သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ဘီလူးစည်းနှင့် လူ့စည်း

 မောင်မိုးသူ – ဘီလူးစည်းနှင့် လူ့စည်း
(မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၅

သည်ဆောင်းပါးခေါင်းစဉ်ကို ထောင်ထဲမှာအတူရှိစဉ်က ဦးဝင်းတင်ရေးခဲ့တဲ့ ကဗျာရှည်ကြီး ထိပ်ပြား ဘီလူးနှင့် ဘကြီးပွား ကဗျာကို သတိရတဲ့အနေနဲ့ တပ်လိုက်တာပါ။ စစ်အာဏာရှင်တွေကို ဘီလူးတော့ဘီလူးပဲ။ ဒါပေမယ့် ထိပ်အချွန်နဲ့ ဘီလူးမဟုက်ဘူး။ ထိပ်ပြားနေတဲ့ ဘီလူး၊ အစွမ်းမထက်တော့တဲ့ ဘီလူး၊ အဲသည် ထိပ် ပြားဘီလူးနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရသူ၊ စကားအချီအချပြောရသူက ဘကြီးပွားဖြစ်ပါတယ်။ ဦးဝင်းတင်ဟာ သူ့ကိုယ်သူ ဘကြီးပွားလို့ အမည်မှည့်ခေါ်ရတာက သူ့မှာ သွားတွေမရှိတော့ဘဲ အံကပ်နဲ့နေရသူ ဖြစ်လို့ပါပဲ။

ဦးဝင်းတင် ကွယ်လွန်သွားခဲ့ပါပြီ။

တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် အသုဘအခမ်းအနားကို ဘကြီးမိုးတို့ ဆောင်ရွက်ခဲ့ကြပါတယ်။   ဦးဝင်းတင် လုပ်သမျှအ လုပ်တွေမှာ ဘကြီးမိုး တရွတ်တိုက်ပြီး လိုက်ပါရသူဖြစ်ပါတယ်။ ဦးဝင်းတင်က နိုင်ငံရေး အကျဉ်းသားများနဲ့ အကျဉ်းသား ဟောင်းများ၊ ဘဝတူ စာနယ်ဇင်းသမားများကို ကူညီထောက်ပံ့တဲ့ ဦးဝင်းတင် ဖောင်ဒေးရှင်းလုပ်တော့ ဘကြီးမိုးပါရတာပဲ။ ဦးဝင်းတင် ကွယ်လွန်သွားတဲ့နောက်အထိ ဆက်ပြီး တာဝန်ယူနေ ရတာပါ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီလှိုင်းဂျာနယ် ထုတ်မယ်ဆိုတော့လည်း ဦးဝင်းတင်နဲ့ ဘကြီးမိုးတို့ က အကြံပေးအဖြစ် ပါရတာပဲ။ ဘဘလတ်၊ ဒေါ်ခင်မျိုးချစ်တို့ရဲ့မြေး မောင်ရစ်က ‘ မိုးမခ’ ဆိုတဲ့ အွန်လိုင်း    မဂ္ဂဇင်းကို ပြည်တွင်းမှာ ထုတ်ဝေဖို့ လုပ်လာတော့လည်း ဦးဝင်းတင်နဲ့ ဘကြီးမိုးတို့က နာယကဆိုပြီး ပါရပြန် ရော။ ဦးဝင်းတင် ကွယ်လွန်သွားပေမယ့် မိုးမခမှာ ဘကြီးမိုးတစ်ယောက် မောင်စွမ်းတို့ မာမာအေးတို့နဲ့အတူ နာယကအဖြစ် ကျန်ရစ်ပါတယ်။

ဦးဝင်းတင် ကဗျာစပ်ခဲ့တဲ့ ထိပ်ပြားဘီလူးဆိုတာ ရှိတုန်းပဲခင်ဗျ။ ဘကြီးမိုးကိုယ်တိုင်လည်း သွားတွေ မရှိတော့လို့ ဘကြီးပွားလို့ ပြောရမလို ဖြစ်နေပါပြီ။

အဲသည်အချိန်မှာ ၂၀၁၅ ရွေးကောက်ပွဲက နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ်လို့ ကြေငြာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုတာလည်း စစ်အစိုးရစိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ ပြုလုပ်မှာ ဖြစ်ပါ တယ်။ စစ်သားကိုယ်စားလှယ် အစိတ်သားက အော်တိုမက်တစ် ပါပြီးသားလေ။ အဲသည် ရွေးကောက်ပွဲကို ကြီး ကြပ်လုပ်ဆောင်ပေးမယ့် အဖွဲ့ကလည်း ဗိုလ်ချုပ်ကြီးဟောင်းနဲ့ အဖွဲ့။

ဘာပဲပြောပြော ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ နှစ်ဦးနှစ်ဖက် ပြင်ဆင်မှုတွေ လုပ်လာကြတာ တွေ့ရပါ တယ်။

ယခင် မဆလပါတီ အမည်ပြောင်း တစညကလည်း ရွေးကောက်ပွဲဝင်မှာတဲ့။ မဆလရော တစညပါ အတူတူပါပဲ။ စစ်တပ်က လူတွေပါပဲ။

အခြေခံဥပဒေအရ စစ်တပ်ကိုယ်စားလှယ် အစိတ်သားက နေရာယူပြီးဖြစ်တဲ့အပြင် စစ်တပ်အသွင် ပြောင်း ကြံ့ခိုင်ကလည်း ရွေးကောက်ပွဲဝင်ဖို့ လုပ်နေကြပါပြီ။ သူတို့အချင်းချင်း အဝေမတည့်တဲ့သတင်းတွေ ကြားနေရပေမယ့် ဘာပဲပြောပြော သူတို့ရဲ့အခြေခံကတော့ စစ်တပ်ပဲလေ။ ဦးဝင်းတင်ရဲ့ ထိပ်ပြားဘီလူးတွေ ပေါ့။ သည်တော့ အဲသည်အဖွဲ့တွေက ဘီလူးစည်းက ရပ်နေကြသူများပေါ့။

ပြည်သူဘက်က ဒီမိုကရေစီ လိုလားသူများကလည်း လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်နေရာ အားလုံးလိုလို ဝင်ရောက်အရွေးခံမယ်လို့ ဆိုပါတယ်။ ခြွှင်း ချက်ကတော့ မဟာမိတ်တိုင်းရင်းသားပါတီများနဲ့တော့ ညှိနှုင်းမှုလုပ်မယ်လို့ ဆိုပါတယ်။

တစ်ချိန်လုံး နိုင်ငံရေးပါတီအဖြစ် မရပ်တည်ခဲ့တဲ့ ၈၈ ပွင့်လင်းကလည်း သူတို့အုပ်စုက ၁၇ ယောက် လောက် အင်န်အယ်လ်ဒီက အရွေးခံမယ်လို့ ဆိုပါတယ်။ ယခင် ဦးသုဝေရဲ့ ပါတီက အနိုင်ရခဲ့တဲ့ ဒေါက်တာ ညိုညိုသင်းကလည်း အင်န်အယ်လ်ဒီက ဝင်ရောက် အရွေးခံမယ်လို့ ဆိုပါတယ်။

ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဥက္ကဌ ဦးခွန်ထွန်းဦး ကိုယ်တိုင်က ရွေးမရွေး မသေချာ သေးပေမယ့် ရွေးကောက်ပွဲဝင်ဖို့တော့ ပြင်ဆင်နေပါပြီ။ အင်န်အယ်လ်ဒီနဲ့ ညှိကြမှာပါ။ ရှမ်းအဖွဲ့မှာ လက်ရှိ ရှမ်း ကိုယ်စားလှယ်တွေက ရှမ်းဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကို ကူးပြောင်းလာလို့ လက်ရှိ လွှတ်တော်မှာပဲ ရှမ်းကိုယ် စားလှယ်တချို့ ရှိနေပါတယ်။

အဲသည် အဲသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရယ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ၁၇ ဦး ရယ်၊ ထက်မြက်တဲ့ ဒေါက်တာညိုညိုသင်းရယ်၊ ရှမ်း ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်တွေကတော့ ပြည်သူဘက်က ရပ် တည်ကြမှာမို့ အဲသည်အဖွဲ့က ‘ လူ့စည်း’ ပေါ့ခင်ဗျ။

သည်ပွဲဟာ ဘီလူးစည်းနဲ့ လူ့စည်း ရင်ဆိုင်တွေ့ကြမယ့် ပွဲပါပဲ။
အဆုံးအဖြတ်က ပြည်သူလူထုပါပဲ။
ဘီလူးစည်း၊ လူ့စည်းနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts