အောင်ဒင် – တို့နှစ်ယောက်
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၅
(ချစ်သူနှင့် အတူနေထိုင်ဖြတ်သန်းခြင်း တစ်နှစ်ပြည့်အမှတ်တရ)
(၁)
တို့နှစ်ယောက်
ဘဝမှာ မီးလောင်ပေါက်တွေကိုယ်စီနဲ့
ပြန်ဆုံတွေ့ခဲ့ကြတယ်…။
(၂)
တို့နှစ်ယောက်
တစ်ယောက်နဲ့ တစ်ယောက် ပျောက်ဆုံးခဲ့ကြတဲ့ နှစ်ကာလများ
အဝေးပြေးလမ်းမကြီး တစ်ခုလို ရှည်လျား
စွန့်စားခန်းအပြည့်နဲ့ ဘဝမိုင်တိုင်တွေမှာ
ကိုယ့်ခရီးနဲ့ကိုယ် ယိမ်းယိုင်တိမ်းမှောက်ခဲ့ကြ…။
အချစ်ဆိုတဲ့
သစ်ပင်ကိုရှာရင်း
မာယာတောအုပ်ကြီးအတွင်းမှာ လမ်းပျောက်
အိပ်မက်တွေ မှောက်ကျခဲ့ရ…။
မပြိုင်ပဲနဲ့ ရှုံးနိမ့်ခဲ့ရခြင်းတွေ
မလိုချင်ပဲ လက်ခံခဲ့ရခြင်းတွေ
မနိုင်၍ သီးခံခဲ့ရခြင်းတွေ
မဖြစ်နိုင်လို့ နောက်ဆုတ်ခဲ့ရတာတွေ
မပိုင်ဆိုင်ပဲ ကြေကွဲခဲ့ရတာတွေ
မငိုချင်ပဲ ပြိုလဲခဲ့ရတာတွေ
မတော်တဆ ဒဏ်ရာရခဲ့တာတွေ
မတတ်သာလို့ ခွဲခွါခဲ့ရတာတွေ
ပင်လယ်ထဲ…သဘောင်္မှောက်ခဲ့တာတွေ…။
(၃)
တို့နှစ်ယောက်
တစ်ယောက်နဲ့ တစ်ယောက် ပြန်လည်တွေ့ဆုံကြတဲ့အခါ
ပြန်မရနိုင်တော့တဲ့ ဘဝရဲ့ အစိတ်အပိုင်းများအတွက်
ဘယ်သူ့ကိုမှ အပြစ်မတင်ကြ
ကိုယ်တိုင်မိုက်မဲလို့ ရရှိခဲ့တာတွေ
ကိုယ်တိုင်ဖန်တီးလို့ ဖြစ်ပျက်ခဲ့တာတွေ
ကိုယ်တိုင်ကျေနပ်လို့ ဖြတ်သန်းခဲ့တာတွေ
ကိုယ့်တရားနဲ့ကိုယ်ဖြေတတ်ကြ…။
တို့နှစ်ယောက်
တစ်ယောက်နဲ့ တစ်ယောက် ပြန်ရှာတွေ့ကြပြီးတဲ့နောက်
ကျန်ရှိနေသေးတဲ့ နှစ်အနည်းငယ်
ငါတို့ မြတ်နိုးကြမယ်ကွယ်…။
တစ်ယောက်ရဲ့ အသက်ရှုသံကို တစ်ယောက်ကကြားနေနိုင်သ၍
တစ်ယောက်ရဲ့အနားမှာ တစ်ယောက်ကရှိနေနိုင်သ၍
တစ်ယောက်ရဲ့ မျက်ရည်ကို တစ်ယောက်က သိမ်းဆီးပေးနိုင်သ၍
တစ်ယောက်နဲ့ နှလုံးသားကို တစ်ယောက်က နားလည်နေသ၍
နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းဟာ
မခန်းနား၊ မဆန်းပြား၊
ဒါပေမည့်…တန်ဘိုးကြီးမားလှပါတယ်…။
တို့နှစ်ယောက်ပေါင်းပြီး
အားကောင်းတဲ့ မြစ်တစ်စင်းလို
ပင်လယ်ဆီ ဆက်လက်စီးဆင်းကြမယ်…။
တစ်ယောက်ရဲ့ အရိပ်မှာ တစ်ယောက်က ခိုလှုံလို့
တစ်ယောက်ရဲ့ နာကျင်မှုကို တစ်ယောက်က နှစ်သိမ့်လို့
တစ်ယောက်ရဲ့ ကြင်နာမှုကို တစ်ယောက်က ကြည်နူးလို့
တစ်ယောက်ကို တစ်ယောက် အပြန်အလှန်လိုအပ်လို့
တစ်ယောက်က မျက်ရည်နဲ့ ကဗျာစပ်ပြီး
တစ်ယောက်က မေတ္တာနဲ့ ရွတ်ဖတ်လို့
အချစ်ဆုံး သားကလေးကို နှစ်ယောက်အတူ…စပြီး
သားလေးစိတ်ကောက်တဲ့အခါ နှစ်ယောက်အတူ…ချော့လို့
တို့နှစ်ယောက်
နောက်တစ်ကြိမ် ထာဝရ
ပျောက်ဆုံးမသွားကြခင်အထိပေါ့ကွယ်…။
(ဇွန်လ ၁၆ ရက်၊ ၂၀၁၅)