ခေတ်ပြိုင်အတွေ့အကြုံ ရေခြားမြေခြား မြန်မာများ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အခြေခံအုတ်မြစ် ခိုင်ခံ့ဖို့

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – အခြေခံအုတ်မြစ် ခိုင်ခံ့ဖို့
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၅

ချစ်သူငယ်ချင်းတို့ရေ …

ကမ္ဘာ့အရှေ့ ဘက်ခြမ်းကနေ အနောက်ဘက်ခြမ်းကို မိုင်ပေါင်း (၈၉၇၆) မိုင်ကျော်၊ တစ်ရက်နီးပါး ဝေဟင်ခရီးနဲ့ ဖြတ်သန်းပြီးနောက် ဒီနေ့ညနေပိုင်း (၇) နာရီလောက်မှာ အိမ်ကို ချောချောမောမော ပြန်ရောက်ပါပြီ (safe and sound)။ မင်းတို့လည်း ဘန်ကောက် (Bangkok) ကနေ ရန်ကုန်ကို ဘေးရန်ကင်းစွာ ပြန်ရောက်ကြတယ်ဆိုတာကို ကြားသိရလို့ ဝမ်းသာပါတယ်။ နောက်မှ ဒို့သူငယ်ချင်းတွေ တပတ်နီးပါး လည်ပတ်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးအကြောင်း ပြန်ပြောကြတာပေါ့။ အခုတော့ ဘန်ကောက်ကနေ ဘေဂျင်း (Beijing) သွား လေယာဉ်ပေါ်မှာ ဖတ်ဖြစ်တဲ့ China Daily သတင်းစာထဲက သတင်းတပုဒ်ကြောင့် ဒီစာကို ဘေဂျင်းလေဆိပ်မှာ ဝါရှင်တန်ဒီစီ (Washington DC) ကို ခရီးဆက်မယ့် လေယာဉ်ကို စောင့်နေတုန်း ရေးဖြစ်ခဲ့တယ်။

ငါ ဖတ်ဖြစ်တဲ့ သတင်းက ဘေဂျင်းမြို့ တဝိုက်မှာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းက ဆောက်လုပ်ခဲ့တဲ့ တိုက်တစ်တိုက် ပြိုကျခဲ့ပြီး၊ လူအချို့  သေကြေကြတဲ့ စိတ်မကောင်းစရာ သတင်းပါ။ ဒီသတင်းနဲ့အတူ တရုတ်ပြည်တဝိုက်မှာ မကြာခဏ တိုက်တာအိမ်ရာ အဆောက်အအုံတွေ ပြိုကျကြပြီး၊ လူအများအပြား သေကြေဒဏ်ရာရကြကြောင်း။ ဒီအတွက် အစိုးရအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအပေါ် တင်းတင်းကြပ်ကြပ် စည်းမျည်းစည်းကမ်းတွေနဲ့အညီ မဆောက်လုပ်မီ၊ ဆောက်လုပ်ချိန်ကာလ၊ ဆောက်လုပ်ပြီးစီးတဲ့နောက် စီစစ်စောင့်ကြည့်သွားဖို့၊ ဆောက်လုပ်ရေးဆိုင်ရာ စံနှုန်းစံညွှန်း၊ နည်းဥပေဒတွေ သတ်မှတ်ပြဌာန်းဖို့ကို တိုက်တွန်းပြောဆိုထားတယ်။

မင်းတို့ သိတဲ့အတိုင်း ၁၉၈၀ နောက်ပိုင်းကနေ တဟုန်းထိုး တိုးတက်ပြောင်းလဲလာတဲ့ တရုတ်ပြည်ကြီးမှာ စီးပွားရေး တိုးတက်ပြောင်းလဲလာမှုတွေနဲ့အတူ လူနေမှု အဆင့်အတန်း မြှင့်တက်လာပြီး၊ အိမ်ရာသစ်၊ မြို့ သစ် ဆောက်လုပ်မှုတွေ တရိပ်ရိပ်တိုးလာခဲ့တယ်။ တရားဝင်၊ တရားမဝင် ဆောက်လုပ်ရေး လုပ်ငန်းတွေ စီးပွားဖြစ်ကြပြီး အိမ်ရာသစ်၊ မြို့ ရွာသစ်တွေကွို အပြိုင်အဆိုင် ဆောက်လုပ်လာကြတယ်။ ရှန်ဟိုင်မြို့ ၊ ဘေဂျင်းမြို့ ထဲက ကမ္ဘာ့အဆင့်မီ မိုးပျံအဆောက်အဦးတွေနဲ့ ခေတ်မီတိုက်တာတွေကိုတော့ အစိုးရက လိုင်စင်ရှိ ပြည်တွင်းနဲ့ နိုင်ငံခြား ဆောက်လုပ်ရေးကုမ္ပဏီတွေ၊ ဗိသုကာပညာရှင်တွေနဲ့ စနစ်တကျ ဆောက်လုပ်ခဲ့ပေမယ့် သာမန်လူတန်းစားတွေနေဖို့ ဆောက်လုပ်ခဲ့တဲ့ တိုက်တာအိမ်ရာတွေကိုတော့ စီစစ်မှု၊ စောင့်ကြည့်မှု၊ ကြီးကြပ်မှု မရှိခဲ့ဘူး။

တချို့ နေရာတွေမှာဆို အိမ်ရာသစ်တွေ၊ ကွန်ဒိုတိုက်ခန်းတွေ ဆောက်လုပ်ရောင်းချပြီး ခဏကြာတော့ အဲဒီ အဆောက်အဦးတွေက ကြံ့ခိုင်မှုမရှိ၊ လုံခြုံမှုမရှိ (အရည်အသွေးညံ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာကြောင့်)၊ ကြော်ငြာထားတဲ့အတိုင်း မကောင်း၊ ဖြစ်ကတတ်ဆန်း ဆောက်လုပ်ထားတာကြောင့် လူတွေ မရွှေ့ ပြောင်းလာ၊ စွန့်ခွါသွားတာကြောင့် အခုဆိုရင် နေသူမရှိတဲ့ ကွန်ဒိုတိုက်ခန်း အလွတ်တွေ – သရဲတစ္ဆေတွေနေတဲ့ မြို့ ဆိုး (Ghost Cities) တွေကို နေရာတော်တော်များများ တွေ့ရတယ်။ ဒီလိုနေရာမျိုးတွေမှာ ဈေးကြီးကြီးပေး နေကြပြီး တော်ကြာနေ အားလုံးပြိုကျ သေကြေကြရင် ဒုက္ခ။

ဒီလိုမျိုး စီးပွားရေးသမား၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ ငွေကြေး၊ သူတို့အကျိုးအမြတ် တစ်ခုတည်းကိုကြည့်ပြီး ဖြစ်သလို၊ စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်နေကြတဲ့ တိုက်တာအိမ်ရာတွေ၊ ကန်ထရိုက်တိုက်တွေကို ကပြောင်းကပြန်၊ ဝရုန်းသုန်းကား တိုးတက်လာပြီဆိုတဲ့ ဒို့ပြည်ဒို့ရွာ ရန်ကုန်မြို့  နဲ့ မြို့ ကြိးတွေမှာလည်း အများကြီး တွေ့ခဲ့ရတယ်။ တရုတ်ပြည်ထက် ပိုဆိုးတာက ပြည်တွင်းမှာလည်း အရည်အသွေးမီ ဆောက်လုပ်ရေးပစ္စည်းတွေ မထုတ်နိုင်၊ ပြည်ပ (တရုတ်၊ ထိုင်း) က ဝင်ရောက်လာတဲ့ ပေါချောင်ကောင် ပစ္စည်းတွေကို စီစစ်မှုမရှိ။ အဆောက်အဦးတခုအတွက် လိုအပ်တာတွေကို စနစ်တကျ၊ အချက်အလက်နဲ့ တိုင်းတာတွက်ချက်မှုမရှိ (မျက်မှန်းလက်မှန်းနဲ့)၊ သာမန် သစ်သားဝါးအိမ် ဆောက်လုပ်ကြတဲ့ ပန်းရံ လက်သမားအဆင့် အလုပ်သမားတွေနဲ့ ဆောက်လုပ်နေကြတာကို တွေ့မြင်ခဲ့တော့ အတော်ရင်လေး စိုးရိမ်မိတယ်။

ငါ့နေနဲ့ ဗိသုကာပညာရှင်၊ မြို့ ပြအင်ဂျင်နီယာ မဟုတ်ပေမယ့် ဖတ်မှတ်လေ့လာမိသလောက်၊ တတ်သိပညာရှင်တွေကို မေးမြန်းကြည့်တော့ မြင့်မားတဲ့ တိုက်အိမ် အဆောက်အအုံတွေကို ဆောက်လုပ်မယ်ဆိုရင် အောက်ဘက်မြေဆီလွှာ အခြေအနေပေါ် မူတည်ပြီး (အဆောက်အအုံရဲ့  အခြေခံ) အုတ်မြစ်ကို ခိုင်ခိုင်ခံ့ခံ့ချ (တူးဖော်) ဆောက်လုပ်ဖို့ အရေးကြီးကြောင်း။ အခုတော့ ဒို့ရွှေပြည်မှာ ပေါက်တူးနဲ့ မြေကျင်းတူးပြီး ခနော်ခနဲ့ အုတ်မြစ်ချ ဆောက်လုပ်နေလိုက်ကြတာ မိုးကြီးလေကြီး၊ တော်ရုံတန်ရုံ မြေငလျင်လှုပ်ရင် ပြိုကျမယ့် အခြေအနေ။ ဝေးဝေးမကြည့်နဲ့ မင်းတို့ ပတ်ဝန်းကျင် ရပ်ကွက်တွေထဲမှာ ဆောက်လုပ်နေတဲ့ ကန်ထရိုက်တိုက်တွေကို ကြည့်လိုက် ဘယ်လို ပုံစံတွေနဲ့ ဆောက်လုပ်နေကြတယ်ဆိုတာ မင်းတို့ အသိပါ။

မင်းတို့ ကြားမိမှာပါ။ သိပ်မကြာသေးပါဘူး … ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံ (၈) ထပ်တိုက် ပြိုကျလို့ လူပေါင်း (၁၂၀၀) ကျော် သေဆုံးခဲ့တယ်။ ပြိုကျပြီးမှ အပေါ်ထပ် (၄) ထပ်ကို ခွင့်ပြုချက် မရရှိဘဲ၊ ချိုးဖောက်ဆောက်လုပ်ခဲ့တာလို့ ပြောကြတယ်။ ဒီလိုမျိုး အထပ်ခိုးဆောက်၊ ဖြစ်တဲ့နည်းနဲ့ ဆောက်လုပ်နေတာကို ရန်ကုန်မှာ တွေ့ခဲ့ရတယ်။ အဆိုးဆုံးက ၂၀၁၀ တုန်းက ပြင်းအား (၇) ရစ်ချက်စကေး မြေငလျင်ကြောင့် တမြို့ လုံးမှာရှိတဲ့ လူနေအိမ် (၂) သိန်းခွဲ၊ အစိုးရရုံး၊ စီးပွားရေးလုပ်ငန်း အဆောက်အဦး (၃) သောင်းကျော် ပြိုကျပြီး၊ လူပေါင်း သိန်းကျော် သေဆုံးခဲ့တဲ့ ဟေတီ (Haiti) နိုင်ငံ ပျက်စီးမှုကို ပညာရှင်တွေက အဆောက်အဦးတွေကို နိုင်ငံတကာ သတ်မှတ်ထားတဲ့ ဆောက်လုပ်ရေးဆိုင်ရာ စံနှုန်း၊ နည်းဥပဒေ (building code) တွေနဲ့အညီ ဆောက်လုပ်မထားဘဲ၊ အထိန်းအကွပ်မရှိ ဆောက်ချင်သလို စည်းမဲ့ကမ်းမဲ့ ဆောက်လုပ်ထားတာကြောင့် အခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့ရတာလို့ သုံးသပ်ပြောဆိုကြတယ်။ အဲဒီလောက် ပြင်းအားရှိတဲ့ မြေငလျင် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကိုမှာ ၁၉၈၉ ခုနှစ်က လှုပ်ခတ်တော့ လူ (၆၃) ယောက်သာ သေဆုံးပြီး၊ အဆောက်အဦးအချို့  ပျက်စီးခဲ့တယ်။

ပြောချင်တာက လေယာဉ်ပေါ်မှ ဖတ်ဖြစ်တဲ့ သတင်းတပုဒ်ကနေ ဖြစ်ပေါ်လာတဲ့ အတွေး၊ ရန်ကုန်မြို့ ကို ပြန်ရောက်စဉ် မြင်တွေ့ခဲ့ရတဲ့ ဖြစ်သလို ဆောက်လုပ်နေကြတဲ့ ကွန်ထရိုက်တိုက်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပြန်မြင်ပြီး၊ မင်းတို့လည်း ဒီအကြောင်းကို အတွေးချဲ့  စဉ်းစားဖို့။ ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ တာဝန်ရှိသူတွေ၊ နည်းဥပဒေတွေကို ပြဌာန်းနိုင်တဲ့ လူထုကိုယ်စားလှယ်တွေ၊ ပညာရှင်တွေကို တိုက်တွန်းဖို့။ ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်အကျိုးအမြတ် တစ်ခုတည်း မကြည့်ဘဲ မလုပ်ကြဖို့ နဲ့ ဆင်းရဲလှတဲ့ ဒို့ပြည်သူတွေလည်း ကိုယ့်မြေကို ကွန်ထရိုက်ပေးပြီး ဖြစ်သလို ဆောက်ပေးတဲ့ ကွန်ဒိုတိုက်ပေါ် အောက်ခြေလွတ် တက်နေပြီး ဒုက္ခရောက်မဲ့ ဘဝကို စိုးရိမ်မိလို့ပါ။

ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ပြောမယ်ဆိုရင် ပြောစရာတွေ အများကြီး။ အဲဒီထဲက အဆောက်အဦး၊ အိမ်ရာတိုက်တာ ဆောက်လုပ်ရာမှာ ရေရှည်တည်တန့်ခိုင်မြဲဖို့ အဓိကဖြစ်တဲ့ အခြေခံအုတ်မြစ် အောက်ခြေအဆင့်ကို စနစ်တကျချပြီး၊ ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ဖို့ အရေးကြီးသလို (ဒေါ်အောင်ဆန်းစုကြည်ကတော့ ၁၉၉၆ ခုနှစ် ဇွန်လ (၃) ရက်နေ့မှာ ရေးခဲ့တဲ့ မြန်မာပြည်မှပေးစာ (Letters from Burma) ဆောင်းပါး “Every Sturdy Structure Has a Sound Roof: Repairing the Roof” မှာ အိမ်၊ အဆောက်အဦးတခုမှာ ခေါင်မိုးလုံဖို့ အရေးကြီးတယ်။ ခေါင်မလုံရင် အားလုံး ဒုက္ခရောက်ကြတယ်လို့ ရေးသားခဲ့တယ်။)၊ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး နဲ့ နိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် “ဖွဲ့စည်းပုံ အခြေခံဥပဒေ” က အခြေခံအုတ်မြစ် ဖြစ်တယ်။ ဒါကြောင့် ဒို့တတွေ အနှစ်နှစ်အလလ တိုက်ပွဲဝင် တည်ဆောက်လာခဲ့တဲ့ ဒီမိုကရေစီစနစ်ကြီးကို အချိန်မရွေး ပြိုကျပျက်စီးစေမယ့် (ဖျက်စီးနေတဲ့) အုတ်ရောရော ကျောက်ရောရော စစ်အစိုးရ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒ သဘောထား အစစ်အမှန်နဲ့အညီ ရေးဆွဲပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အစားထိုးနိုင်ဖို့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်တွေ၊ ဒီမိုကရေစီဘက်တော်သား ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးနိုင်တဲ့ မင်းတို့တတွေ နဲ့ ရပ်နီးရပ်ဝေးမှာရှိကြတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို တချက်အားစိုက် ပြည်သူ့ဆန္ဒထုတ်ဖော် မဲပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ကြကွာ။

ဆက်ပြောရင် ပြောစရာတွေ အများကြီး။ အခုတော့ ဒီလောက်ပဲ။ နောက်မှ ဒို့တတွေ လည်ပတ်သွားလာခဲ့တဲ့ ထိုင်းနိုင်ငံအကြောင်း ပြောကြတာပေါ့။

မင်းတို့အားလုံး ဘေးဘယာဝေးကွာ ရွင်လန်းချမ်းမြေ့ကြပါစေ။

မင်းတို့ရဲ့ 

ဇွန်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts