သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – နိုဝင်ဘာမှာ တာဝန်ကျေဦးမည်

 

ငြိမ်းချမ်းအေး – နိုဝင်ဘာမှာ တာဝန်ကျေဦးမည်
(သည်လေဒီးစ်နယူးစ် / မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၅

၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် အထွေအထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ် စီစဉ်ထားတော့ အခုကျန်တဲ့ သုံးလကျော်ကာလလေးဟာ စဉ်းစားဆင်ခြင်သုံးသပ်စရာတွေ အများကြီးရှိပါတယ်။  လက်ရှိ အစိုးရ လေးနှစ်ကျော်သက်တမ်းကို ဘာပေတံနဲ့တိုင်း အမှတ်ပေးမလဲ။  ၂၀၁၅ နိုဝင်ဘာ အလွန်မှာ ဘယ်လိုအစိုးရမျိုးကို လိုချင်သလဲ။  မဲဆန္ဒရှင်လူထုအနေနဲ့ ဒီမိုကရေစီကျင့်စဉ် မဲတစ်ပြားကို ဘယ်လိုအသုံးချနိုင်သလဲ။  အစိုးရကောင်းဆိုတာ ဘာလဲ။

ဒီမိုကရေစီရဲ့ လက်တွေ့အသုံးဝင်မှုက ပြည်သူလူထုခံစားနေရတဲ့ဒုက္ခ၊ သုက္ခတွေကို လွတ်လပ်စွာဖော်ထုတ်တောင်းဆိုနိုင်ခြင်းသာ ဖြစ်ပါတယ်။  အခြားဒီမိုကရေစီရဲ့အသီးအပွင့်တွေကို ပြည်သူလူထု အများစုခံစားနိုင်ဖို့က လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ တရား ဥပဒေစိုးမိုးခြင်းတွေကို ဖော်ဆောင်ပေးနိုင်တဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ရှိတဲ့ အစိုးရကောင်းတစ်ရပ် တိုင်းပြည်မှာ ရှိဖို့ မဖြစ်မနေလိုပါတယ်။

ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် (Good Governance)၊ တစ်နည်း အစိုးရကောင်းတစ်ရပ်မှာ ရှိရမယ့် ဝိသေသလက္ခဏာတွေကို ကမ္ဘာ့ကုလသမဂ္ဂက အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

•    ပြည်သူလူထုအများစုရဲ့ ယေဘုယျသဘောဆန္ဒကို အခြေပြုခြင်း (Consensus Oriented) ၊

•    တိုင်းပြည်ရဲ့ အရေးပါတဲ့ကဏ္ဍအသီးသီးမှာ ပြည်သူလူထု ဆုံးဖြတ်ပါဝင်လုပ်ကိုင်ခွင့်ရှိခြင်း (Participatory) ၊

•    ဆူကြုံနိမ့်မြင့် လူပုဂ္ဂိုလ်မခွဲ တရားဥပဒေအတိုင်း တသွေမတိမ်း လေးစားလိုက်နာဆောင်ရွက်ခြင်း (Following the Rule of Law) ၊

•    အစိုးရရဲ့လုပ်ရည်ကိုင်ရည် ထိရောက်ကောင်းမွန် ချောမွေ့စေခြင်းဖြင့် ပြည်သူလူထုအကျိုးရှိစေခြင်း (Effective and Efficient) ၊

•    အလုံးစုံ တာဝန်ကျေခြင်းဖြင့် ပြည်သူ့ဆန္ဒကို ပြည့်ဝစေခြင်း (Accountable) ၊

•    ပြည်သူလူထု အများစုရဲ့တောင်းဆိုမှုဆန္ဒကို အပြုသဘောနဲ့ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ခြင်း (Responsive) ၊

•    တိုင်းပြည်ရဲ့အရေးပါတဲ့ကဏ္ဍအသီးသီးမှာ အစိုးရရဲ့ တာဝန်ယူလုပ်ဆောင်နေမူတွေကို ပြည်သူလူထုထံ အသိပေးခြင်းဖြင့် ထင်သာမြင်သာ ရှိစေခြင်း (Transparent) ၊

•    တရားမျှတ၊ အကျိုးအကြောင်းညီပြီး ပြည်သူအားလုံး တပြေးညီ ပါဝင်သက်ရောက်မှုရှိစေခြင်း (Equitable and Inclusive) တို့ဖြစ်ပါတယ်။

နိုဝင်ဘာမှာ ကိုယ့်ရဲ့ နိုင်ငံသားအခွင့်အရေး မဲတစ်ပြားကို အသုံးချပြီး အစိုးရသစ်တစ်ရပ်ကို ရွေးချယ်ရမယ့် လူထုဟာ အထက်မှာဖော်ပြခဲ့တဲ့ အစိုးရကောင်း တစ်ရပ်မှာ ရှိသင့်၊ ရှိအပ်တဲ့ စံသတ်မှတ်ချက်တွေကို အခြေခံပြီး လက်ရှိ အာဏာရပါတီ၊ အစိုးရကို စာမေးပွဲစစ် အဖြေထုတ်ကြည့်နိုင်ပါတယ်။  အအောင်၊ အရှုံး သတ်မှတ်နိုင်ပါတယ်။  ရွေးကောက်ပွဲမှာ နောက်အစိုးရသက်တမ်းတစ်ခုအတွက် ဘယ်လိုပါတီ၊ ဘယ်လို နိုင်ငံရေးသမားမျိုးတွေလက်အပ်မလဲ ဆိုတာကိုလည်း စဉ်းစားဆင်ခြင်နိုင်ပါတယ်။

လူပြိန်းအတွေးနဲ့ ယေဘုယျခြုံ သုံးသပ်ကြည့်ရင်ကို အစိုးရကောင်းသတ်မှတ်ချက်ပါ စံတွေဟာ ကျွန်တော်တို့တိုင်းပြည်မှာ ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ စစ်အစိုးရတွေနဲ့ လက်ရှိ တပ်မတော်ကျောထောက်နောက်ခံပြု ဗိုလ်ချုပ်ဟောင်းများအစိုးရနဲ့ အာဏာရပါတီမှာ ဖော်ဆောင်ဖို့အားနည်းခဲ့တဲ့၊ အားနည်းနေဆဲလည်းဖြစ်တဲ့ အချက်တွေ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။

ပြည်သူလူထု အများစုအတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးစနစ်တွေ၊ နိုင်ငံရေးအားဖြင့် ပြည်သူလူထုအများစု ဒီမိုကရေစီအသီးအပွင့်တွေ ခံစားလာနိုင်ဖို့ဆိုရင် အစိုးရကောင်းတစ်ခု တိုင်းပြည်မှာ မရှိမဖြစ် ရှိမှဖြစ်မယ်ဆိုတာကို ဒီမိုကရေစီ အပြည့်အဝ မရှိပေမယ့် တိုးတက်ဖွံ့ဖြိုးပြီး ပြည်သူလူထုအများစု လူလူသူသူ လူတမ်းစေ့နေနိုင်အောင် လုပ်ဆောင်နိုင်ပြီးဖြစ်တဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်တည်ရာ စင်ကာပူလိုနိုင်ငံက သက်သေသာဓကပြုပါတယ်။  ဒီမိုကရေစီစနစ်လို့ ပါးစပ်ကပြောနေပြီး အစိုးရကောင်းတစ်ရပ်ဖြစ်အောင် မဖော်ဆောင်နိုင်ရင် ပြည်သူလူထုအတွက် ဒီမိုကရေစီဟာ မတရားမှုတွေ ခံစားနေရပါတယ်လို့ ထုတ်ဖော်တောင်းဆိုနေခွင့် ရကောင်း ရနိုင်ပေမယ့် လက်တွေ့ တကယ် အကျိုးခံစားခွင့်ကတော့ မဲ့နေဦးမှာသာဖြစ်ပါတယ်။

လက်ရှိတိုင်းပြည်မှာ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခတွေကို ဖော်ထုတ်တောင်းဆိုရာမှာကိုလည်း အစိုးရက နည်းလမ်းမှန်မှန် တာဝန်ယူဖြေရှင်းပေးမှုမျိုး မရှိခဲ့ပါဘူး။  ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေမဖြစ်ပေါ်အောင်သာ ဥပဒေတွေနဲ့ ချုပ်ကိုင်တာ၊ ပေါ်လာရင်လည်း နည်းအမျိုးမျိုးနဲ့ ဖိနှိပ်တာ၊ တက်ကြွလှုပ်ရှားသူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ် ထောင်ဒဏ်ပေးတာမျိုးတွေကို ပြီးခဲ့တဲ့ လေးနှစ်သက်တမ်းအတွင်းမှာ နေ့စဉ်ကြားနေ၊ မြင်နေရခဲ့ပြီးပါပြီ။  ဒီမိုကရေစီစနစ်မှာ ပြည်သူ့အခက်အခဲတွေကို နံပါတ်တုတ်နဲ့မရှင်း၊ ကျည်ဆန်မကျွေး၊ မီးလောင်ဗုံးမသုံး၊ ထောင်တန်းမချဘဲ အမြော်အမြင် အသိဉာဏ်ရှိရှိ (Smart ကျကျ) လက်ခံစဉ်းစား အမှန်တကယ် တာဝန်ယူဖြေရှင်းပေးနိုင်တဲ့ အစိုးရကောင်းတစ်ရပ် မရှိ မဖြစ် ဒွန်တွဲနေရမယ်ဆိုတာဟာ အရေးကြီးလှပါတယ်။

ဒါ့အပြင် တိုင်းပြည်ရဲ့ဥပဒေပြုလွှတ်တော်များကလည်း သက်ဆိုင်ရာအခွင့်အရေးနဲ့ တာဝန်တွေကိုသိနားလည်ပြီး ကျေပွန်အောင် ထမ်းရွက်နိုင်ဖို့ လိုအပ်ပါသေးတယ်။  တိုင်းပြည်မှာ ပြည်သူ့လူမှုဘဝ တိုးတက်ဖွံဖြိုးစေဖို့အတွက် ဖော်ဆောင်လုပ်ကိုင်ရာမှာ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများနဲ့  လူထုအခြေပြုအဖွဲ့အစည်းတွေ အပြန်အလှန် အမှီတံကဲပြုရပါတယ်။  အပြန်အလှန် ထိန်းညှိရပါတယ်။  ဆိုတော့ မဲဆန္ဒရှင်များဟာ ကိုယ့်ရဲ့ မဲဆန္ဒကတဆင့် လွှတ်တော်ထဲကို လူထုအပေါ် အမှန်တကယ်ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေ များများ လွှတ်နိုင်ဖို့လိုပါတယ်။  လူတစ်စုအရေးကို ဇောင်းပေးနေသူများကို ချန်ထားခဲ့နိုင်ရပါမယ်။

အခုဆိုရင် ၂၀၁၅ အလွန်လွှတ်တော် နိုင်ငံရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို အဓိက အတိုက်အခံ ဒီမိုကရေစီဦးဆောင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ဆက်လက် ယှဉ်ပြိုင်ဝင်ရောက်မယ် တရားဝင် ဆုံးဖြတ် လူထုကို အသိထားပြီးပါပြီ။  ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဝင်ချိန် ပေးခဲ့တဲ့ ကတိတွေ ဖြစ်တဲ့ ဒီမိုကရေစီနည်းမကျတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး တွေ ကုန်လွန်ခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း အောင်မြင်ပြီးမြောက် မလုပ်နိုင်ခဲ့ကြောင်းကို ပြန်လည်သုံးသပ်၊ အကောင်းဆုံးအလုပ်တွေနဲ့ ၂၀၁၅ အလွန်မှာ ရှေ့ဆက်နိုင်ဖို့ ကြိုတင် ပြင်ဆင်စီစဉ်ထားနိုင်ရပါမယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ်များ၊ မဲမသမာမှုစွပ်စွဲနိုင်မှုများ၊ ကြိုတင်မဲ၊ တမလွန်မဲများအပြည့်နဲ့ အနိုင်ရရှိခဲ့တဲ့ လက်ရှိ အာဏာရပါတီကလည်း “လမ်းတစ်ခြမ်းခင်း” နည်းတွေ၊ “မဲပေးမှ ရေပေး၊ မီးပေးမယ်” ဆိုတဲ့ နည်းတွေနဲ့ လာမယ့် နိုဝင်ဘာကို ဖြတ်သန်းလို့ မရကြောင်း ဒီလေးနှစ်ကျော် သက်တမ်းမှာ နားလည်တွက်မိ အကောင်းဘက်ကို ပိုမို ပြုပြင်ပြောင်းလဲလိုစိတ် ထားနိုင်ရပါမယ်။  ပြည်သူ့အကျိုးကို တကယ် စိတ်စေတနာသန့်သန့်နဲ့ ထမ်းနိုင်မှ ဒီမိုကရေစီစနစ် နိုင်ငံရေးမှာ ရှင်သန်နိုင်ပါမယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာကို အာဏာရပါတီအနေနဲ့ သင်ခန်းစာ ယူတတ်ရင် သင်ခန်းစာတွေ အများကြီး ရခဲ့သင့်ပါပြီ။  ဒါပေမဲ့ သူတို့ ရခဲ့ဟန်မတူပါ။  ဒါကြောင့်သာ ကြားဖြတ် အပြီး နှစ်နှစ်ကျော်မှာလည်း လူထုနဲ့ဆန့်ကျင်တဲ့ မူဝါဒတွေ၊ အလုပ်တွေသာ ဆက်လက်ပြသခဲ့ကြတယ်။  အရင်စစ်အစိုးရခေတ်များလို ပြုမူကျင့်ကြံချင်တဲ့ အခြေခံသဘောထား Mindset တွေကို ပြင်နိုင်ရပါမယ်။

တိုင်းပြည်မှာ ရေရှည်ဖွံဖြိုးတိုးတက်ပြီး မြန်မာအပါအဝင် တိုင်းရင်းသားလူမျိုးစုအားလုံး၊ နိုင်ငံသား အားလုံး၊ ဘာသာ လူမျိုးမခွဲ ခွင့်တူညီမျှမှုကိုအားပေးတဲ့ ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်နိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် တွေကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံက အာမခံမပေးနိုင်သေးတာ အားလုံးသိမြင် ထောက်ပြနေကြပြီးပါ။  ဒါကိုလည်း ၂၀၁၅ အလွန်မှာ အလုံးစုံ ပြင်နိုင်ဖို့ လွှတ်တော်နိုင်ငံရေး၊ ရွေးကောက်ပွဲလမ်းစဉ်ရွေး နိုင်ငံရေးခေါင်းဆောင်များ မဖြစ်မနေကြံစည်ရပါမယ်။

ဒါ့အပြင် တိုင်းရင်းသား ပြည်သူလူထု လက်ငင်းရေတို လူမှုဘဝဖွံဖြိုးတိုးတက်လာအောင်လည်း လူထုနိုင်ငံရေးသမားများရဲ့ အလုပ်၊ လူမှုအဖွဲ့အစည်းတွေရဲ့အား၊ ဒေသဆိုင်ရာအစိုးရနဲ့ လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာ စတာတွေကိုအသုံးချပြီး နိုင်ငံအနှံ့ ရပ်ကွက်၊ ကျေးရွာမကျန် မီးလင်းရေးလို၊ လမ်းပမ်း ဆက်သွယ်ရေးကောင်းမွန်ရေးလို၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေ အကျိုးရှိရှိဖော်ဆောင်နိုင်ဖို့အတွက်က လက်ရှိအခြေခံ ဥပဒေမှာပါတဲ့ ပြဌာန်းအတည်ပြုပြီး ဖြစ်တဲ့ ဥပဒေတွေအောက်မှာလည်း ဆောင်ရွက် စွမ်းဆောင်နိုင်တာတွေ ရှိပါတယ်။

တကယ် လက်တွေ့ဖော်ဆောင်နိုင်ဖို့အတွက် လူထုက မိမိရဲ့ အခြေခံဥပဒေက ပေးပြီးဖြစ်တဲ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို သိနားလည်ရမယ်။  ဒေသဆိုင်ရာအစိုးရတွေက မိမိတို့ရရှိထားတဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြည်သူအကျိုးရှိအောင် အသုံးချတတ်ရပါမယ်။  ဒေသဆိုင်ရာ ဥပဒေပြုလွှတ်တော်တွေမှာ ရှိနေတဲ့ နိုင်ငံရေးပါတီအသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဥပဒေပြုနိုင်မှုများကတဆင့် ပြည်သူအကျိုးရှိအောင် လုပ်နိုင်တယ်ဆိုတာ သိနားလည်ရမယ်။

ဒီလို ဒီမိုကရေစီလူဘောင်ရဲ့ လူတန်းစားအသီးသီး၊ အဖွဲ့အစည်းအသီးသီးက တာဝန်သိ၊ တာဝန်ကျေ လုပ်ဆောင်နိုင်မှုတွေ အမှန်တကယ်လက်တွေ့ကျင့်ကြံနိုင်မှု အားနည်းခဲ့ကြောင်းကို ပြီးခဲ့တဲ့ လွှတ်တော်နိုင်ငံရေး၊ အရပ်သား ဒီမိုကရေစီ အစိုးရက ထင်ထင်ရှားရှား ပြသခဲ့ပါပြီ။  အစိုးရအဖွဲ့ဝင် သမ္မတအစ ကျေးရွာ အုပ်ချုပ်ရေးမှုးအဆုံး ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံရေးပါတီ အသီးသီးနဲ့ သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူတန်းစားအလွှာပေါင်းစုံက ပြည်သူတွေ ဒီမိုကရေစီကျင့်စဉ်၊ အလုပ်၊ လုပ်ပိုင်ခွင့်၊ အခွင့်အရေး၊ တာဝန်၊ ဝတ္တရား၊ စောင့်ထိန်းမှု အားလုံးကို သိနားလည်၊ လေးစားလိုက်နာ၊ တာဝန်ကျေ ဆောက်ရွက်နိုင်ခြင်းဖြင့်သာ တိုင်းပြည်မှာ ပြည်သူလူထုအများစု အကျိုးရှိမယ့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးစံနှုန်းစနစ်တွေ ဖော်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ တပ်မတော်နောက်ခံအာဏာနဲ့ တက်လာတဲ့ ဗိုလ်ချုပ်ဟောင်းအများစုနဲ့ အစိုးရ၊ လွှတ်တော်ထဲမှာ နေရာ အများစုရထားတဲ့ အာဏာရပါတီ၊ အလိုအလျောက် ဗီတိုအာဏာကို ဆက်လက်ဆုပ်ကိုင်ထားလိုတဲ့ တပ်မတော်၊ ယခင် ထောက်ကျခံ၊ အဖိနှိပ်ခံပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့လို့ ပြည်သူလူထုရဲ့ လေးစား မျှော်လင့် ယုံကြည် အားပေး ထောက်ခံမှုများတဲ့ အတိုက်အခံ ဒီမိုကရေစီပါတီ အစရှိတဲ့ မြန်မာ့နိုင်ငံ့အရေး ကစားကွက်ဖော်ဆောင်သူ အားလုံး ၂၀၁၅ အလွန် နိုင်ငံရေး အတွက် သိမြင်နားလည်လက်ခံပြင်ဆင်ထားရမယ့် အချက်တွေရှိပါတယ်။  ဒါကတော့ ပြည်သူလူထု လူအများစုကို အမှန်တကယ် အလုပ်အကျွေးပြုဆောင်ရွက်နိုင်မှု လုပ်ရည်ကိုင်ရည် (Efficiency) နဲ့ စွမ်းဆောင်နိုင်ရည် (Capacity) ရှိမှု၊ စွမ်းဆောင်လိုစိတ် (Political Will) တာဝန်ကျေ၊ တာဝန်သိ ရိုသားဖြောင့်မတ် သီလရှိမှု (Uprightness ) များဖြစ်ပါတယ်။  ဒီအချက်တွေကသာ ရေရှည် ဒီမိုကရေစီစနစ်နိုင်ငံရေးမှာ ရှင်သန်နိုင်ဖို့ရာ အဆုံးအဖြတ်ပေးမှာပါ။

မဲဆန္ဒရှင်လူထုဘက်ကလည်း ဒါတွေကို အခြေခံပြီးပဲ ဆုံးဖြတ်ကြပါမှာပါ။  လူထုအကျိုးပြုအပေါ်မူတည်ပြီးပဲ အဖြူ၊ အမည်း ခွဲကြမှာပါ။  မြန်မာပြည်လူထု ဘယ်တုန်းကမှ ဒုံးမဝေးခဲ့၊ သမိုင်း မအခဲ့၊ သွေးမကြောင်ခဲ့ကြောင်းကို ၁၉၆၀ ရွေးကောက်ပွဲ၊ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါပြီ။  နောက်ပိုင်းမှာ လူထုဆန္ဒများဟာ သေနတ်ပြောင်းဝအောက်မှာ အရာမထင် ဖြစ်ခဲ့ရပေမယ့် လူထုဘက်ကတော့ အမြဲတာဝန်ကျေခဲ့ပါတယ်။  နိုဝင်ဘာမှာလည်း လူထုဟာ ဆက်ဆက် ဆက်လက်တာဝန်ကျေဦးမယ် ဖြစ်ကြောင်း အခြား တာဝန်ကျေသင့်သူအားလုံးကို အမှန်ုမြင်၊ ပြင်၊ သိစေအပ်ကြောင်းပါ။

ငြိမ်းချမ်းအေး

ဇူလိုင် ၁၆၊ ၂၀၁၅ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၇၀)၊ (၂၀၁၅) ခုနှစ် ဇူလိုင် (၁၇) ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်သည်။  မိုးမခတွင်လည်း အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။

နိုဝင်ဘာမှာ တာဝန်ကျေဦးမည်|| ငြိမ်းချမ်းအေး ||၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် အထွေအထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ…

Posted by The Ladies News on Wednesday, July 22, 2015


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငြိမ်းချမ်းအေး – နိုဝင်ဘာမှာ တာဝန်ကျေဦးမည်

Comments are closed.