![]()  | 
| Photo – Myanmar Now, Sai Zaw | 
တူမောင်ညို – ရေဘေးဒုက္ခနဲ့ မုန်တိုင်းထဲက ပြည်သူများ သို့
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၅ 
ရေကြီးမှုနဲ့အတူ ကြီးကြီးမားမားမြင်တွေ့ရတာကတော့ ပြည်သူတွေအချင်းချင်းအကြားက ရိုင်းပင်းမှုနဲ့စာနာကူညီမှုပဲဖြစ်ပါ တယ်။ ဒါ့အပြင် နောက်ထပ်ကြီးကြီးမားမားမြင်တွေ့ရတာ တစ်ခုကတော့ စစ်တပိုင်းအစိုးရရဲ့ ညံ့ဖျင်းနုံချာမှုပဲဖြစ်ပါတယ်။
ပြည်သူများဘက်ကပြောရလျှင် ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာတယ်လို့ပဲ ပြောရတော့မှာပါ။ မိုးရွာတော့ ရေကြီးတယ်။ ရေကြီးတာက နှစ်ပေါင်း တစ်ရာကျော်ကာလအတွင်း အဆိုးဝါးဆုံးရေကြီးမှုကြီး၊ ဒါ့အပြင် ကိုမန်မုန်တိုင်းက ဝင်မွှေလိုက်ပြန်ပါသေးတယ်။ မစိုးရိမ်ရပါဘူး အကြိမ်ကြိမ်ပြောပြီး လူမသိသူမသိကြိုတင်အသိပေးမှုမရှိဘဲ ဆည်ရေဖောက်ချလိုက်တော့ ပြည်သူများအဖို့ဒုက္ခ ပင်လယ်သာမက ဒုက္ခသမုဒ္ဒရာကြုံရပါတော့တယ်။ ညကြီးမင်းကြီး အဝတ်တတည်ကိုယ်တစ်ခု အသက်လုပြီး ရေဘေးလွတ်ရာကို ထွက်ပြေးကြရပါတယ်။
ရေကြီးမှုနဲ့အပြိုင်ကြီးမားမြင့်တက်လာတာတစ်ခုကတော့ အခြေခံစားသောက်ကုန်ဈေးနှုန်းများပင်ဖြစ်ပါတယ်။
အထူးသဖြင့် ရေဘေးနဲ့မုန်တိုင်းဘေးဒုက္ခကျရောက်တဲ့ ဒေသများမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ (ဆန်၊ ခေါက်ဆွဲခြောက်၊ ရေသန့် စတဲ့) အခြေခံစားသောက်ကုန်များ အဆမတန် ဈေးတက်ကုန်ပါတယ်။ လမ်းတံတားတွေ ရေထဲမျောပါ ပျက်စီးကုန်တဲ့အတွက် လမ်းပမ်း ဆက်သွယ်ရေးပြတ်တောက်ကာ ထိုကုန်ပစ္စည်းများမှာ ရှားပါးရုံမျှမက လုံးဝပြတ်လပ်သွားတဲ့ အခြေသို့ ဆိုက်ရောက်သွားခဲ့ရပါ တယ်။ ဒါ့အပြင်သုံးရေသောက်ရေသန့် မရရှိမှုရဲ့နောက်ဆက်တွဲပြဿနာများဖြစ်တဲ့ ဝမ်းလျောဝမ်းပျက်အစရှိတဲ့ ရောဂါများအန္တရာယ် ကလည်း အချိန်မရွေးခြိမ်းချောက်နေပါတယ်။
ဤသည်တို့မှာ လောလောဆယ်ရင်ဆိုင်နေရသော ကိစ္စများဖြစ်ပါတယ်။
ရေဘေးနဲ့မုန်တိုင်းဒဏ် ထိခိုက်မှုအဆိုးဝါးဆုံးခံရတဲ့ ဒေသတွေကတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မိုးကောင်း၊ ကောလင်း၊ ဝန်းသို၊ ကလေးမြို့နယ်များ၊ ချင်းပြည်နယ်ရှိမြို့နယ်အားလုံး၊ ရခိုင်ပြည်နယ်မှမြို့နယ်အားလုံးနှင့် မကွေးတိုင်း ဒေသကြီးမှ ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့ဖြစ်ပါတယ်။
ကနဦးပေါ်ထွက်လာနေတဲ့စာရင်းများအရ အိမ်ထောင်စုပေါင်း နှစ်သိန်းခုနစ်သောင်းကျော်ရေဘေးဒုက္ခကြုံခဲ့ရပြီး၊ ၆၉ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ စပါးအပါအဝင်သီးနှံစိုက်ဧက တစ်သန်းကျော် (၁၁၇၀၃၇၄ – ဧက) ရေနစ်မြုပ်ပျက်စီးခဲ့ရပြီး ဧက တစ်ထောင် ကျော် (၁၈၃၇ – ဧက)သာ ပြန်လည်စိုက်ပျိုးနိုင်တယ်လို့ဆိုပါတယ်။ ဒီစာရင်းတွေက ဆက်လက်တိုး များလာနေဦးမယ့် သဘောရှိ နေပါ တယ်။
စိုက်ပျိုးသီးနှံများ အများဆုံးထိခိုက်ပျက်စီးခဲ့ရတဲ့ဒေသတွေကတော့ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊စစ်ကိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် စပါးသီးနှံတွေ ရေမြုပ်ပျက်စီးသွားခဲရတဲ့အတွက် စပါးထွက်ကျဆင်းသွားမှာဖြစ်ပြီး နောင်နှစ်မှာ ဆန်ရှားပါးပြတ်လပ်မယ့် ဘေးအန္တရာယ်ရှိနေတာကို မြင်နေရပါတယ်။
“သဘာဝဘေးအန္တရာယ်ကို တားဆီး၍မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင် ရွက်သွားနိုင်တယ်” လို့ သမ္မတဦးသိန်းစိန် ဘယ်လိုပင်ပါးစပ်က ပြောနေပေမယ့်၊ ရေကြီးမှုနဲ့အတူ ပြည်သူတွေ သိမြင်နားလည် သဘော ပေါက်သွားတဲ့ အထင်အရှားမြင်နိုင်တဲ့ အချက်တစ်ခုကတော့ သမ္မတဦးသိန်းစိန် စစ်တပိုင်းအစိုးရရဲ့ ညံ့ဖျင်းနုံချာတဲ့ အရေးယူဆောင် ရွက်နဲ့စီမံခန့်ခွဲမှုတို့ပဲဖြစ်ပါတယ်။
ဗဟိုအစိုးရကနေ အောက်ခြေမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ တကယ်တန်းကြိုတင်စီမံဆောင်ရွက်ထားရမယ့် အရာမှာ ဒေသအလိုက် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ ကြိုတင်ပြင်ဆင်ထားမှုနဲ့ ကယ်ဆယ်ကူညီမှုအစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒါတွေလုံးဝ မရှိခဲ့ဘူးဆိုတာကို အခုလက်ရှိရေကြီးမှုနဲ့မုန်တိုင်းဒဏ်ခံခဲ့ကြရတဲ့ မြို့ရွာဒေသတိုင်းမှာ အထင်အရှားတွေ့မြင် နိုင်ပါတယ်။
စစ်တပိုင်းအစိုးရဟာ ကြိုတင်ပြင်ဆင်မှု လုံးဝမရှိတဲ့ အပြင် ကယ်ဆယ်ကူညီရေးဘက်မှာလည်း မြည်းသတ္တဝါလို ထုံထိုင်းနှေး ကွေးခဲ့ပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် စစ်တပိုင်းအစိုးရဟာ ဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးအန္တရယ်တွေနဲ့ပတ်သက်လို့ စနစ်တကျ စီမံထားတဲ့ ကြိုတင်ပြင်ဆင်မှုလည်းမရှိသလို ဘေးအန္တရာယ်ကျရောက်လာပြန်တော့လည်း မြန်ဆန်ထိရောက်တဲ့ကယ်ဆယ်ကူညီရေး အစီအစဉ်ကလည်း ညံ့ဖျင်းနှေးကွေးနုံချာလှပါတယ်။
ဒီလိုအပြုအမူက ပြည်သူတွေကြုံတွေ့ရတဲ့ ဘေးဒုက္ခတွေအပေါ် သူတို့ရဲ့စိတ်နေသဘောထားကိုထင်ဟပ်ပြနေတာလည်း ဖြစ် ပါတယ်။ ပြည်သူတွေအတွက် အသက်ဘေးအန္တရာယ်ကြုံတွေ့ကျရောက်နေပြီဆိုရင် “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ”ဆိုတာလို သူတို့ကျေနပ်ဝမ်းသာနေတဲ့ပုံပါပဲ။ ပြည်သူတွေဒုက္ခပင်လယ်ဝေနေလေ သူတို့အုပ်စိုးရတာပိုကောင်းလေလို့ ခံယူထားပုံပေါ်ပါတယ်။ သူတို့ခေါင်းထဲမှာ ပြည်သူတွေကို နေ့စဉ်စားဝတ်နေမှုဒုက္ခတွေနဲ့ လုံးထွေးရစ်ပတ်ထားနိုင်လေလေ ပြည်သူတွေနိုင်ငံရေးမှာ စိတ်ဝင်စားမှု နည်းပါးလေလေ လို့ တွက်ချက်စဉ်းစားထားကြတယ်နဲ့တူပါတယ်။
ဒီလိုယုတ်မာတဲ့ သဘောထားပုံနဲ့ပတ်သက်ပြီး သာဓကပြစရာ အထောက်အထားတစ်ခုလည်း အခု ပေါ်ထွက်လာပါတယ်။ နာဂစ်မုန်တိုင်းကြီး မကျရောက်မီ မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး မိုးလေဝသနဲ့ဇလဗေဒ မှာ တာဝန်ရှိတဲ့ သူ ( ဒေါက်တာ ဦးထွန်းလွင်) က (နအဖ) စစ်အစိုးရထိပ်သီးထဲက တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီရွှေမန်းထံ ဒီသတင်းထုတ်ပြန်ဖို ကြိုတင် တင်ပြခဲ့ပါတယ်လို့ ဆိုပါ တယ်။ (ဗိုလ်ရွှေမန်းက အခုတော့ ဒီကိစ္စ သူနဲ့မဆိုင်လေဟန် သူ့မှာတာဝန်မရှိလေဟန် ကိုယ်လွတ်ရုန်းတဲ့စကားပြောနေပါတယ်)
နာဂစ်ကိစ္စမှာ သတင်းထုတ်ပြန်မှုနောက်ကျခဲ့သလို ကူညီကယ်ဆယ်ရေးနှောင့်နှေးခဲ့တယ်ပါတယ်။ ဒီလိုအချိန်မီ သတင်း ကြေညာအသိပေးဖို့ ပျက်ကွက်မှုနဲ့ကူညီကယ်ဆယ်ရေး နှောင့်နှေးကြံ့ကြာမှုတွေကြောင် ပြည်သူတွေရဲ့အသက်အိုးအိမ်တွေ မဆုံးရှုံး သင့်ဘဲ ဆုံးရှုံးနစ်နာခဲ့ကြရပါတယ်။ ဒါပေမယ့် “ရသာရင် ဘနဖူးသိုက်တူးမယ်” ဆိုတဲ့ ထိုစဉ်က (နအဖ)စစ်အစိုးရကတော့ ပြည်သူတွေ ရဲ့အဲဒီဒုက္ခတွင်းကြီး ထဲကနေ နိုင်ငံရေးအမြတ်ထုတ်ယူသွားခဲ့ကြပါတယ်။ အဲဒါ ကတော့ “၂၀၀၈ အခြေခံဥပဒေ” ကို ခြေမြန်လက်မြန် အတည်ပြုလိုက်တဲ့ကိစ္စပါပဲ။ “၂၀၀၈ အခြေခံဥပဒေ”ဆိုတာ နာဂစ်မုန်တိုင်းကြီး ထဲမှာ သေဆုံးပျောက်ဆုံးသွားသူတွေရဲ့ အသက်ဝိဉာဉ် တွေကို မိုက်မိုက်မဲမဲစတေးပြီး အတည်ပြုထားတဲ့ အခြေခံဥပဒေပဲဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းကြီးကပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေကနေ လူးလဲထနေရတဲ့ ပြည်သူတွေဟာ “၂၀၀၈ အခြေခံဥပဒေ” ကို (၉၂ ဒသမ ၄၈%)ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီအချက်အချက်ဟာ ယုံကြည်နိုင်စရာ လုံးဝမရှိပေမယ့် ကန့်ကွက်မဲပေးခဲ့ကြတဲ့ ပြည်သူ (၁၆၃၁၇၁၂) ရဲ့စိတ်ဓါတ်နဲ့ဖော်ပြချက်ကတော့ လေးစားဂုဏ်ပြုစရာပဲဖြစ်ပါတယ်။ သဘာဝမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်အစိုးရရဲ့ဖိနှိပ်အုပ်စိုးမှုကို တွန်းလှန်အာခံပြလိုက်တဲ့ ကြီးမြတ်တဲ့ မြန်မာပြည်သူများရဲ့ ရဲစွမ်းသတ္တိကတော့ လေးစားဂုဏ်ယူစရာနဲ့ စံနမူနာကောင်းတစ်ခုဖြစ်ပါတယ်။
လာမယ့် “အောက်တိုဘာ၊ နိုဝင်ဘာလ” တွေမှာ မိုးလွန်မုန်တိုင်းတွေရင်ဆိုင်ရဖွယ်ရှိတယ်လို့ မိုးဇလပညာရှင် ဦးထွန်းလွင်က ခန့်မှန်းတွက်ချက်ပြထားပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရယ် အများဆုံးကြုံတွေ ရင်ဆိုင်ရနိုင်ဖွယ်ရှိတဲ့ဒေသများရှိ ပြည်သူများ အနေနဲ့ကိုယ်စီစနစ်ကျတဲ့ ကြိုတင်ပြင်ဆင်မှုများထားရှိကြဖို့နဲ့ ယခုဇူလိုင်ရေဘေးနဲ့ကိုမန်မုန်တိုင်းဘေးမှာ ပြည်သူပြည်သားအချင်းချင်း အရေးကြီးလျှင် သွေးစည်းကူညီကြတယ်/ကူညီကြမယ်ဆိုတဲ့စိတ်ဓါတ်နဲ့ရင်ဆိုင်နိုင်ဖို့ အဆင်သင့်ပြင်ဆင်ထားရှိကြရပါလိမ့်မယ်။
ဇူလိုင်ရေဘေးနဲ့ ကိုမန်မုန်တိုင်းဘေးဒုက္ခထဲကနေ ပြည်သူတွေရရှိလိုက်တဲ့ အဖိုးတန် သင်ခန်စားတစ်ရပ်ကတော့ ပြည်သူတွေ ကြုံရတဲ့ သဘာဝဘေးအန္တရာယ်တွေကို ပြည်သူတွေအချင်းချင်းအပြန်အလှန်ကူညီချင်းဖြင့် ရင်ဆိုင်ကျော်လွှားသွားနိုင်တယ်။
ဒါဆိုရင် ပြည်သူတွေအချင်းချင်းအကြားမှာ ဒီထက်ကြီးမားကျယ်ပြန့်တဲ့ စည်းလုံးညီညွတ်မှုနဲ့နားလည်မှုကိုသာ တည်ဆောက် နိုင်မယ်ဆိုရင် “စစ်တပိုင်းဒီမိုကရေစီ” (ဝါ) အတုအယောင်ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံသစ်ကို ပြည်သူ တွေရဲ့ကိုယ်ပိုင်စွမ်းအားနဲ့သာ တည်ဆောက်နိုင်တယ်ဆိုတဲ့ အချက်ကို အလျှင်အမြန် သက်သေပြသ နိုင်လိမ့်မယ်လို့ အလေးအနက် ယုံ ကြည်မိပါကြောင်း။
    (Photo credit – Myanmar Now , ကလေးမြို့နယ် အမှတ် ၁ရေဘေးဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေထိုင်သူများ
