ဝတ္ထုတို မောင်အောင်မွန်

မောင်အောင်မွန် – ဂိတ်ဆုံးပြီ ဇာတ်လမ်းစကြပါစို့

မောင်အောင်မွန် – ဂိတ်ဆုံးပြီ ဇာတ်လမ်းစကြပါစို့
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅ (မိုးမခမဂ္ဂဇင်း ဇူလိုင်တွင် ဖော်ပြပြီး)

(၁)
လက်တဘက်က အိတ်ကြီးကိုမနိုင်မနင်းမပြီး တဘက်က လမ်းလျှောက်တတ်စ ကလေးမကိုဆွဲလျက် သောကောမောကော တက်လာသော အမျိုးသမီးကိုမြင်လိုက်၍ ကိုဝေမိုးစိတ် ဖက်လက်စ စာအုပ်ဆီပြန်မသွားနိုင်တော့။ ထိုင်းနိုင်ငံ နောင်ခိုင်မြို့ ကနေ ဘန်ကောင်သို့သွားမည့် အဝေးပြေးဘတ်စ်ကားပေါ်မှာပါ။ အေးအေးလူလူ Sex Appeal and Colors  ညှို့ဓာတ်နဲ့ အရောင်ဆိုတဲ့စာအုပ် ဆက်ဖတ်ပြီး အိပ်လိုက်သွားမည်ဟူသောစိတ်ကူး ပျက်တော့မည်လော။

နောက်ဆုံးတန်းဘေးခုံကို တမင်ရွေးဝယ်ခဲ့သည်။ ခရီးသည်အတော်များလာသည့်တိုင် သူ့ဘေးထိုင်ခုံက လွတ်နေဆဲမို့ အပိုတခုံထပ်ရလိုက်၊ လက်တင်တန်းလေးထောင်ကာ ခါးဆန့်အိပ်မည်၊ ဟောကြည့်ပါ၊ နောက်ကျခရီးသည်မက မိမိရှိရာသို့ လာနေလေပြီ။

(၂)
“ထိုင်တော်မူ ကျေးဇူးရှင်မ၊ ညည်းကြောင့် ရထားလည်းလွတ်သွားပြီ၊ တနင့်ကြီးပေးဝယ်ထားရတဲ့ ၀တ်စုံလည်း မလဲ နိုင်တော့ဘဲ  ဂိတ်ဆုံးတဲ့အထိ မတ်တတ်ရပ်သွားရမယ်၊ ညည်းကိုခေါ်မလာပြန်ရင်လည်း ပြစ်တင်ကြလို့ဆုံးမှာ မဟုတ်ဘူး”

ကလေးမလေးကမူ ဘာမှစိတ်ဝင်စားပုံမရပဲ မျက်လုံးလေးပေကလပ်နှင့် ကိုဝေမိုးကိုပင် ပြုံးကြည့်လိုက်သေး။ ခရီးဝေးသွား မည့်ပုံထက် ဧည့်ခံပွဲတက်သည့်အသွင်ပိုဆောင်နေသော မိန်းမချောအိတ်ကြီးကို တန်းပေါ်တင်ဖို့ကြိုးစားနေသမို့ “ ကူညီရမ လားခင်ဗျာ” လို့ကိုဝေမိုးကမေးလိုက်တော့  “ဟုတ်ကဲ့  ကျေးဇူးပါပဲ” တဲ့။ စောစောက ထိုင်းဘာသာစကားနှင့် ကလေးမလေး ကိုပြောနေခဲ့ပြီး ခုတော့ အင်္ဂလိပ်လိုသွက်လက်စွာဖြေ၏။ ကံနတ်သမီးက မျက်နှာစိမ်း ခရီးသည်နှစ်ယောက်ကြား ဆော့က စားတော့မည်လား။  ပြင်သစ်သတင်းအေဂျင်စီ ဘန်ကောက်ဗျူရိုမှ လက်ထောက်အယ်ဒီတာ ကပ်ပြားလေးထုတ်ပေးရင်း မိတ်ဆက်လိုက်၏။

(၃)
Silky path Thai Tourism မှ Chief Guide ဆုနိစာ လက်ဆွဲနှုတ်ဆက်၊ ကလေးမကို အလယ်ထား စကားပြောကြရင်း၊ ကမ္ဘာလှည့်ခရီးသည်များအား လောနိုင်ငံသို့ လေယာဉ်ပျံနှင့်သွားပို့ခဲ့ပြီး၊ နောင်ခိုင်မြို့ရှိ အဒေါ်ထံခဏအ၀င် တူမလေးပါး လိုက်ဖို့ ပြင်ဆင်လို့ မီးရထားလည်းလွတ်၊ အိပ်စင်လက်မှတ်လည်းဆုံး၊ ဘတ်စ်ကားမီပေမယ့် တခုံပဲရလိုက် စသဖြင့် ပြော ပြသည်။

ကိုဝေမိုးက ပြတင်းပေါက်ဘက် သူ့ထိုင်ခုံနဲ့လဲပေးလို့ ဆုနိစာ ကျေးဇူးတင်ရပြန်ပြီ။ ကူညီခြင်းသည် လူ့ကျင့်ဝတ်၊ မိန်းမချော တယောက်ဆိုတာထက် ပိုလို့ပါဟုဆိုလိုက်ပြီး  ကိုဝေမိုးက ရပ်ထားလိုက်ရာ၊ ဆုနိစာစောင့်ရင်း မျက်လုံးက စာအုပ်ဆီ ရောက်သွား၊ အပြန်အလှန်ပြုံးကြ၊  ဆုနိစာရဲ့အင်္ကျီကပန်းချီမို့ပါဆိုတဲ့အသံ ကြားလိုက်ရ၍ သောကဟူသမျှ ရေထဲမျောပါစ ဖြစ်သွားလေပြီ။

“လည်ပင်းက မြစိမ်းရောင်က အ၀ါစွက်ကာဖက်ဖူးရောင်၊ အ၀ါကဲလာရင်း အစိမ်းပျောက်၊ လိမ္မော်ကူး၊ နောက်တော့ ပန်းနု ရောင် ရင့်ရင့် ရင်သားနှစ်မွှာဘက်နီးလေ ပိုရင့်လေ အမြင့်ဆုံးရောက်တော့ နီရဲရဲနဲ့ အတင့်ရဲ  ပြန်ဆင်းတော့လည်း …”

“ ဝေ ကပန်ချီဆရာလား”

“သတင်းသမားပါ၊ နားမလည်တာက ဆုနိစာရဲ့အင်္ကျီ ပိုးသားပျော့အိအိပေါ် ညှို့ဓာတ်ပြေပြေလေး တက်သွားအောင် အ ရောင်တွေ အလိုက်သင့်ပြောင်းသွားအောင် ဘယ်လိုလုပ်ခြယ်သထားပါလိမ့်”

“၀တ်ထားတာတွေ့လိုက်တဲ့ အမေရိကန်မတယောက်ရဲ့ အကူအညီနဲ့ ကိုယ်တိုင်းအတိအကျပေးပြီး  နယူးယောက်ကိုမှာ ရတာ၊ တနင့်ကြီးပေးရကျိုးနပ်တာက မစ္စတာဂိုးဆိုတဲ့ခရီးသည်က သဘောကျလို့ နယ်သာလန်ကို ဖိတ်သွားဖူးတယ်၊ ခေါ် ရင်တော့ တခါထဲလိုက်သွားမှာ”

ရယ်ရယ်မောနှင့်ရင်းနှီးလာကြပြီ။ စိတ်တိုဒေါသထွက် တညလုံးအိပ်ငိုက်ခြင်းထက် ခုလို မွန်မွန်ရည်ရည် အဖော်တယောက် နှင့် ….။ ပြီးတော့ ညှို့ဓာတ်နဲ့အရောင် ၏ဆိုတဲ့စာအုပ်၊ ထပ်ကြားချင်သေး၊ သူ့ဆီက ဆုနိစာသိချင်တာတွေ မေးရဦးမည်လေ။

(၄)
အရောင်က ဖိုမဆွဲဆောင်မှုမှာ အရေးပါလို့ အ၀တ်အစားအရောင်ရွေးတဲ့အခါ အတွဲအဖက်ကို အလေးထားကြတာလို့ စာအုပ်ကဆိုကြောင်း ကိုဝေမိုးကစလိုက်သောအခါ ဆုနိစာက ဘလောက်စ်၊ စကပ် သို့မဟုတ် ဘောင်းဘီသာမက လူမမြင် ရတဲ့ အောက်ခံတွေရဲ့အရောင်ကိုပါ ရွေးပြီးတွဲပုံဆိုလာရာ၊

“အောက်ခံတွေက ပိုအရေးကြီးတာပေါ့၊ မြင်ရမယ့်သူကိုညှို့ဖို့ အရောင်ရွေးရတာ”

ဆုနိစာက မျက်စောင်းထိုး တံတောင်းနှင့်တွက်ကာ လုံးလားထွေးလားဖြစ်သွားကြပြီးနောက်

“စာအုပ်ထဲပါတာပါ၊ ဥပမာ ဆုနိစာဝတ်ထားတဲ့ ဘရာစီယာရဲ့အရောင် ခန့်မှန်းလို့ရနိုင်”

“မဖြစ်နိုင်တာကြီး”

“မှန်ရင် ဘာပေးမလဲ”

ကိုဝေမိုးက နှုတ်ခမ်းလေးစုပြရာ ဆုနိစာကခေါင်းညိတ်၏။

“ဆုကြေးကမြင့်လို့၊ သေသေချာချာတွက်ရမယ်။ ဘလောက်စ်ရဲ့ အောက်နားက နီရဲရဲ စကပ်ကနက်ပြာ၊ အဲဒီတော့ ခရမ်း ရောင် ကိုရွေးလိမ့်မယ်”

ဆုနိစာက ဒုတိယအကြိမ် ခေါင်းညိတ်ကာ နှုတ်ခမ်းထိုးပေရာ

“ကျနော်ကသတင်းသမားဆိုတော့ မှန်ကြောင်းသက်သေအထောက်အထား …”

သည်လိုနှင့် ကလေးဆိုးကြီးရဲ့အနမ်းခံရ၊ ကြယ်သီးသုံးလုံးဖြုတ် လင်းရင်ကြည့် မှောင်ရင်ထိရ၊ ဆုနိစာလည်း ပျော်ရ ကျေနပ် ရ။ မှောင်စပြုလာလို့ အိတ်ကြီးကို နှစ်ယောက်သားထယူကြရင်း ထပ်နမ်းကြ၊ ကလေးမလေးလည်း အိပ်သွားပြီ၊ တခြားခရီး သည်တွေလည်း အိပ်ကြတော့မည်၊ ဝေမိုးနှင့် ဆုနိစာတို့ကား …..။

(၅)
နခွန်ရတ်စတီမာရောက်တော့ ကားကြီးရပ်ကာ ခရီးသည်တွေ အားလုံးဆင်းကြ အညောင်းပြေ ခြေဆန့်လက်ဆန့် အပေါ့ အပါးသွားဖို့ပါ။ အောက်ရောက်တော့ မီးတွေကထိန်ထိန် လေရှူရတာကလည်း သန့်စင်လတ်ဆတ်၊ ဆုနိစာအလှကို ပိုပီပြင်စွာမြင်ရ၊ ရင်းနှီးမှုကို အရှိန်မြှင့်ကြ၊ ကလေးမခမျာ မျက်လုံးဖွင့်မရ၊ ဝေမိုးပခုံးပေါ်ထမ်းရ …။

အများတကာ အမြင်မှာတော့ လင်မယားနှစ်ယောက်နှင့် သမီးလေး။

ကံနတ်သမီးက အဲဒီအမြင်ကို သူတို့စုံတွဲအတွေး နောက်တော့သွေးသားထဲ ထည့်ပေးလိုက်လေပြီ။ အစဉ်အလာအရ ခရီး သည် တွေ ဆန်ပြုတ်သောက်ကြရာသို့ မသွားမိ၊ ဘတ်စ်ကားဆီ ရောက်သွား၏။ မီးမှိတ်တံခါးပိတ်ကာ စီးကရက်ဖွာနေသော ယာဉ်မောင်းကလည်း သူတကာလိုမြင်ပေလိမ့်မည်။ ဆုနိစာက ….

“ကလေးကို လေစိမ်းတိုက်နေလို့ပါ၊ ကားထဲဝင်ပါရစေရှင်”

အမေရဲ့သောကကိုစာနာ အဖေရဲ့ပင်ပန်းမှုကို ကိုယ်ချင်းစာကာ တံခါးဖွင့်ပေးရင်း

“မီးတွေဖွင့်လိုက်ရင် တခြားခရီးသည်တွေပါ တက်လာကြမယ်၊ ၁၅ မိနစ်လိုသေးတယ်၊ တက်ကြ”

၁၅ မိနစ်၊ အချိန်ရှိခိုက် လုံ့လစိုက်၊ ခပ်မြန်မြန်။ ကားပေါ်အတက် တယောက်ခါး တယောက်ဖက်၊ အပြန်အလှန်နမ်းရင်း ထိုင် ခုံဆီရောက်တော့ ဘန်ကောက်ရောက်ရင် အဖေနဲ့တွေ့ရမည်ကို ကလေးမလေး အိပ်မက်နေမည်လားမသိ။ ကံနတ်သမီး ဆော့ကစားသည့်အတိုင်း နှစ်ယောက်သား အပြေးအလွှား၊ “ကွယ် သိပ်မကြမ်းနဲ့ သမီးလေးကို ဖိမိသွားမယ်” ဆိုတဲ့ ဆုနိစာ ရဲ့ ညှို့တ၀က် ပျော်တ၀က်အသံ။

အချိန်တန်တော့ မီးတွေပွင့် တံခါးဖွင့်၊ ခရီးသည်တွေ တက်လာကြ ကိုယ့်ခုံကိုယ်ထိုင်၊ ဘန်ကောက်သို့ ခရီးဆက်လက် ထွက် ခွာလာ။

(၆)
မိုးလင်းလာတော့ ဘန်ကောက်နှင့် နီးလာလေပြီ။ Silky path Thai Tourism မှာ လုပ်ကိုင်ရပုံ၊ စနစ်ကျအကွက်စေ့၍ အောင်မြင်ကြောင်း၊ အခြားမြို့များသို့ လုပ်ငန်းတိုးချဲ့ ဆက်စပ်နေလို့ မိမိရဲ့ ဗီယက်ရှန်းခရီး Chief Guide အဖြစ်သာမက လုပ်ငန်းကိုယ်စားလှယ် တာဝန်ပါယူခဲ့ရကြောင်း ဆုနိစာက ရှင်းပြ၏။

ကိုဝေမိုးကလည်း ဘန်ကောက် Beuro Chief တာဝန်ပေးတိုင်း အကောင်းဆုံးလုပ်ပေးနိုင်လို့ ခင်မင်လာခဲ့ကြောင်း၊” မင်း စိတ်ဝင်စားမယ် ဖတ်ကြည့်” ဆိုကာ Sex Appeal and Colors  စာအုပ်ပေးလိုက်ကြောင်း၊ ပြင်သစ်သို့ မပို့နိုင်သေးခင် အထူးအခွင့်ရေးအနေနဲ့ ဧည့်သည်တော်များအတွက် Villa de Paris က အခန်းသုံးခွင့်ရမည်ဖြစ်ကြောင်းပြောရင်း ပင်လယ် ကမ်းခြေက  အေဂျင်စီပိုင်တိုက်ကြီးရဲ့ အခန်းတွေထဲ ဇိမ်ခံနိုင်ပုံရှင်းကာ

“ဆုနိစာ ကိုယ့်ဆီဖုန်းဆက်မှာလား”

“မေးနေရသေးလားရှင်၊ မဆက်ဘဲမနေနိုင်အောင် ဝေက လုပ်ထားပြီးတော့”

“ ဆက်ရန်ရှိသေးသည်ပေါ့”

“ ဟုတ်၊ ဖုန်းလည်းဆက် ဇာတ်လမ်းလည်း”

ဘန်ကောက်မြို့တွင်းဝင်လာပြီမို့ စကားဆုံးမပြောနိုင်၊  အနမ်းတွေ ဝေေ၀လှိုင်လှိုင်။ ကားရပ်တော့  ခရီးသည်တွေ ဆင်းကြ ကိုယ့်လမ်းကိုယ်သွားကြ၊ ကလေးမလေးကိုလည်း လာကြိုသူဖခင်လက်အပ် စသဖြင့် ဖြစ်ရိုးဖြစ်စဉ်မို့ မထူးဆန်း။ သို့သော် ဘတ်စ်ကားကြီးလို စက်သတ်မရနိုင်သေးသော ကံနတ်သမီးက ပူပူနွေးနွေး ချစ်စုံတွဲ၏အတွေးအား Villa de Paris က အခန်းဆီပို့လိုက်ပြန်သမို့ နေ့လည်အိပ်မက်ပမာသာ ပြောနိုင်ရှာပုံက …

“ ဂိတ်ဆုံးပြီ”

“ ဇာတ်လမ်းစကြပါစို့”

မောင်အောင်မွန်
၂၀၁၅ ခု၊ မေလ ၁၆ ရက်နေ့
ဗာဂျီးနီးယားပြည်နယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts