ရသဆောင်းပါးစုံ မောင်မိုးသူ
မောင်မိုးသူ – မိုးကြီးရေလျှံ မူးယစ်ဆေးဝါးပါလျှံနှင့် မောင်မိုးသူ
မောင်မိုးသူ – မိုးကြီးရေလျှံ မူးယစ်ဆေးဝါးပါလျှံနှင့် မောင်မိုးသူ
မော်ဒန်သတင်းဂျာနယ် အမှတ် ၄၆၉ ပါ မောင်မိုးသူ၏ ဆောင်းပါးအား ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။
သြဂတ်စ် ၁၊ ၂၀၁၅
သည်နေ့ မြန်မာပြည်မှာ မကြုံစဖူး မိုးကြီးရေလျှံ ဖြစ်နေတယ်ခင်ဗျ။ သည်တစ်ခါ မိုးကြီးပုံက အဆန်းခင်ဗျ။ ထုံးစံအတိုင်းက ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်၊ တနင်္သာရီတိုင်းမှာပဲ မိုးများတာလေ။ အဲသည်နေရာတွေမှာလည်း  ရွာပါတယ်။ ဒါပေမဲ့ သည်တစ်ခါတော့ အထက်မြန်မာပြည် မိုးခေါင် ရေရှားဆိုတဲ့ အရပ်တွေမှာပါ မိုးများ ရေကြီးရေလျှံ ဖြစ်တယ်ခင်ဗျ။ ရေရှားတဲ့ အရပ်၊ ရေမမြင်ဖူးတဲ့အရပ်တွေမှာပါ ရေကြီးရေလျှံ ဖြစ်နေတော့တာ။
မိုးများ ရေကြီးပြီး ကားလမ်း၊ ရထားလမ်းတွေ ရေကျော်၊ မြစ်ကြီးနားရထားဆိုရင် မထွက်နိုင်။ တံတားတွေကျိုး၊ ရေတွေနစ် လိုက်ပုံများ ကျွဲနွားတိရစ္ဆာန်တွေ ရေထဲပါသွားသလို ကလေးငယ်တွေနဲ့ လူတချို့ ရေမျော သေဆုံးကြောင်းအထိ ကြားရ တယ်။ အခိုင်အခံ့ဆောက်ထားတဲ့ တံတားကြီးတွေ ကျိုးပျက်၊ တောင်တွေပြို၊ ကမ်းပါးတွေပြိုဖြစ်ရတာ အနှစ် ၅၀ အတွင်း တစ်ခါမှ မကြုံဖူးတဲ့အရပ်တွေမှာ ရေကြီးရေလျှံမှုဖြစ်တာ။
သည်အရပ်တွေမှာ ဟိုရှေးယခင်ကဆောက်တဲ့ ဆည်ကြီးတွေရှိသလို သည်နေ့ခေတ်မှာ ဆောက်တဲ့ဆည်တွေလည်း ရှိ တယ်။ မိုးများတဲ့အတွက် ဆည်တွေမှာ ရေပြည့်ရေလျှံဖြစ်၊ ရေလွတ်တဲ့လမ်းကြောင်းတွေမှာလည်း ရေမြှုပ်ကုန်တဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆည်တွေ မကျိုးမပေါက်ရအောင် နေ့ဆိုင်း ညဆိုင်းနဲ့ စောင့်ကြည့်နေကြရတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အထက်ပိုင်းမှာ မိုးကြီးတာဖြစ်ပေမဲ့ တောင်ပြိုတာ၊ ကမ်းပါးပြိုတာတွေကတော့ တောင်တွေ တောတွေမှာ သစ်ပင်၊ သစ်တောတွေမရှိတော့လို့ဆိုပြီး သုံးသပ်ပြောဆိုမှုတွေရှိပါတယ်။
ရေကြီးရေလျှံမှုတွေဖြစ်ရာ အရပ်တွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ထောက်ပံ့ကူညီမှုလုပ်နေသလို အရပ်ဘက် ပရဟိတအသင်းအဖွဲ့တွေကလည်း တစ်ပိုင် တစ်နိုင် ထောက်ပံ့ကူညီမှုတွေလုပ်နေကြတာ တွေ့ရပါတယ်။ မှန်တာပေါ့။ အစိုးရချည်း အားကိုးနေလို့ ဘယ်ဖြစ်မှာလဲ။ ပြည်သူနဲ့ အရပ်ဘက်ကလည်း ဝိုင်းကူကြရပေမှာပေါ့။
ရာသီဥတုဖောက်ပြန်တော့ တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရကြောင့်လို့ ရှေးစာဆိုတွေက ဆိုဖူးပါတယ်။ မှန် မမှန်တော့ မပြော တတ်ဘူး။ နိုင်ငံတော်သမ္မတကြီး သွားလေရာအရပ်ရပ်မှာ မိုးများရေကြီးလို့ အခမ်းအနားတွေတောင် ရက်ရွှေ့နေရတာတွေ တွေ့ရပါတယ်။
ရေကြီးရေလျှံမှု ဖြစ်ပြီးတဲ့နောက်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေက လိုအပ်ဦးမှာပဲ။ ဝမ်းရောဂါတို့၊ တုပ်ကွေးရောဂါတို့နဲ့ တခြားတခြားရောဂါတွေရဲ့ အန္တရာယ်ကို ကာကွယ်ခုခံကြဖို့ ပြင်ဆင်ထားကြဖို့လိုပါတယ်။
သဘာဝသစ်တောကြီးတွေလည်း သုတေသနပြုချက်အရ ၄၀ ရာခိုင်နှုန်းပဲ ရှိတော့ကြောင်း ဖော်ပြနေပါတယ်။ သစ်ခိုးထုတ် မှုကြောင့် တရုတ်နိုင်ငံသားတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးတာလည်း ဖတ်ရပါတယ်။ အဲသည် သစ်ခိုးခုတ်မှုထုတ်မှုတွေ ဘယ်လောက်များရှိပြီလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ အခုမိတဲ့သူတွေတချို့သာ အပြစ်ပေးနိုင်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သယံဇာတ သစ်တောတွေ ခိုးခုတ် ခိုးထုတ်နေတဲ့နည်းတူ ကျောက်စိမ်းနဲ့ သတ္တုတူးဖော်တာကို နိုင်ငံခြား လုပ်ငန်းရှင်တွေကို လုပ်ခွင့်ပေးထားလို့ ယန္တရားကြီးတွေသုံးလို့ တောင်တွေပြိုတာ၊ တောင်တွေလည်းကုန်၊ မြစ်ချောင်းတွေ လည်းကောဖြစ်နေရကြောင်း စာနယ်ဇင်းနဲ့ ရုပ်မြင်သံကြားတွေမှာ တွေ့ရပါတယ်။
ရေကြီးရေလျှံဖြစ်နေတဲ့အကြားမှာ မူးယစ်ဆေးဝါး အလျှံပယ်ဖြစ်နေတာကလည်း အထင်အရှားပါပဲ။ တလောက ရန်ကုန်မြို့ မင်္ဂလာဒုံနားမှာရှိတဲ့အရပ်တစ်ခုမှာ မူးယစ်ဆေးဝါး သုံးဘီလျံကျော်ဖိုးမိကြောင်း သတင်းစာမှာဖတ်ရပါတယ်။ ကမ္ဘာ့မူးယစ် ဆေးဝါးသမိုင်းမှာ ဒုတိယအများဆုံးဖမ်းမိတဲ့ သတင်းဌာနတွေဖော်ပြချက်အရ သိရပါတယ်။ ခုမိလို့သိရတာလေ၊ မမိလို့ မသိလိုက်ရတာတွေ ဘယ်လောက်အများကြီးရှိနေသလဲ။
ရန်ကုန်လိုမြို့ကြီးမှာ လူငယ်ယောက်ျားတွေကို အငှားကားပေါ်မှာတင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေရှိကြောင်း လူငယ်တွေထံမှ သိရပါတယ်။ ဆိုက်ကားတွေမှာလည်း ရနိုင်သတဲ့။ ဩော် ဒါကြောင့်များ ဆိုက်ကားနင်းရုံနဲ့ ချမ်းသာနိုင် ကြောင်း လူကြီးတစ်ယောက်က ပြောလေသလားမှမသိတာ။
မြန်မာပြည်ရဲ့ မူးယစ်ဆေးဝါးသမိုင်းကတော့ သိပ်မကောင်းလှဘူးခင်ဗျ။ ကမ္ဘာကျော် မူးယစ်ဆေးဝါးဘိန်းဘုရင် လော်စစ် ဟန်ကို သူကောင်းပြုပြီး စီးပွားရေးလုပ်ခွင့်ပေးခဲ့တာလေ။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးလုပ်ငန်းကြီးဖြစ်တဲ့ အေးရှားဝေါလ်ဟာ လော်စစ်ဟန်ရဲ့ မိသားစုတွေပိုင်တဲ့လုပ်ငန်းပေါ့။ အေးရှားဝေါလ်ဟာ မြန်မာပြည်ရှိ လမ်းတွေ တံတားတွေ ဖောက်လုပ်ခွင့်၊ ဟိုတယ်တွေ၊ ဆိပ်ကမ်းတွေ လုပ်ခွင့်ရထားပါတယ်။
ဟိုတစ်လောက နိုင်ငံခြားသွားသင်္ဘောပေါ်မှာ မူးယစ်ဆေးဝါးတွေဖမ်းမိကြောင်း ဖတ်လိုက်ရပါတယ်။ မူးယစ်ဆေးဝါး ထုတ် လုပ်ဖြန့်ချိမှု ကြီးမားကျယ်ပြန့်နေတာဟာ ငွေကြေးဓနအင်အားကောင်းတဲ့အပြင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း တွေရဲ့ ဖေးမကူညီမှုမပါဘဲ မရနိုင်ပါဘူး။ မဖြစ်နိုင်ပါဘူး။
ယနေ့နောက်ဆုံးပေါ် ရေကြီးရေလျှံမှုအန္တရာယ်ကို သက်ဆိုင်ရာအာဏာပိုင်တွေနဲ့တကွ ပြည်သူ၊ ပရဟိတအဖွဲ့အစည်းတွေ ကပါ ဝိုင်းဝန်းကူညီဖြေရှင်းနေသလို မြန်မာပြည်အနှံ့ မူးယစ်ဆေးဝါး ရေလျှံမှုတွေကို ဝိုင်းဝန်းကူညီဖြေရှင်းနေသလို မြန်မာ ပြည်အနှံ့ မူးယစ်ဆေးဝါး ရေလျှံမှုတွေကို ဘယ်လိုကာကွယ်ကြမလဲ၊ ဘယ်လိုခုခံကြမလဲ၊ ဘယ်လိုတိုက်ဖျက်ကြမလဲဆို တာ စနစ်တကျပြင်ဆင်လုပ်ဆောင်ကြဖို့  လိုနေပါပြီ။ အနာဂတ်မြန်မာပြည်ရဲ့ လူငယ်မျိုးဆက်တွေရဲ့ဘဝကို မူးယစ်ဆေးဝါး က အသေဆိုးနဲ့သေဆုံးအောင် နှိပ်စက်နိုင်တဲ့အပြင် လူသားစွမ်းရည်တွေလည်း ယုတ်လျော့အောင်၊ ချည့်နဲ့အောင် လုပ် ဆောင်နေတဲ့ကိစ္စကြီး ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုမှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယနေရာက လိုက်နေတယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးပြားထုတ် လုပ်ဖြန့်ချိမှုကလည်း အရမ်း အရမ်း အရမ်း မကြုံစဖူးများပြားနေပါပြီ။
ရေကြီးရေလျှံမှုကို ခုခံတားဆီး ကာကွယ်ကြသလို မူယစ်ဆေးဝါး အလျှံပယ်ပေါကြွယ်နေမှုကိုလည်း အပြတ်အသတ်နှိမ်နင်းဖို့ လိုအပ်နေကြောင်းပါ။
မိုးကြီးရေလျှံ မူးယစ်ဆေးဝါးပါလျှံနှင့် မောင်မိုးသူပါ။
သရုပ်ဖော်ကာတွန်း စောငို
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
2 thoughts on “မောင်မိုးသူ – မိုးကြီးရေလျှံ မူးယစ်ဆေးဝါးပါလျှံနှင့် မောင်မိုးသူ
  1. ဒီမိုးဒီလေ ဒီလူတွေနဲ့ ဒီမင်းဒီစိုးဒီသူခိုးနဲ့ ဆိုသလိုပေါ့ဗျာ။
  2. ​ခေါင်​​ဆွေး၊တိုင်​​ဆွေး၊ကြမ်းခင်း​ဆွေး၊
    အ​ပေါ် ​ဝေး၊​အောက်​​ဝေး၊ဘာ​ပျောက်​လို့
Comments are closed.