက်မှာ သန်လျင်မြို့စားဝန်ကြီးဖြစ်တယ်။ ဘကြီးတော် ဘုရားလက်ထက်ကျတော့ သတိုးမင်းကြီး မဟာမင်းခေါင်ကျီဝန်ကြီး ဖြစ်တယ်။ သူ့ညီ ဦးကျော်ရွေးကတော့ ဘိုးတော်ဘုရား လက်ထက်မှာ ဟံသာဝတီ (၃၂) မြို့ဝန်ဖြစ်ခဲ့တယ်။ ဘိုးတော်ဘုရားက အထူးသဒ္ဓါတော်မူလို့ ဦးကျော်ရွေးကို တိုက်ဆင် အစီး (၆၀)၊ (၃) ဆက်အိမ်ကြီးနှင့်တကွ ရန်ကုန်မြို့မှာ တခမ်းတနားနေထိုင်စေတယ်။ မင်းလှအနော်ရထာ ဘွဲ့လည်းရတယ်။ ဘကြီးတော်ဘုရားလက်ထက်ကျတော့ ဦးကျော်ရွေးကို လက်ဝဲတော်စစ်သူကြီးနေရာမှ သတိုးမင်းလှ အနော်ရထာ ဘွဲ့အ မည်နဲ့ ဝန်ကြီးအရာပေးတယ်။ ဦးကျော်ရွေးရဲ့သမီးအကြီးကို တောင်ဆောင်တော်မိဖုရားမြှောက်ပြီး သမီးအငယ်ကို သီရိရ တနာဘွဲ့အမည်နှင့် မိဖုရားအရာမှာ ထားတယ်”
“အမှန်တော့ သူတို့ညီအစ်ကိုဟာ ဘကြီးတော်ဘုရားနဲ့ သွေးသားမကင်းဘူး။ ဘိုးတော်ဘုရားရဲ့ အလယ်နန်းတော် မိဖုရား ကြီး မယ်လွန်းပုမှာ အစ်မဝမ်းကွဲ ဒီပဲယင်းမြို့နယ်၊ ဟင်္သာရွာဇာတိ၊ မယ်ဆုံကြီးဆိုတာရှိတယ်။ ဘိုးတော်ဘုရား မကောင်း စားခင်က အတူလာပြီး အေးအတူပူအမျှ ဒုက္ခ၊ သုခ မျှဝေခံစားပြီး ပြုစုလုပ်ကျွေးခဲ့တာကလား။ ဘိုးတော်ဘုရားဟာ မယ် ဆုံကြီးကို သွေးရင်းသားရင်းပမာ အားကိုးတော်မူရှာတယ်။ မယ်ဆုံကြီးရဲ့ သားနှစ်ယောက်ဟာ ဦးကျော်ခေါင်နှင် ဦးကျော် ရွေးပဲ။ ကျီဝန်ကြီး ဦးကျော်ခေါင်ရဲ့ သားတယောက် ဦးမောင်ကလေးဆိုတာ မင်းတုန်းမင်းတရားကြီးလက်ထက်မှာ လောင်း ရှည်မြို့စား ဝန်ကြီးဖြစ်လာတယ်။ ကျီဝန်ကြီး ဦးကျော်ခေါင်ရဲ့သမီးတယောက်ကတော့ မင်းတုန်းမင်းတရားကြီးလက်ထက် တော်က ဗန်းမော်မြို့ဝန် အတွင်းဝန် ဦးဖိုးရဲ့ ဝန်ကတော်ကြီးပဲ။ ဗန်းမော်မြို့ဝန် အတွင်းဝန် ဦးဖိုးကလည်း မင်းတုန်းမင်းရဲ့ ခုနစ်ရွာ မိဖုရားကြီးနဲ့မောင်နှမလေ”
“ဗန်းမော်မြို့ဝန်၊ အတွင်းဝန် ဦးဖိုးနဲ့ ဝန်ကတော်ကြီးတို့မှာ ဗန်းမော်ခင်လေးကြီးဆိုတဲ့ သမီးတယောက်ရှိတယ်။ ပါတော်မူသွား တော့ သူ့အဒေါ်ခုနစ်ရွာ မိဖုရားကြီးနှင့် ရန်ကုန်ကိုပါလာတယ်။ ရန်ကုန်မှာ ကျောက်စာစာရေးကြီးဦးဖေနှင့် လက်ဆက်တယ်။ သူတို့ရဲ့သားရာဇဝတ်ဝန်ထောက် ဦးတော်ဆိုတာ ဒေါ်ခင်မျိုးချစ်ရဲ့အဖေ။ ကျီဝန်ကြီး ဦးကျော်ခေါင်ကတော်ရဲ့ မောင်မှာ သားတယောက်၊ သမီးတယောက်ရှိတယ်။ သားက ဧနက်ပလာဆင်ဝန်ကြီး ဦးဖိုးတင်လို့ဖြစ်လာတယ်။ သမီးကတော့ ဒိုင်း အတွင်းဝန် ဦးဖိုးကြီးရဲ့ကတော် ဒိုင်းဝန်ကတော်ကြီးပဲ။ ဒိုင်းဝန်လင်မယားဟာ သားသမီးမရှိတော့ ဝန်ကတော်ကြီးရဲ့ မောင် ဧနက်ပလာဆင်ဝန် ဦးဖိုးတင်ရဲ့ သမီးကို ခေါ်မွေးစားလို့ ဒိုင်းခင်ခင်ကြီးလို့ ဖြစ်လာတယ်”
“ဒီတော့ ဒေါ်ခင်မျိုးချစ်ဟာ သူ့အဘွား ဗန်းမော်ခင်လေးကြီးရဲ့ ဒိုင်းဝန်ကတော်အဖြစ်နဲ့ ပြန်သရုပ်ဆောင်ရတာပေါ့” ဟူ၍ ပြောပြခဲ့ပါသည်။