ဖိုးထက် – ချောင်ပိတ်မှ သတ်ရဲတဲ့ပွဲ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၅
ကျွန်တော်တို့ရဲ့ ကွယ်လွန်သူ ဆရာကြီး ဦးအောင်သင်း၏ စာပေဟောပြောပွဲတိုင်းလိုလိုမှာ လူတွေ နှင့် တိရိစ္ဆာန်များ၏ စွမ်းအားကို ယှဉ် ယှဉ်ပြီး ဟောပြောတတ်သည်။ ငါးလောက် လူက ရေကူးတတ်မလားတဲ့။ ဆင်လောက် ဘယ်သူ အားသန်မလဲတဲ့။ ငှက်လို ဘယ်သူ ပျံနိုင်မလဲတဲ့။ သို့သော် လူက ရေမှာသွားဖို့ သင်္ဘောထွင်တယ်၊ ရေငုပ်သင်္ဘောထွင်တယ်တဲ့။ ဆင်ကျောကုန်းပေါ်တက်ပြီး ခိုင်းစားတယ်တဲ့။ လေယာဉ်ပျံကို တီထွင်ပြီး ငှက်တွေ သွားနိုင်တာထက် ပိုသွားနိုင်တယ်တဲ့။
လူသတ္တ၀ါသည် အလွန်အံ့သြစရာ အလွန်ကောင်းသည်။ အရောင်အသွေး နှင့် အလှအပကြိုက်သည်။ တချိန်တည်းမှာပင် လောက သဘာဝကြီး၏ အချိန်အဆ ညီမျှခြင်းများကို ဖျက်ဆီးသည်။
တိရစ္ဆာန်မှာ အဆိုးမရှိ။ အကောင်းမရှိ။ ဆာရင် စားဖို့။ အချိန်တန်လျှင် မိတ်လိုက်ဖို့။ အစဉ်အဆက် လက်ဆင့်ကမ်းခဲ့ကြသော အမှတ်မဲ့ အသိဖြင့် ၀န်ရိုးစွန်း တစ်ခုမှ တစ်ခုသို့ လူးလား ကူးခပ်သွားလာကြသည်။ အပူပိုင်း ဒေသ အင်းကြီးတစ်ခု နှင့် ၀င်ရိုးစွန်းကြီးတွေဆီသို့ ငှက်တွေ နှစ်စဉ် နှစ်တိုင်း လူးလား ပျံသန်းကြတာ ဆွေမျိုးတွေဆီ တစ်နှစ် တစ်ခေါက် အလည်သွားတာ မဟုတ်။ ဘိုးဘွားမိဘ ကန်တော့ဖို့ မဟုတ်။ ဆော်လမွန်ငါးတွေ ဥချိန်တန်လို့ မြစ်ညာကို ဆန်တက်ခြင်းသည် ကိုယ့်ရပ်ကိုယ့်ရွာမှာဘဲ မီးဖွားချင်သော စိတ်ကြောင့် မဟုတ်။ အလိုလို ဖြစ်ပေါ်လာသော အသိစိတ်ဖြင့် တုံ့ပြန် လှုပ်ရှားခြင်း သက်သက်။
လူမှာက အပူချိန်တိုင်းဖို့ ပြဒါးတိုင်တွေ ရှိသည်။ စင်တီဂရိတ်နှင့် ဖာရင်ဟိုက် ခွဲခြားသည်။ လေထု၏ စိုထိုင်းဆကို တိုင်းသည်။ ရေဖိအားကို တိုင်းတာသည်။ လေဖိအားကို သိသည်။ မိုးရွာမည်ကို ကြိုတင်သိသည်။ တိရိစ္ဆာန်တွေမှာက မိုးရွာမှာကို ကြိုတင် နိမိတ်ဖတ်ဖို့ အနည်းငယ်သော အကောင်တစ်ချို့သာ ရှိသည်။ လူကတော့ နောက် ခုနှစ်ရက်အတွင်း နေသာမလား၊ မိုးရွာမလား၊ တိမ်ထူမလား အတိအကျနီးပါးကို လက်မလေး နှစ်ချက်လောက် ပွတ်ပေးရုံဖြင့် သိနိုင်သည်။ လူသတ္တ၀ါလောက် အပါးဝသော သတ္တ၀ါ လူ ဘဲရှိသည်။ အခြား သတ္တ၀ါများ အပေါ်တွင်လဲ အပါးဝသည်။ အချင်းချင်း အပေါ်မှာလဲ လူဝါး ၀သည်။ ရက်စက်သည်။ ကောက်ကျစ်သည်။ လူ လူခြင်း ရက်စက် အပါးဝ သည့် အခြင်းအရာများကို လူတွေကဘဲ ပြန်လည် ထိန်းကွပ်ကြရင်း ဒီမိုကရေစီ ဆိုတာကြီးကို တောင့်တ လိုလားကြသည်။ တန်းတူညီမျှခြင်းကို တောင်းဆိုသည်။ တိုက်ယူကြသည်။
သို့သော် လူတွေက တိရစ္ဆာန်တွေအပေါ် ရက်စက်သည့် ကိစ္စကျတော့ အမြင်မတော်သည့် လူတွေက ဘယ်လောက်ပင် တားမြစ်ကြသော်လည်း တခါတရံ မြင်ရက်စရာ မရှိအောင် အရုပ်ဆိုးနေတတ်သည်။ ကြံ့ကြီးတွေကို အရှင်လတ်လတ် ဂျို ဖြတ်ယူသည်။ အသက်ရှိ ဆင်ကြီးတွေ၏ အစွယ်ကို အာခေါင်ထိ ထိုးမိစေသော စက်လွှကြီးတွေ ဖြင့် တိုက်ဖြတ်ယူသည်။ ဆင်က လူနှစ်ယောက်လောက် နင်းသတ်သည်နှင့် ထိုဆင်ကြီးကို ရေဆုံး မြေဆုံး တောနင်းရှာကာ ပြစ်သတ်ကြသည်။ ဆင်ရိုင်းကြီးကို သတ်ဖြတ်သုတ်သင်ပြီး။ လူကိုက်သည့်ကျားကို အမဲလိုက်ဖမ်းသည်။ ထောင်ချောက်ဆင်ပြီး သတ်ဖြတ်သည်။ ကျားဆိုးကြီးကို နှိမ်နင်းပြီး။ လူကကျတော့…
ကျွန်တော် သတင်း တစ်ပုဒ် ဖတ်လိုက်ရသည်။ ဒိန်းမတ်နိုင်ငံရဲ့ ရိုးရာ ဓလေ့ ဝေလငါး သတ်ပွဲတဲ့။ အသတ်ခံရသည့် ဝေလငါး အကောင်ပေါင်းက သုံးရာနီးပါး။ ထိုဝေလငါးတွေက ကမ္ဘာပေါ်မှာ မျိုးတုံးတော့မည့် အနွယ်ဝင် မဟုတ်ပါဘူးဟု ပွဲစီစဉ်သူတွေက ဆင်ချေပေးသတဲ့။ ထိုပွဲကို စစ်သဘောင်္ နှစ်စင်းက စောင့်ရှောက်ပေးသတဲ့။ ဝေလငါးတွေကို ကမ်းခြေဘက်သို့ မော်တော်ဘုတ်များဖြင့် ပြေးလမ်းမရှိအောင်၊ ကြောက်လန့်အောင် ကျုံး သွင်းသတဲ့။ ပြီးမှ အသင့်စောင့်နေသော လူတွေက ဓားများ၊ လှံများ၊ မှိန်းများဖြင့် ထိုး၊ ခုတ်၊ သတ်ဖြတ်ကြသည်တဲ့။ ဒိန်းမတ်မှာ။ ကမ္ဘာရဲ့ ပထမတန်းစားဝင် နိုင်ငံမှာ။ လူချမ်းသာ စာရင်းဝင်နိုင်ငံမှာ။ ပညာတတ်ညွှန်းကိန်း ဂရဖ်က မိုးထိနေသည့် နိုင်ငံမှာ။ သွေးနဲ့ ပင်လယ်ရေ ခွဲခြားလို့ မရသော သွေးပင်လယ်ထဲမှာ ပြုံးရွှင် ၊ ကြည်နူး၊ ဂုဏ်ယူ နေကြသည့် လူသတ္တ၀ါတွေ။ ထိုလူတွေက လူဆိုးတွေမဟုတ်ပါဘူးတဲ့။ ဆိုးသွမ်းသော လူသတ္တ၀ါတွေ မဟုတ်ပါဘူးတဲ့။ ပွဲစီစဉ်သူများက ကာကွယ်ကြသည်။
ကျွန်တော် ဖတ်ဘူးသည့် ၀တ္ထုတစ်ပုဒ်ကို သတိရမိသည်။ ဆရာကြီး တင့်တယ် ဘာသာ ပြန်သည့် ဘာသာပြန် ၀တ္ထု။ မူရင်း စာရေးသူက အမေရိကန် စာရေးဆရာကြီး Herman Melville ။ စာအုပ်နာမည်က Moby Dick ။ ဝေလငါးဖြူကြီး မိုဘီဒစ်။ သဘောင်္ကြီး တစ်စင်းနီးပါးလောက် ကြီးမားပြီး ပါးနပ် လိမ္မာသည့် ဝေလငါးဖြူကြီး မိုဘီဒစ်နှင့် ဝေလငါးဖမ်း သဘောင်္ကပ္ပတိန် အာဟတ် တို့၏ အကြောင်း ခြင်းရာကို နောက်ခံထားပြီး စာရေးဆရာကြီးက သူ့ဘ၀အတွေ့အကြုံတွေကို ဇာတ်လမ်းဖွဲ့ခဲ့ခြင်းဖြစ်သည်။ မိုဘီဒစ်၏ တိုက်ခိုက်ခြင်းကို ခံရပြီး ခြေထောက်တစ်ဖက် ဖြတ်ပြစ်လိုက်ရသည့် ကပ္ပတိန် အာဟတ်၏ အခဲမကြေမှု၊ အငြိုးအတေးကြီးမှုများဖြင့် သမုဒ္ဒရာကြီးတွေမှာ ရွက်လွှင့်ပြီး မိုဘီဒစ်ကို ရှာပုံတော်ဖွင့် လက်စားခြေသည့် ဇာတ်လမ်း။ အဆုံးသတ်မှာ ဘယ်သူမှ မနိုင်။ ဘယ်သူမှ မရှုံး။ အလွန်လှသည့် ၀တ္ထုတစ်ပုဒ်။
မူရင်း စာရေး ဆရာကြီးက ၁၉ ရာစု အစောပိုင်းမှ ဝေလငါးဖမ်း သဘောင်္တွေနှင့် ဝေလငါးဖမ်း သဘောင်္သားတွေရဲ့ ဘ၀ကို ကွက်ကွက်ကွင်းကွင်း ရေးခြယ်ပြသွားခဲ့သည်။ ပြီးတော့ ဝေလငါးတွေရဲ့ သဘော သဘာဝကို စာဖတ်သူတွေ ဗဟုသုတလဲရ။ ရသခံစားမှုကိုလဲ အပြည့်ပေးနိုင်သည့် စာအုပ်။
ဝေလငါးတွေက သာမန်အားဖြင့် အုပ်စုလိုက်နေသည်။ ဝေလငါးမတွေနှင့် ထိုဝေလငါးမတွေကို အပိုင်စားသည့် ဘုရင်ကြီး စူလတန် ဝေလငါးထီးကြီး တစ်ကောင်သာ ပါသည့် ဝေလငါးအုပ်က သပ်သပ်။ ဝေလငါး အထီးတွေချည်းသာ ပါသည့် ခပ်ဆိုးဆိုး ကျောင်းသားအုပ်တွေနှင့် တူသည့် ဝေလငါးထီးအုပ်က သပ်သပ်။ ထိုဝေလငါးထီးတွေ အသက်အရွယ် သုံးပုံ တစ်ပုံခန့်ကြမှ စူလတန်ဝေလငါးထီးကြီးတွေကို တုဖက်ပြိုင် တိုက်ခိုက်ပြီး အာဏာလွှဲယူသည်။ ထူးဆန်းသည်က ဝေလငါးကြီးတွေ အသက်အရွယ် ကြီးရင့်လာလျှင် အုပ်လိုက် မနေတော့ဘဲ တစ်ကောင်တည်း ခေါင်းဦးတည့်ရာ သမုဒ္ဒရာကြီးတွေထဲမှာ အေးအေးသက်သာ လှည့်လည် ကူးခပ်နေတော့သတဲ့။ လူတချို့ အသက်အရွယ် ကြီးလာလျှင် အပူမရှာချင်တော့သည့် သဘောနှင့် ခပ်ဆင်ဆင်။
ဝေလငါးတွေက သာမန်အားဖြင့် လူတွေကို ရန်ပြုတတ်သည့် သတ္တ၀ါတွေ မဟုတ်။ သို့သော်လည်း သူ့ကို ရန်ပြုလာလျှင် အသိဥာဏ် အလွန်မြင့်မားစွာဖြင့် တုံ့ပြန် တိုက်ခိုက်တတ်သည်။ အကင်းပါးစွာဖြင့် တိုက်ပွဲဝင်တတ်သည်။ ကပ္ပတိန် အာဟတ်တို့ အဖွဲ့က မိုဘီဒစ်ကြီးကို မှိန်းတွေဖြင့် ထိုးခုတ် သတ်ဖြတ်သော်လည်း ချောင်ပိတ်ဖမ်းတာ မဟုတ်။ ဘတပြန်။ ကျားတပြန်။ သူ မသာ။ ကိုယ် မသာ။ လေအားဖြင့် သွားရသည့် သဘောင်္ကြီးဖြင့် မိုဘီဒစ်ကြီးကို လိုက်ဖမ်းသည်။ လက်ဖြင့် လှော်ခတ်ရသည့် လှေတွေဖြင့် ၀ိုင်းပါတ်ဖမ်းသည်။
အခု ၂၁ ရာစုရောက်တော့ စက်တပ်ရေယာဉ်တွေဖြင့် ဝေလငါးတွေကို ချောင်ပိတ်ဖမ်းသည်။ ဆောက်တည်ရာ မရ လန့်နေရှာကြသည့် ဝေလငါးတွေကို ထိုးခုတ်သတ်ဖြတ်ကြသည်။ ဘယ်မှာလဲ တရားမျှတမှု။
လူသည် အသိဥာဏ် အလွန်မြင့်မားသည့် သတ္တ၀ါဆိုတာ လူတိုင်း လက်ခံသည်။ တိရိစ္ဆာန်တွေလဲ သိသည်။ အသိဥာဏ်နိမ့်ပါးသည့် သတ္တ၀ါတွေပေါ်မှာ မဆိုထားနှင့် ဥာဏ်ရည်ခြင်း တူညီသည့် လူ အချင်းချင်းသော်မှ လူသည် အပေါ်စီးက အမြဲနေချင်သော သတ္တ၀ါ ဖြစ်သည်။
ဝန်ရိုးစွန်းနှင့် နီးနေပြီဖြစ်သည့် ဝေးလံလှသော ဒိန်းမတ်က လူမဆန်သည့် လူတချို့ ကို လှမ်းမျှော် မကြည့်ပါနဲ့အုံး။ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာဘဲ စစ်အာဏာရှင်တွေက ငါးဆယ် ငါးဆယ် သူတစ်ဝက် ကိုယ်တစ်ဝက် ယှဉ်ပြိုင် တိုက်ခိုက်ရဲကြတာ မဟုတ်။ ကပ္ပတိန်အာဟတ် နှင့် မိုဘီဒစ် ဝေလငါးဖြူကြီးလို အားကြီးသူ နိုင်စတမ်း ယှဉ်ပြိုင်ရဲကြသော အစွမ်းသတ္တိတွေ ရှိကြသော သူတွေ မဟုတ်။ ချောင်ပိတ်ပြီးမှ ဖမ်းရဲ၊ ခုတ်ရဲ ၊ သတ်ရဲသည့် သတ္တိသည် လူသတ္တ၀ါမှာဘဲ အများဆုံး ရှိတတ်သည်။ တိရိစ္ဆာန်တချို့မှာ ရှိသည် ဆိုအုံးတော့ သူ့ အစာအတွက်။ သူ့ အစားအစာ ရဖို့ တစ်ခုအတွက်သာ ဖြစ်သည်။ လူတွေမှာက၊ လူဝါးဝသည့် လူတွေမှာက ဘယ်သူ့ကိုမှ လွတ်လွတ်လပ်လပ် ကူးခပ် လှုပ်ရှားခွင့် မပေးတတ်ဘဲ သူတို့ အစာအတွက်၊ သူတို့ အသိုင်း အ၀ိုင်း၏ စည်းစိမ်ဥစ္စာအတွက် ထိုးခုတ် သတ်ဖြတ်တတ်ကြသည်။
ရံဖန်ရံခါ လူတွေ၏ ချောင်ပိတ်တတ်သည့် အကျင့်သည် လူ လူခြင်း အမဲလိုက်သလို ဖြစ်နေတတ်သည်။ သတိထားသင့်တာက လူသည် တိရိစ္ဆာန်မဟုတ်။ ဆောက်တည်ရာ မရ ကြောက်လန့်၊ ကြပ်တည်းလာလျှင် လူသည် ထွက်ပေါက်ကို အမြဲ ရအောင် ရှာဖွေတတ်သည့် သတ္တ၀ါဆိုတာ အာဏာရှင် တစ်ချို့ စောစော သဘောပေါက်ဖို့ သင့်သည်လို့ ကျွန်တော် ထင်သည်။ ဒိန်းမတ်က လူတချို့ နှင့် မြန်မာပြည်က အာဏာရှင်တို့က ချောင်ပိတ်ပြီးမှ သတ်ရဲကြသည့် သတ္တ၀ါတွေ။ မိုဘီဒစ်ကြီးလိုမှ ဇမရှိသည့် သတ္တ၀ါတွေ။
ဒိန်းမတ်တွေသွားပစ်တာဝေလငါးမဟုတ်ပါ၊လင်းပိုင်တွေပါ။စာရေးသူဆိုလိုရင်းကိုမထိခိုက်ပေမဲ့ကမ္ဘာကျော်ဖြစ်ရပ်ရဲ့အချက်အလက်မှားနေလို့ပါ။